တနေ့ တနေ့နဲ့
ဒီနေ့ကို ရောက်ခဲ့ရပြန်ပေါ့
အရင့်အရင် နှစ်တွေကလိုပဲ
မိုးစက်တွေဟာ
ဖြည်းဖြည်း ဖြည်းဖြည်းနဲ့
ကြွေနေကြတယ် သမီး။
သမီးရဲ့အမေကတော့
အစိမ်းမှာ အဖြူလေးတွေ ကွပ်ထားတဲ့
ဂါဝန်လေးကိုပဲ အသာအယာပိုက်ရင်း
ပင့်သက်တွေ ချနေလေရဲ့။
ဒီအချိန်ဆိုရင် ထပြီ
မျက်နှာသစ်ပြီ
ရေချိုးပြီ
အော်...
ကြာခဲ့ပေမယ့်လည်း
အဖေတို့အတွက် လန်းဆန်းနေဆဲပါ
သမီးရဲ့ ဓာတ်ပုံရှေ့
ပန်းအိုးထဲက
စံပယ်ပွင့် သေးသေးလေးတွေလိုပေါ့။
ကာတွန်းစာအုပ်လေးတွေကလည်း
သမီးကို ဖတ်ပြလို့ဆိုပြီး
ငြိမ်နေအောင် နားထောင်တတ်တဲ့သမီးကို
သတိရနေမှာပါ။
တဖက်ထဲ ပြန်ရတဲ့
ဂေါက်ဂေါက်ဖိနပ်လေးက
အဖေတို့
မမြင်လိုက်ရတဲ့အကြောင်းတွေ
ပြန်ပြောပြတဲ့အခါတိုင်း။
သမီးလေးရယ်...
တကယ်ကတော့
မိုးကောင်းကင်ကြီးတောင်မှ
ငိုလို့ မ၀သေးပါဘူးကွယ်။ ။
No comments:
Post a Comment