မည်သူ့ကိုမှ ကျနော် အပြစ်မတင်။ လူကြီးတွေက လူငယ်များကို နားလည်မှုမပေးနိုင်သော ခေတ်နှောင်းပိုင်းထဲမှ နောက်ဆုံးလူသားနှစ်ဦးဟု ကျနော်နှင့် သူမ အမည်ကို ရေးသွင်းလိုက်မိတော့၏။
မျက်ရည်တစ
သည်လမ်းမမှာ
ကြွေကျ ကျန်ရစ်
သစ်ပင်ဖြစ်နေ …
ကျနော့်ဘဝထဲ၌ အဆုံးမသတ်နိုင်သော ကဗျာပေါင်းများစွာ ရှိသည်။ ထိုအထဲ အထက်ပါ ကဗျာတပိုဒ်လည်း အပါအဝင်…။
ပြောရဦးမည်။
ကဗျာကိုသာ အဆုံးမသတ်နိုင်သည် မဟုတ်။ ကဗျာနှင့် ပတ်သက်သော ကျနော့်ဇာတ်လမ်းကလည်း မလှမပနှင့် နိဋ္ဌိတံခဲ့ရပေသည်။
ရိုးမတောင်ခြေ ကျေးလတ်၊ မြေနီလမ်းနှင့် ကျနော်၏ အချစ်ဦးရက်စွဲများ …။
လက်ရှိကာလမှ လွန်ခဲ့သည့် ၁၅ နှစ်ကျော်ကို လှမ်းမျှော်ကြည့်လျှင် ရင့်အိုနေပြီဖြစ်သောအတိတ်ဟု ဆိုရပေတော့မည်။ သို့ပေမင့် ထိုအတိတ်ထဲသို့ ပြန်လည်ဝင်ရောက်မိသောအခါ အရာရာတိုင်းက စိမ်းမြနေပြန်၏။
ထိုစဉ်က …
ရိုးမတောင်ကျေးလက်နှင့် မလိုက်ဖက်သောအိပ်မက်တွေ ကျနော့်ရင်ထဲတွင် မဆန့်မပြဲ ရှိနေသည်။
သူမကတော့ …
ကျေးလက်ဖန်ပေါင်းချောင်ထဲတွင် ကျနော့်ကို မွေးမြူထားချင်သည့်သဘော။ သို့မဟုတ်လျှင်လည်း သူမ မျှော်မှန်းထား သော အနာဂတ်စိတ်ကူးထဲတွင် ကျနော် အပါအဝင် မည်သည့်အရာကိုမှ အဆုံးရှုံးမခံနိုင်သည့်သဘော ဖြစ်လိမ့်မည်။
နောက်ဆုံးတော့ …
လူ့ကျင့်ဝတ်နှင့် ဘာသာတရားတို့ကလွဲလျှင် အခြားအရာတွေကို ထိမ်းသိမ်းမထားချင်သော ရှေးရိုးစွဲမဆန်သော ကျနော်နှင့်ဘဝကို သမရိုးကျတွက်ထားသော သူမတို့၏ လှပသော တွေ့ဆုံဆွေးနွေးပွဲက နားလည်မှုများဖြင့် အဆုံးသတ်လိုက်နိုင်သည်။
မှတ်မှတ်ရရ … ထိုနေ့က မိုးတွေ ရွာမနေပါ။
သို့ပေမင့် နှုတ်ဆက်စကားတွေ အပြန်အလှန်ပြောကြရင်း သူမ မျက်ဝန်းထဲက တိမ်ညိုညိုတွေ ပြိုကျလာသည်။ ကျနော့် ကျန်းမာရေး၊ အနေအထိုင်၊ လူမှုဆက်ဆံရေးနှင့် ကျနော်တို့၏ ခိုင်မြဲမှုသက်တမ်းကို စိမ်းလန်းနေအောင်ကြိုးစားဖို့ … စသည့် အမှာစကားတွေကိုချွေရင်း သူမ ပါးပြင်ပေါ်မှ မျက်ရည်စတွေသည် တဖျတ်ဖျတ် တောက်ပနေတော့၏။
မျက်ရည်တစက ပါးပြင်ပေါ်မှခုန်ချသွားသောအခါ နှစ်ဦးလုံး ပြိုင်တူငုံ့ကြည်မိသည်။ မော့ကြည့်ဖြစ်ကြတော့လည်း ပြိုင်တူ။ ကျနော်ကတော့ ‘မငိုဖူးသေးတဲ့ မျက်လုံးများဟာ ဘယ်နည်းနဲ့မှ လုံးဝမလှနိုင်’ ဟူသော စကားပုံကို ရင်ခုန်နေမိပြန်သည်။ သလိုနှင့် ပြန်ဆုံကြရမည့်အချိန်တခုကိုတွေးရင်း နှစ်ဦးသား စကားတိတ်နေကြ၏။
တကယ်တော့ …
သူမ၏ မျက်ရည်များသည် ကျနော့် ဘဝအတွက် နောက်ဆုံးရွာသွန်းသော မိုးရည်စက်များဟု ထိုစဉ်က မသိခဲ့သလို သူမသည်လည်း မတွေးထင်ထားခဲ့။
စာပေအနုပညာ အိပ်မက်များဖြင့် အနာဂတ်ကို အလျားလိုက်ကူးခပ်ရသော ကျနော်၏မြို့ပြဖြစ်တည်မှုတွေက ကြမ်းလှသည်။ တဖန် လွတ်လပ်ပွင့်လင်းမှု တောင်းဆိုသံတေးသစ်က ၁၉၈၈ ခုနှစ်တွင် တနိုင်ငံလုံးအတိုင်းအတာနှင့် သမိုင်းစာမျက်နှာသစ်ကို ဆွဲဖွင့်ပစ်လိုက်သေး၏။
ထို့နောက် ယဉ်ကျေးမှုသစ်တွေနှင့် ထိတွေ့ပျော်ဝင်နေရာမှ ကျေးလက်သို့ ပြန်လာနိုင်ခဲ့ပေပြီ။ သမိုင်းဆိုင်ရာ အနာဂတ် တောင်းဆိုမှုလှိုင်းတွေက ကျနော့် ကျေးလက်သို့လည်း အထိုက်အလျောက် ရိုက်ခတ်ခဲ့ပြီမို့ အရာရာပြောင်းလဲနေ၏။
ထို အရာရာထဲတွင် သူမလည်း ပါဝင်သွားခဲ့ပေပြီ။
“အဖေ့ကို မလွန်ဆန်ရဲဘူး … ” ဆိုသော စကားလုံးသည်သာ ကျနော့်အတွက် သူမ၏ နောက်ဆုံးလက်ဆောင်ဖြစ်ပြီး ယခုတော့ ဟောင်းမြင်းလှသည့် ကျေးလက်စာအုပ်ထဲတွင် သေဆုံးသွားလောက်ပေပြီ။ မည်သူ့ကိုမှ ကျနော် အပြစ်မတင်။ လူကြီးတွေက လူငယ်များကို နားလည်မှုမပေးနိုင်သော ခေတ်နှောင်းပိုင်းထဲမှ နောက်ဆုံးလူသားနှစ်ဦးဟု ကျနော်နှင့် သူမ အမည်ကို ရေးသွင်းလိုက်မိတော့၏။
ကျေးလက်မှ ပြန်လည် မထွက်ခွာမီ တရက်။
လေးတွဲ့ရွေ့လျားနေသော တိမ်တွေနောက် တကောက်ကောက်လိုက်ရင်း သူမနှင့် နောက်ဆုံးဆုံတွေ့ခဲ့ရာ မြေနီလမ်းမပေါ် ပြန်ရောက်ခဲ့မိသည်။
ယခုတော့ … မြေနီလမ်း မဟုတ်တော့။ ဂဝံကျောက်တို့ ထူထပ်သော လမ်းမ ဖြစ်နေပြီ။ ထို့အတူ သူမပါးပြင်ပေါ်မှ မျက်ရည်တစ ခုန်ချခဲ့ရာနေရာတွင်လည်း သစ်ပင်တပင် ပေါက်နေပေ၏။
မျက်ရည်တစ
သည်လမ်းမမှာ
ကြွေကျ ကျန်ရစ်
သစ်ပင်ဖြစ်နေ ...
အော် … ခုထိ ကျနော် အဆုံးမသတ်နိုင်သေးသော ကဗျာတပိုဒ်က သူ့ဘာသာသူ ကာရန်နှင့် စကားလုံးတွေ လိုက်ရှာနေပြီလား မသိ။ ။
ရေစီးသံ ဂျာနယ် (ဇွန်လ ၁၆ ရက်၊ ၂ဝဝ၂ ခုနှစ်)
No comments:
Post a Comment