Saturday, January 31, 2009

အန်အယ်လ်ဒီ ‘လူထုတိုက်ပွဲ’ ခေါ်ပြီ


“ကျနော်တို့အနေနဲ့ကတော့ နိုင်ငံရေးမှာ အလွန်ကို ကျဉ်းမြောင်းကြပ်တည်းပြီးတော့ ဘယ်လိုမှ လှုပ်လို့မရ ရှားလို့မရအောင်ဖြစ်နေတဲ့ အနေအထားမှာ ဆိုက်ရောက်နေပါတယ်။ ဒါကြောင့်လည်း အမှန်အတိုင်းပြောရရင် ကျနော်တို့ လူထုဆီကို တနည်းတဖုံ ပြန်ပြီးတော့ ချည်းကပ်ရခြင်းဖြစ်ပါတယ်”

ဦးဝင်းတင်


ဇန်နဝါရီ ၃၁ ရက် ၂၀၀၉ ခုနှစ်


အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးရေးကို တိုင်းသူပြည်သားတွေအားလုံးက ဝိုင်းဝန်းထောက်ခံကြဖို့ နိုးဆော်တိုက်တွန်းလိုက်ပါတယ်။


အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းခေါင်းဆောင်တွေအပြင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို အန်အယ်လ်ဒီဘက်က တစိုက်မတ်မတ် တောင်းဆိုလာခဲ့တာဖြစ်ပေမယ့် လူထုပါ ပါဝင်တောင်းဆိုကြဖို့ တိုက်တွန်းတာကတော့ အခုတကြိမ်ဟာ ပထမဦးဆုံးပါ။


ဒီတော့ဘာကြောင့် အခုအချိန်မှာ လူထုပါဝင်လာသင့်ပြီလို့ အန်အယ်လ်ဒီဘက်က ယူဆတာပါလဲ။ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က အခုလိုပြောပါတယ်။


“လူထုပါဝင်ဖို့ လိုပြီထင်တဲ့အကြောင်းက အရင်တုန်းက ကမ္ဘာကိုလည်း ကျနော်တို့လှမ်းပြီးတော့ တိုက်တွန်းနေတယ်။ စစ်အစိုးကို လွှတ်ပေးဖို့ တောင်းဆိုပေးပါလို့ ကျနော်တို့ ပြောခဲ့တယ်ပေါ့ဗျာ။ ကမ္ဘာမှာလည်း ဗမာပါနေတာပဲဆိုပြီးတော့။ သို့သော် အခုထက်ထိလည်း ကမ္ဘာက ဘယ်လောက်ပြောပြောလည်း ဘာမှမပြောဘူးဆိုတဲ့အခါကျတော့ မြန်မာလူထုကလည်း အရင်တုန်းကထက်စာလို့ရှိရင် အကျဉ်းသားတွေလွတ်မြောက်ရေးကို တောင်းဆိုဖို့ အနေအထားတွေ ပိုပြီးတော့ရှိလာတယ်လို့ ကျနော်တို့က ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုဟာက ဖမ်းတာဆီးတာ ချုပ်တာနှောင်တာကဗျာ၊ အန်အယ်လ်ဒီ ခေါင်းဆောင်လို ဘာလို ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေတင်မကတော့ဘဲနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း ဖမ်းဆီး ချုပ်နှောင်လာ၊ ကျောင်းသား လူငယ်ခေါင်းဆောင်တွေ ရော သံဃာတော်တွေလည်း ဖမ်းဆီးချုပ်နှောင်လာ၊ ၈၈ မျိုးဆက် လူငယ်ကျောင်းသား ခေါင်းဆောင်တွေရော စသည့် လူပေါင်းများစွာ ကို ဖမ်းဆီးလာတဲ့အခါကျတော့ တိုင်းပြည်က ဒီအဖမ်းအဆီးတွေကို သိပ်ပြီးတော့ မလိုလားတဲ့သဘေားထားတွေ ပိုပြီးတော့ ဖြစ်ထွန်းလာတယ်လို့ ကျနော်တို့က ထင်တယ်။”


- အဲတော့ လူထုက ဘယ်လိုပုံစံနဲ့များ ပါဝင်လာကြရမှာပါလဲ။


“ပါတီတရပ်ကနေပြီးတော့ တိုက်တွန်းရုံပဲရှိတယ်၊ ဘယ်ပုံစံလုပ်ပါ။ ဘယ်နည်းလုပ်ပါဆိုတာတွေကတော့ လူထုက ကျနော်တို့က ဒါ သွားပြီးတော့ ညွှန်ကြားနေစရာ မလိုအပ်ဘူးလို့ ယူဆပါတယ်။ အဲတော့ လူထုအနေနဲ့ကတော့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ဒီအကျဉ်းသားတွေ လွှတ်ပေးဖို့တော့ သင့်တော်ပြီ၊ ဒီလိုအချိန်အခါမျိုးတော့ ရောက်နေပြီဆိုပြီးတော့ တိုက်တွန်းပြောဆိုဆွေးနွေးတဲ့ အနေအထားမျိုးကနေပြီးတော့ ဟိုး အမြင့်ဆုံးပေါ့ဗျာ အစိုးရကို တိုက်တွန်းတဲ့ပုံစံမျိုး သဘောထားဆန္ဒများကို ဖော်ထုတ်တဲ့ပုံစံမျိုး အထိပေါ့၊ လူထုအနေနဲ့ ဒီကိစ္စကို ပါဝင်ထောက်ခံလာရင် ကျနော်တို့ အကောင်းဆုံးဖြစ်မယ်လို့ထင်တဲ့အတွက် ဒီဟာကိုလုပ်ခြင်း ဖြစ်ပါတယ်။”


- လူထုဘက်က အကျဉ်းသားတွေလွှတ်ပေးရေးနဲ့ပတ်သက်ပြီးတော့ ထိထိရောက်ရောက် တောင်းဆိုတိုက်တွန်းလာနိုင်အောင်လို့ အန်အယ်လ်ဒီပါတီဘက်ကရော ဘယ်လိုများလုပ်ဆောင်မှာပါလဲ။


“ယခုအချိန်ထိကတော့ ကျနော်တို့က ပန်ကြားရုံပဲခင်ဗျ၊ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံရေးမှာ အလွန်ကို ကျဉ်းမြောင်း ကြပ်တည်းပြီးတော့ ဘယ်လိုမှ လှုပ်လို့မရ ရှားလို့မရအောင်ဖြစ်နေတဲ့ အနေအထားမှာ ဆိုက်ရောက်နေပါတယ်။ ဒါကြောင့်လည်း အမှန်အတိုင်းပြောရရင် ကျနော်တို့ လူထုဆီကို တနည်းတဖုံ ပြန်ပြီးတော့ ချည်းကပ်ရခြင်းဖြစ်ပါတယ်”


- အန်အယ်လ်ဒီလို နိုင်ငံရေးပါတီအတွက်တောင်မှ လှုပ်လို့မရ ရှားလို့မရ ဖြစ်နေတယ်ဆိုရင် သာမန်ပြည်သူတွေအနေနဲ့ အန်အယ်လ်ဒီတိုက်တွန်းသလို ထုတ်ဖော်တောင်းဆိုဖို့ကရော လွယ်ကူပါ့မလား။ ဦးဝင်းတင်ကပဲ အခုလို ဆက်ပြောပါတယ်။


“ကျနော်တို့ပြောနေကြစကား ရှိပါတယ်။ ဗမာပြည်ကြီးက ဒီနေ့ ထောင်ကျနေတာ ခင်ဗျ၊ ထောင်ကျနေတဲ့အခါ ထောင်ထဲမှာနေနေရတဲ့ ထောင်သားတွေလိုပဲ သူတို့လည်း အကျပ်အတည်းတွေ အများကြီးရှိမှာပဲ၊ သို့သော် ဘာပဲပြောပြော ကျနော်တို့နဲ့ ပြည်သူနဲ့ဟာ နည်းနည်းတော့ ကွာတယ်ခင်ဗျာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ဟာ၊ ကျနော်တို့ခေါင်းဆောင်နဲ့ ကျနော်တို့အဖွဲ့အစည်းတွေဟာ တသားတည်း တထပ်တည်း တသဘောတည်း ဖြစ်နေတယ်ခင်ဗျ၊ ကျနော်တို့လည်း အကျယ်ချုပ်ကျနေတယ် ခင်ဗျာ။ ပြည်သူကတော့ ထောင်ကျနေတာ မှန်သော်ငြားလည်း ရိုးရိုးအကျဉ်းသားလို လှုပ်ရှားသွားလာ ပြောဆိုဆက်ဆံ ဆွေးနွေးနိုင်တဲ့အခါကျတော့ ကျနော်တို့ထက်တော့ ခြေနည်းနည်း ပိုကျယ်လာတယ်၊ ကျနော်တို့ထက် နည်းနည်းလေးပိုပြီးတော့ လွတ်လပ်ပါတယ်၊ အသံထွက် လွယ်ပါတယ်၊ ထောင်ပုံစံနဲ့ပဲ ကျနော်ပြောရရင်တော့ အန်အယ်လ်ဒီတင် မဟုတ်ပါဘူး၊ အခြားနိုင်ငံရေးအဖွဲ့အစည်းများလည်း ဘာပြောလို့ရလည်းခင်ဗျ ဘာမှပြောလို့မရဘူး။ ဘာမှ လှုပ်ရှားလို့မရဘူး။ အခြားခြားသော နိုင်ငံရေးပါတီအဖွဲ့အစည်းများဟာ တိုက်ထဲမှာနေရသလို အကျဉ်းကျနေပါတယ်။ ဒါထက်ပိုဆိုးတဲ့ တချို့သောအဖွဲ့အစည်းများဆိုလို့ရှိရင် အလုံတိုက်လို နေရာမျိုး ရောက်ပါတယ်။ ကျနော်တို့ အန်အယ်လ်ဒီလို အဖွဲ့အစည်းမျိုးကတော့ ဘယ်လောက်တောင်ဖြစ်နေလဲဆိုတော့ ထောင်ထဲက စစ်ခွေးတိုက်လိုနေရာမျိုးမှာ ရောက်နေတဲ့အဖွဲ့အစည်းလိုမျိုး ဖြစ်နေပါတယ်။ သူတို့ပြောနိုင်တဲ့အနေအထားကတော့ ကျနော်တို့ထက် နည်းနည်းလေးတောင်မှ ပိုမယ်လို့ထင်တယ်ပေါ့ဗျာ၊ အဲလိုနဲ့ အားကိုးတကြီး ပြည်သူကိုပန်ကြားခြင်းဖြစ်ပါတယ်။”


အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ပါ။ ။


ဘီဘီစီ တပတ်အတွင်း မြန်မာ့သတင်း မှ ကောက်နုတ် ကူးယူဖော်ပြပါတယ်။ (ဓာတ်ပုံ - ရိုက်တာ)


အန်အယ်လ်ဒီ ပြောခွင့်ရသူနှင့် ဆက်သွယ်မေးမြန်းချက်

အန်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း (ဓာတ်ပုံ - အေပီ)

ဘီဘီစီ၊ ဇန်နဝါရီ ၃၁ ရက် ၂၀၀၉ ခုနှစ်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီဟာ ၇ ကြိမ်မြောက် ခရီးစဉ်အဖြစ် ဒီကနေ့မနက်ကပဲ ရန်ကုန်မြို့ကို ရောက်ရှိလာပါပြီ။ ဒီကနေ့ နေ့လည်ပိုင်းမှာ မစ္စတာ ဂမ်ဘာရီဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့မှာအခြေစိုက်တဲ့ ကုလသမဂ္ဂတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။


ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂအရာရှိတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ခရီးစဉ်အကြောင်းအသေးစိတ်ကို လောလောဆယ် ထုတ်ဖော်မပြောနိုင်သေးဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။


အများစိတ်ဝင်စားနေတာက မစ္စတာ ဂမ်ဘာရီအနေနဲ့ အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မလားဆိုတာပါပဲ။ လောလောဆယ်မှာ မစ္စတာ ဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့မှာ တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေထွက်နေတာမို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို မေးကြည့်ခဲ့ပါတယ်။


“ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းကောင်း၊ ကျနော်တို့ စီအီးစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ လည်းကောင်း တွေ့မယ်လို့ တွေ့ချင်တယ်လို့ ဆန္ဒရှိတယ်ဆိုတဲ့အကြောင်း အကြောင်းကြားထားတယ်။ အဲတော့ ကျနော်တို့ဘက်မှာလည်း စီအီးစီ အနေနဲ့တော့ တွေ့ပါ့မယ်၊ တွေ့ဖို့လည်း သူတို့ အစည်းအဝေးတွေ ထိုင်ထားပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင်တော့ ကျနော်တို့ တိတိကျကျတော့ ဘာမှမသိဘူး။ သို့သော် ကျနော်တို့က လက်ခံတွေ့ဆုံလိမ့်မယ်လို့တော့ ကျနော်တို့မျှော်လင့်မိတယ်။”


အန်အယ်ဒီ စီအီးစီ ဗဟိုကော်မတီအဖွဲ့နဲ့ တွေ့ဖို့စီစဉ်ထားတယ်ဆိုတော့ အဲဒီလို တွေ့ဆုံဆွေးနွေးတဲ့အခါ အန်အယ်ဒီအဖွဲ့ဘက်က ဘာတွေ အရေးတကြီးတင်ပြဖို့ရှိပါသလဲဆိုတော့ ဦးဉာဏ်ဝင်းက အခုလိုပြန်ဖြေခဲ့ပါတယ်။


“အရေးအကြီးဆုံးကတော့ မြန်မာ့နိုင်ငံရေးမှာ မလွဲမသွေပါဝင်ရမယ့်၊ ပြည်သူလူထုအများယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်။ လွှတ်ပေးဖို့ကိစ္စရယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကိစ္စရယ်။ ဒါဟာ ကုလသမဂ္ဂရဲ့ ပထမ Priority (ဦးစားပေးကိစ္စ) လည်းဖြစ်ပါတယ်။ ကျနော်တို့ကလည်း ဒီဟာကို အထူးအလေးပေးပြီးတော့ ဆွေးနွေးမှာပါ။”


ဒီကိစ္စတွေကို အဓိကအလေးပေးဆွေးနွေးမယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသွားပေမယ့် မစ္စတာ ဂမ်ဘာရီအနေနဲ့ ဒီတခေါက်မှာရော ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာရေး ဖိအားပေးပြောနိုင်ဖို့ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရမလားဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။


သံတမန်တွေရဲ့အပြောအရ မစ္စတာ ဂမ်ဘာရီရဲ့ ဒီတခေါက်ခရီးစဉ်မှာ အဓိက တာဝန်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီးမွန်း မကြာမီလပိုင်းအတွင်း မြန်မာနိုင်ငံကိုလာဖို့ကိစ္စနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေ လာလုပ်တာလို့လည်း ပြောနေကြပါတယ်။


သေချာတာကတော့ မစ္စတာ ဂမ်ဘာရီဟာ ဒီခရီးစဉ်ကရလဒ်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပြန်အစီရင်ခံမယ်လို့ သိရပါတယ်။ အဲဒီကတဆင့် လိုအပ်ရင် မြန်မာ့အရေးကူညီဖြေရှင်းပေးနိုင်တဲ့ အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အင်ဒိုနီးရှား၊ စင်္ကာပူ စတဲ့နိုင်ငံတွေဆီလည်း အာစီယံအစည်းအဝေးမတိုင်ခင် မစ္စတာဂမ်ဘာရီ လှည့်လည်ဆွေးနွေးဖို့ရှိတယ်လို့ သတင်းတချို့က ဆိုပါတယ်။


ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြောင်းလဲရေးအတွက် ကုလသမဂ္ဂရဲ့ ၂၀၀၉ ခုနှစ်အတွင်း ကြိုးပမ်းမှု အသစ်လို့ မြင်တွေ့ရပေမယ့် အကဲခတ်တွေကတော့ မစ္စတာ ဂမ်ဘာရီရဲ့ အရင်ခရီးစဉ်တွေကို အခြေခံပြီး ဒီခရီးစဉ်ကရော အောင်မြင်မှု ဘယ်လောက်ရမလဲဆိုတာကို သံသယနဲ့ စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။ ။


ဂမ်ဘာရီ မြန်မာပြည်သို့ ရောက်ရှိ

မစ္စတာ အီဗရာဟင် ဂမ်ဘာရီ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဘီဘီစီ၊ ဇန်နဝါရီ ၃၁ ရက် ၂၀၀၉ ခုနှစ်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို ဒီကနေ့ ဆိုက်ရောက်လာပါတယ်။


သူဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေရရှိအောင် နောက်တကြိမ် ထပ်မံကြိုးစားမှာဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီဟာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ်လို့ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မလုပ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။


ပြီးခဲ့တဲ့ ၆ လက မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို နောက်ဆုံးရောက်လာတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သူနဲ့ တွေ့ဆုံဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ မစ္စတာ ဂမ်ဘာရီရဲ့ ကြားဝင်ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ် အားရကျေနပ်မှုမရှိဖြစ်နေတယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ။


Friday, January 30, 2009

မျှော်လင့်ခြင်း၏ တည်နေရာ

မျှော်လင့်ခြင်း၏ တည်နေရာ


(၁)


ဘာပြုလို့များ

၂ဝဝ၃ ပန်းပွင့်များ

ရနံ့ထည့်မထားတာပါလိမ့် …။


ဟုတ်ပ

ချုပ်ညတွေမှာ

ဒုက္ခတွေနဲ့

ဥတ္တလေတိုက်ဆဲ …။


သစ်ရွက်တွေကလည်း

နှင်းစက်တွေနဲ့

ဆောင်းရက်ရှည်ချင်တာ

ဘာသဘောလဲ …။


ကြာပြီ

ယာယီမိုးတိမ်

မာယာအိမ်ဖွဲ့

မငြိမ်မသက်ရင့်မှည့်ဆဲ …။


(၂)


ငါများစွာနဲ့

ဓား မပါတဲ့

အစွမ်းမဲ့ ဓားအိမ်ပမာ …။


ပန်းပဲဖိုထဲက

မီးနာလှတဲ့

သံမယ်နလို

ခံနေရတဲ့ဘဝများ

သံမဏိသားကျခဲ့ပြီ …။


ဇာတ်ခုံပေါ်က

နာရီတလုံး

အချိန်ဖြုန်းနေတုန်းပါလား

မုန်းစရာကောင်းလိုက်တာ …။


စိတ်သစ်လူသစ်

၁၅ နှစ်ဆိုရင်

ကွန်ပစ်တာတောင်

သူဌေးဖြစ်နိုင်တယ် …။


(၃)


တခါတုန်းက

ပြုံးနေတဲ့ ဆိုင်းဘုတ်များကို

ဖြိုချသွားတဲ့လေဟာ

ဝင်းပတဲ့လေ …။


ဟောဟိုနားက

လောကကမ်းပါး

ပြိုကျသွားသံ

လှပတဲ့ အသံဟာ

ဗော်လဂါရဲ့အသံ …။


အာဏာရှင်တွေကို

ရာဇပလ္လင်က

ဆွဲချတဲ့နှစ်

၉၁ ရဲ့အသံ

ပိုလန် …

ဟန်ဂေရီ …

ရိုမေးနီးယား …

ချက် …

ဘာလင် … စတဲ့

နိုင်ငံတကာရဲ့ ပဲ့တင်သံ …။


ရာဇဝင်မှန်ကူကွက်

တလက်လက်နဲ့

တိုးတက်ပွားစည်

ဧရာဝတီ ဘယ်လဲ …။


(၄)


နှစ်ကူးတဲ့ည

သဇင်မြဆဲ

နှင်းခဆဲ …။


ဆောင်းခိုငှက်လည်း

တောင်ပံဝှက်ဆဲ

အိပ်မက်ဆဲ …။


ရိုးပြတ်တောလည်း

အမောဖောက်ဆဲ

တောက်ခေါက်ဆဲ …။


တရားဝေးသူ

စကားလွေးဆဲ

ဓားသွေးဆဲ …။


(၅)


ဇန်နဝါရီ ငါ့ကိုပြန်ပေး

မာထန်လေးနက်

ချိုးငှက်ပြန်စေ …။


နေ့ဟောင်းကို နှုတ်ဆက်

နေ့သစ်ကို ကြိုဆို

အရုဏ်ကို လက်ကမ်း

နိုးထပွင့်လမ်းပါစေ …။


အနာဂတ်မှာ

လွတ်လပ်စွာရင်ခုန်ခွင့်

စိမ်းလန်းခွင့်

ပန်းတိုင်းပွင့်ပါစေ …။


ငါ့ ၂ဝဝ၄ အရောက်

မိုးမြန်မြန်သောက်ပါစေ

သာယာထွန်းတောက်နိုင်ပါစေ … ။


(၂၉-၁၁-ဝ၃) ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သော စာပေပွဲသဘင်တွင် ဖြန့်ချိသည့်

ပြည်တွင်းမှ ကဗျာဆရာတဦး၏ ကဗျာဖြစ်ပါသည်။




Thursday, January 29, 2009

စစ်အတွင်းနှင့် စစ်ပြီးခေတ် မြန်မာအမျိုးသမီးများ


“ကျုပ်တို့ကတော့ ဝေဿန္တရာမင်းကြီးထုံးအတိုင်းပဲ။ အိမ်က မယ်မဒ္ဒီ လုပ်ကျွေးတာ စားနေတယ်ဗျို့”


စစ်အတွင်း မြန်မာအမျိုးသမီးများ


ဒုတိယကမ္ဘာစစ်ကြီးဖြစ်လိုက်သောအခါ မြန်မာပြည်၏လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေနှင့်တကွ အတွေးအခေါ်များမှာ ဖြိုခွဲပစ်လိုက်သလို ပျက်စီးပြောင်းလဲသွားခဲ့သည်။ အခြေအနေမှာ နာရီပိုင်းတွင်း တမျိုး၊ တမျိုးဖြစ်နေသည်။ မျက်လှည့်ပြသည့်ပမာ မြန်လှသည်။


မျက်စိအောက်မှာပင် ဘယ်တော့မှပျက်စီးမည်ဟု မထင်ရသော ဗြိတိသျှအင်ပါယာကြီး ပြိုကွဲသွားသည်။ မြန်မာပြည်ကို ဗြိတိသျှတို့ စွန့်ပြေးပြီး ဖက်ဆစ်ဂျပန်တို့ဝင်ရောက်လာသည်။ ဂျပန်နှင့်ဗြိတိသျှတို့ ဗုံး၊ အမြောက်တွေနှင့် စစ်တိုက်ကြသည့် စပ်ကြားတွင် မြန်မာပြည် မြေဇာပင် ဖြစ်ခဲ့ရသည်။


နိုင်ငံရေးအရ လွတ်လပ်ရေးအတွက် လှုပ်ရှားမှုအင်အား ပိုမိုပြင်းထန်လာသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်၊ အိုး အိမ်ကိုပါ စွန့်မည်ဟူသော စိတ်ဓာတ်တွေ ရင့်သန်ခဲ့ကြသည်။


စီးပွားရေး၊ လူမှုရေးမှာလည်း ပြောင်းလဲမှုကြီးမားလာသည်။ တကြိမ်တခါက အစိုးရအမှုထမ်းအရာရှိ (သို့မဟုတ်) အခြားလခစား အမှုထမ်းတို့ကို စိတ်ချရသည့် အလုပ်အကိုင်လက်ရှိလူတွေဟု အထင်ကြီးခဲ့ကြသည်။ ကုန်သည်၊ ဈေးသည်အလုပ်ဆိုလျှင် ပိုက်ဆံကြေးငွေဘယ်လောက်ပင်ရရ ဂုဏ်မရှိဟု ထင်တတ်ကြ၏။


စစ်ကြီးဖြစ်လာသော် လခစားလူတန်းစားကြီးငယ်မဟူ မျက်စိသူငယ်နှင့် ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြသည်။ အစိုးရအပြောင်းအလဲ စပ်ကူးမတ်ကူးကာလတွင် အားငယ်ကြရသည်။


အခြေအနေအရ အစိုးရအဖွဲ့၊ စစ်အုပ်ချုပ်ရေးအဖွဲ့ တည်ထောင်လိုက်သောအခါ လခစားလုပ်သူ ကြီးငယ်မရွေး လျှောက်လွှာကလေး ကိုယ်စီနှင့် ရုံးတကာလိုက် သတင်းမေးကြရသည်။ ရှုပ်ထွေးနေသည့် အခြေအနေကြားထဲတွင် အလုပ်ကလည်းရဖို့ မလွယ်ကူချေ။


အချိန်တွေ၊ ရက်တွေညောင်းလာသလောက် လက်ထဲ ရှိစုမဲ့စုကလေးများကလည်း ပြေးရလွှားရ၊ ပျောက်ရှဆုံးပါးတာကတမျိုး လုံးပါး ပါးလာကြရသည်။


ထိုအချိန်တွင် ကျောင်းပညာ အနည်းအကျဉ်းမျှသာရှိသောသူတို့သည် အရောင်းအဝယ်နှင့် စီးပွားဖြစ်နေကြသည်။ မြန်မာအမျိုးသမီးများ သည် ရှေးအစဉ်အလာအတိုင်း ရောင်းတတ်၊ ဝယ်တတ်သည့် ပညာမျိုးစေ့များ ရှင်သန်လာကြတော့သည်။ အစက မလုပ်ဖူးစေကာမူ မုဆိုးကို စိုင်သင်ဟူသကဲ့သို့ ကုန်သည်ပွဲစားအလုပ်မှာ ကျွမ်းကျင်လာကြသည်။


ရှေးက လင်ယောက်ျားလုပ်စာကို ထိုင်စားလာခဲ့ကြသော အမျိုးသမီးများပင် မိမိတို့အိမ်တွင်းပစ္စည်းများကို စားစရိတ်အတွက် ထုခွဲရောင်းချရင်း အလုပ်လုပ်တတ်လာကြသည်။ သူတို့၏ဝင်ငွေမှာ ရုံးသွားအလုပ်ဆင်းသည့် ခင်ပွန်းသည်များထက်ပင် ကောင်းလာကြသည်။


အိမ်တွင်းပစ္စည်းကလေးမှ ရောင်းစရာမရှိ၊ ရင်းနှီးဖို့လည်း ငွေစမရှိသော အမျိုးသမီးများပင်လျှင် အိမ်မှာနေရင်း မုန့်ပဲသရေစာတွေ လုပ်ရောင်းတတ်ကြသည်။ မုန့်ရောင်းသည့်ဝင်ငွေမှာ အိမ်ကလူ၊ စာရေးကြီး၊ အရာရှိကြီးများထက်ပင် များသေးသည်။


ငွေတန်ဖိုးလျှော့ကျသဖြင့် ရုံးသမားတို့၏ လခမှာ ဆီ၊ ဆန်ဖိုးမျှမရှိသည့်အချိန်တွင် အိမ်ကဇနီးသည်၏ မုန့်ရောင်း၍ရသောငွေနှင့် မ တည်ကာ စားသောက်နေထိုင်ကြရတော့သည်။


ထိုခေတ်က မိသားစုပုံစံမှာ ဤသို့ဖြစ်သည်။ အိမ်ထောင်ဦးစီး ယောက်ျားက ရုံးသွားသည်။ ဇနီးသည်က လမ်းလျှောက် ပွဲစားလုပ်လျှင်လုပ်၊ ဈေးထဲက ဈေးဆိုင်ထွက်ချင်ထွက်၊ ယုတ်စွအဆုံး အိမ်မှာပင် မုန့်ပဲရောင်းသည်။


ယောက်ျား၏ဝင်ငွေမှာ သူ ရုံးသို့ယူသွားသည့် ထမင်းချိုင့်စားရိတ်ပင် မရှိချေ။ တအိမ်လုံး၏ စားရိတ်ကို ‘မ’၏ လုပ်စာနှင့် သုံးရသည်။ ‘ကျား’မှာအိမ်နီးနားချင်း ရိုသေရုံ ရုံးတက်သည့်အဖြစ်မျိုးရောက်ခဲ့သည်။


‘ကျား’တို့သည် မိန်းမဝယ်ပေးသည့် လုံချည်အဝတ်အစားဝတ်၊ ရုံးတက်၊ မိန်းမဝင်ငွေနှင့်ဝယ်နိုင်သည့် စားကောင်း သောက်ဖွယ်များကို စားနေကြသည်။ ‘မ’တို့ကလည်း ကြည်ဖြူကြသည်။ လင်ကိုအရှင်သခင် အိမ်ဦးနတ်ကဲ့သို့ သဘောထားလေးစားကြသည်။


‘ကျား’တို့ကလည်း ‘မ’၏လုပ်စာနှင့် ရပ်တည်နေရသည်ကို ဂုဏ်ငယ်သည်ဟု မယူဆချေ။ အခြေအနေအရဖြစ်ရသည်။ လူတိုင်းသည်လိုပဲ ဟု သဘောထားကြသည်။ “ကျုပ်တို့ကတော့ ဝေဿန္တရာမင်းကြီးထုံးအတိုင်းပဲ။ အိမ်က မယ်မဒ္ဒီ လုပ်ကျွေးတာ စားနေတယ်ဗျို့” ဟု ရယ်စရာလို တကယ်ပြောတတ်ကြသည်။


တခုတော့ မှတ်တမ်းတင်ရဦးမည်။ ဂုဏ်ပြုသည့်မှတ်တမ်းတော့မဟုတ်။ အညံ့စား မှတ်တမ်းပဲဆိုကြပါစို့။ ခေတ်ပညာတတ်၊ အသိပညာရှင်၊ အတတ်ပညာရှင် လူတန်းစား အမျိုးသမီးများမှာ သူတို့လို ဈေးလည်း မရောင်းတတ်၊ အဖြစ်လည်းမရှိကြသဖြင့် လုပ်ရိုးလုပ်စဉ် ရုံးမှာ လခစားဝင်လုပ်ကြရသည်။ လခကလည်း ဆီဖိုး၊ ဆန်ဖိုးမျှ မရသော်လည်း ပေကပ်လုပ်ကိုင်နေကြရသည်။


ရုံးအလုပ်ခွင်မှာ ဝင်အလုပ်လုပ်ရသည်မှာ လူမြင်သည်။ ရတော့လည်း မဖြစ်စလောက်နှင့်။ လင်ယောက်ျား၏ ဂုဏ်သရေတောင်ပျက်သယောင် အပြောခံရသေးသည်။ ဈေးရောင်းတာတော့ မိန်းမအလုပ်ပဲဟု သဘောထား သဖြင့် ကျေကျေနပ်နပ်လက်ခံကြသည်။ ရုံးထိုင်အလုပ်လုပ်သော ပညာတတ်လူတန်းစား အမျိုးသမီးတို့မှာ မျက်နှာမရရှိခဲ့ကြရသည်။


စစ်အတွင်းက မြန်မာအမျိုးသမီးများ စစ်ဖက်တွင် ဝင်ရောက်အမှုထမ်းခဲ့ကြသည်။ တော်လှန်ရေးတွင် အသက်မငဲ့၊ ‘ကျား’ ရဲဘော်များနည်းတူ စွန့်စားခဲ့ကြသည်။ ထိုအဖြစ်အပျက်များမှာ မြန်မာပြည်၏ သမိုင်းကဏ္ဍတခုပင် ဖြစ်သည်။


စစ်ပြီးခေတ် ၃ နှစ်ကျော် ၄ နှစ်နီးပါးကြာခဲ့သည်။ စစ်ကြီးပြီးသောအခါ အခြေအနေတွေ ပြောင်းလဲလာပြန်သည်။ လွတ်လပ်ရေးအတွက် လှုပ်ရှားမှုကြီးကလည်း အရှိန်ပြင်းထန်လာခဲ့သည်။ မြန်မာအမျိုးသမီးတို့၏ ဘဝအခြေအနေမှာလည်း ပြောင်းလဲလာခဲ့ရပြန်သည်။


စစ်ပြီးခေတ် မြန်မာအမျိုးသမီးများ


စစ်ကြီးပြီး၍ တိုင်းပြည်လွတ်လပ်ရေးရသည်နှင့် လူငယ်၊ မိန်းမ၊ ယောက်ျားများသည် စစ်ကြောင့် အားပြတ်သွားသော ပညာရေး၊ စီးပွားရေးတို့ကို ပြန်လည်ထူထောင်ဖို့ကြိုးစားလာကြသည်။ နေရာတကာတွင် လိုလိုချင်ချင်၊ တက်တက်ကြွကြွ ရှိလာကြသည်။


များသောအားဖြင့် ထိုလူလတ်ပိုင်းလူများမှာ သားမယားနှင့် ဖြစ်နေကြပြီဖြစ်၍ အလုပ်တဖက်နှင့် တက္ကသိုလ် ဒီဂရီများရဖို့ ကြိုးစားကြ သည်။ ‘ကျား’ များသာမက၊ ‘မ’တို့လည်း အိမ်ထောင်တဖက်၊ ကလေးတဖက်နှင့် ပြန်၍ ကျောင်းတက်ကြသည်။ အချို့မှာ သူတို့၏ ခင်ပွန်းသည်များ ကျောင်းပြန်တက်နိုင်အောင် အလုပ်ဝင်လုပ်၍ တဖက်က အိမ်မိသားစုတာဝန်ကို ထမ်းကြရလေသည်။


တခါတုန်းက ‘မ’ တွေ ရုံးအလုပ်ခွင်၌ ဝင်လုပ်ကြသည်ကို ကြည့်မရကြ။ အာဃာတရှိကြသော်လည်း ယခုအခါမှာ အလုပ်လုပ်မှပင် ဂုဏ်ရှိသကဲ့သို့ အတွေးအခေါ်ပြောင်းလဲလာသည်။


မိဘများသည် ယခင်ကလို သားတွေမှ ပညာသင်ပေးမည်၊ ကျောင်းထားမည်၊ သမီးတွေ အိမ်မှာနေစေမည် ဟူသော အယူမရှိကြတော့ ချေ။ သမီးတွေကိုပါ ကျောင်းထား၊ ပညာသင်ဖို့ စိတ်ပါလာကြသည်။ သမီးလေး ပညာသင်ပေး၍ အလုပ်လုပ်ခိုင်းရမည်မှာ ပို၍ တွက်ခြေကိုက်သည်။ သားက မယားရလျှင် မိဘတွေ သူ့အနား မကပ်နိုင်တော့ချေ။ သမီးလေးဆိုတော့ သူရသည့်လခကို အမေက အချိန်မရွေး တောင်းယူနိုင်သည်။ လင်ယူ သွားသော်လည်း ကိုယ့်သမီးဟာ ကိုယ့်သမီးပဲ။ သားကို ညှဉ်းဆဲလို့ မရရင်သာရှိမည်။ သမီးကိုတော့ ညှဉ်းနိုင်သည်။


သို့ဖြစ်၍ သမီးရှင်များသည် သမီးများကို အထက်တန်းပညာကို တတ်အားသရွေ့ ရယူစေချင်သည်။ ရှေးကမိဘတွေကဲ့သို့ လင်ပေးစားဖို့ချည်း စိတ်မသန်ကြတော့ချေ။ တကယ်တော့ လင်ယူသွားမှာကို စိုးနေသည်။ (အထူးသဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်အဖြစ် လခကောင်းရသော သမီးများ။)


အိမ်ထောင်လင်သားများနှင့် ‘မ’တို့ ရုံးအလုပ်ခွင် အလုပ်လုပ်သူတွေများလာသည်။ ရှေးကလို အလုပ်ထွက်လုပ်လျှင် လင်၏ဂုဏ်သရေ လျော့မသွားတော့ဘဲ ပို၍ပင် တိုးနေပြန်သည်။


စစ်ပြီးခေတ် မြန်မာအမျိုးသမီးများမှာ ပို၍လွတ်လပ်ခွင့်ရလာသည်။ အခွင့်အလမ်းများလည်း ပိုများလာသည်။ သို့သော် ထိုအခွင့်အရေး နှင့် လွတ်လပ်မှုများကို နှစ်လိုအားရခြင်း မရှိနိုင်သော အခြေအနေများ ကြုံရပြန်သည်။


‘မ’တို့မှာ တာဝန်တွေပို များလာသည်။ အလုပ်ခွင်မှာလည်း သူများနည်းတူ ကျွမ်းကျင်မှုစွမ်းရည်ရှိဖို့ ကြိုးစားရ သည်။ အိမ်မှာ သားသမီး တာဝန်တွေကိုလည်း ထမ်းရသည်။ အိမ်ကအလုပ်တွေကိုလည်း ခေါင်းပွန်းမခံရဲ။ မလစ်ဟင်းအောင်လုပ်ရသည်။ “အပြင်ထွက်နေတဲ့ မိန်းမပဲ၊ အိမ်ထဲဘာမှ မလုပ်ဘူး”ဟု အပြောခံရတတ်သည်။


လင်ယောက်ျားများသည် မိမိတို့ဇနီးသည်များ၏ လုပ်ရည်ကိုင်ရည်ကို သဘောကျဂုဏ်ယူတတ်လာကြသည်။ ရှေးကလို မိန်းမတွေကို မီးဖိုထဲမှာချည်း နေရမည်၊ သည်နေရာနှင့်သာတန်သည် ဟူသော အယူအဆမှ တဖြည်းဖြည်း လျော့ပါးလာခဲ့ကြသည်။ သို့သော် တသက်လုံးက မျိုးရိုးစဉ်ဆက်ပါလာခဲ့သည့် အတွေးအခေါ်၊ စွဲလမ်းမှုတွေပြတ်ဖို့တော့ မလွယ်လှပါ။ အသက် ၄ဝ အထက် အသက်အရွယ်ရှင် ‘ကျား’ တို့က ‘မ’ တို့သည် သူတို့၏ အလုပ်အကျွေးဖြစ်သည်။ သူတို့ကို အစေအပါးကဲ့သို့ လုပ်ကျွေးရမည်ဟု ယူဆနေကြသေးသည်။


ထို ‘ကျား’ တို့သည် သူတို့နည်းတူ တနေ့လုံး ရုံးအလုပ်ခွင်၌ အလုပ်လုပ်ရသော ဇနီးသည်များက သူတို့ကို လုပ်ကျွေးသမှုပြုစေချင်သည်။ အိမ်တွင်းမီးဖိုချောင်အလုပ်ကို ‘စေ့င’ ပြည့်စုံရမည်။ ငါးခြောက်ဆို ဖုတ်ပြီးသား အသင့် ဖြစ်ရမည်။ သူတို့ကိုယ်တိုင်ကမူ လက်ဖက်ရည် ပန်းကန်လုံးလေးတလုံးကို ရေနှင့်ကျင်းပေးရလျှင် ယောက်ျားသိက္ခာတွေ လျော့မည်ဟု ထင်နေကြသည်။


သို့သော် လူငယ်ပိုင်းယောက်ျားများတွင် ထိုအတွေးအခေါ်များ ခေါင်းပါးစပြုလာသည်ကို တွေ့ရသည်။ အိမ်ထောင်ရေးတွင် ညီတူညီမျှတာဝန်ယူဖို့ ဝန်မလေးကြချေ။


ဤသို့ လူမှုဆက်ဆံရေး အတွေးအခေါ်များပြောင်းလဲလာသော်လည်း ဘဝပြဿနာများ ပိုမိုရှုပ်ထွေးလာသည်ကို တွေ့ရှိရသည်။ ဇနီးမောင်နှံနှစ်ဦးစလုံး အလုပ်ထွက်လုပ်ရသည့် အိမ်ထောင်များမှာ သာယာပျော်ရွှင်မှု ရဖို့ခဲယဉ်းလာသည်။


သားသမီးများကို ငယ်စဉ်က ထိန်းကျောင်းရသည်။ ကျန်းမာအောင်ဂရုစိုက်၊ ပိုးလိုမွေးရသည်။ ကြီးလာသောအခါ ပညာသင်ပေးဖို့၊ လိမ္မာအောင်ဆုံးမဖို့ တာဝန်တွေရှိသည်။ ထိုကိစ္စတွေမှာ သိသိသာသာ လစ်ဟင်းလာသည်။ သားသမီးတွေ ကျန်းမာရေး ညံ့ဖျင်းလျှင်၊ ကျောင်းမှာစာမလိုက်နိုင်လျှင်၊ လမ်းသရဲဖြစ်လျှင်၊ ဤကိစ္စတွေ အားလုံးမှာ ‘အမေ’ မိန်းမအပေါ်မှာ ပုံကျလာတတ်သည်။


ထိုကိစ္စမှာ အိမ်ဦးနတ်(လင်ယောက်ျား)၏ တာဝန်ရှိနေသည်ကိုကား ပြောကြည့်ဖို့မေ့နေလေသလား။ သားသမီး၊ အိမ်တာဝန်ကို မိန်းမချည်းတယောက်တည်းယူရမည်ဟု ဥပဒေရှိလေသလား မသိတော့ပေ။


တဖန် နယ်ပြောင်းရွှေ့ရသည့် ပြဿနာတွေပေါ်လာပြန်သည်။ လင်နှင့်မယား တမြို့စီနေရ။ သားသမီးတွေမှာလည်း ကြားထဲမှာ ကန့်လန့်ကန့်လန့် ဖြစ်နေရသည်၊၊ အချို့အစိုးရဌာနများတွင် ဇနီးမောင်နှံစုံများကို တမြို့တည်းကျအောင် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးတတ်ကြသည်။ အချို့ဌာနများမှာ ဤကိစ္စကို ထည့်စဉ်းစားအပ်သည်ဟုပင် မထင်ဘိသကဲ့သို့ ကိုယ်ချင်းစာနာ စိတ်ကင်းမဲ့သည်။


မြန်မာလူမျိုးတို့၏ မိသားစုဖွဲ့စည်းပုံမှာ စည်းစည်းလုံးလုံးသဘောရှိသည်။ အသက်မွေးဝမ်းကျောင်းမှုအတွက် လင်နှင့်မယား တမြို့စီတရွာစီ ခွဲခွာလုပ်ကိုင်ရသော အခြေအနေမျိုးကို ရှေးကမတွေ့ကြုံခဲ့ဖူးကြပေ။


ယနေ့လူငယ်များ အကျင့်စာရိတ္တပျက်ပြားမှုတွေကို တွေ့ကြရသောအခါ ယင်းမိသားစုစနစ်ပုံစံ ပျက်မှုကြောင့် ပေလောဟု စဉ်းစားစရာဖြစ်လာသည်။


ယခုအခါ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ‘မ’များ အိမ်အပြင်ထွက် အလုပ်လုပ်ကြရသည်။ အိမ် တာဝန်၊ သားသမီးတာဝန်တွေကို မလစ်ဟင်းအောင် စီမံခန့်ခွဲမှုတွေ လိုအပ်လာသည်။


‘ကျား’တို့သည် အိမ်ဦးနတ်အဖြစ် ပြုစုခံ၊ အလုပ်အကျွေးခံ နေရာမျိုးမှ တစ်ထစ်၊ နှစ်ထစ်လောက်တော့ ဆင်းပေးဖို့ လိုလာသည်။ ရှေးကလိုချည်း အပေါ်စီးမျိုးနေလျှင် ပထမ ‘မ’ တွေမှာ စိတ်ရော ကိုယ်ပါ ချုံးကျပြီး ကြာရှည်မခိုင်းရဘဲနေတော့မည်။ ဒုတိယ သားသမီးတွေ နစ်နာမည်။


သို့ဖြစ်၍ ‘ကျား’ နှင့် ‘မ’ တို့ ဆက်ဆံကြရာတွင် အလုပ်တာဝန်ကို ကိုယ်စီကိုယ်ငှဝေမျှ၍ တရားသဖြင့်ယူကြဖို့ အချိန်ရောက်လာခဲ့လေ သည်။ ဤကိစ္စမှာ အတွေးအခေါ်ကို သဘာဝကျကျစဉ်းစားပြီး ပြောင်းသင့်လျှင် ပြောင်းကြရပေမည်။ ဘာမဆို လှေနံဓားထစ် တရားသေယူဆနေလို့ မဖြစ်ချေ။


လူမှုရေးဆိုသည်မှာ အစိုးရက ဥပဒေသတ်မှတ်ပေးရုံနှင့် ကိစ္စပြီးသည်မဟုတ်၍ ကိုယ်စီကိုယ်စီ ယထာဘူတကျအောင် စဉ်းစား လုပ်ဆောင်ကြရပေမည်။


ယခုခေတ်အခါ ‘မ’တို့မှာ ရှေးကမလုပ်သည့်အလုပ်အပိုတွေ အများကြီးလုပ်နေရသည်ကို မြင်ရသည်။ လင်ယောက်ျား ရှာဖွေပေးသည်ကို အေးအေး ထိုင်မစားရဘဲ ထွက်လုပ်ကိုင်ရှာဖွေရသည်သာ မဟုတ်သေးချေ။


မော်တော်ကားမောင်းပြီး ကလေးတွေ ကျောင်းပို့ကျောင်းကြို လုပ်ရသေးသည်။ ကလေးတွေကို အမှတ်များများရအောင် စာသင်ပေးရ သေးသည်။ လူမှုရေး ဧည့်ဝတ်ဆောင်ဝတ်ဆိုတာတွေကလည်း ရှေးကထက် ဝန်ပိုလာသည်။


ပိုခက်သည်မှာ ရှေးကကဲ့သို့ အိမ်တွင်ကူညီမည့်သူ မရှိတော့ပေ။ လူပိုလူလျှံလာနေမည့် ဆွေမျိုးသားချင်းလည်း ရှားသည်။ လခပေးငှားသည့် အိမ်ဖော်ပြဿနာမှာလည်း ကြီးလှသည်။ အများအားဖြင့် အိမ်ဖော်မငှားနိုင်၍ ကိုယ်တိုင်လုပ်နေကြရလေသည်။


ဤကိစ္စတွေမှာ ဘယ်သမိုင်းမှာမှ စာတင်ရမည့်ကိစ္စတွေမဟုတ်သော်လည်း မိသားစု၏ ကျန်းမာပျော်ရွှင် စည်းလုံးရေးအခြေကို ပျက်စီးစေမည့်ကိစ္စများဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံကြီးများတွင် ထိုကိစ္စများကို ရှေ့တန်းတင်၍ စဉ်းစားနေကြသည်ကို တွေ့ရလေသည်။


ဒေါ်ခင်မျိုးချစ်


နိုင်ငံတကာအမျိုးသမီးနှစ် နှင့် မြန်မာအမျိုးသမီးဆောင်းပါးမှ ကောက်နှုတ်ချက်။

မြန်မာအမျိုးသမီးကြေးမုံ၊ ၁၉၉၈၊ ဇွန်။


Tuesday, January 27, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့- ၁၁



၅၃ - ရက်တိုက်ပွဲ
(၁၉၇၁ - ခုနှစ် ဇွန်လ ၉ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ)
ပါတီတွင်းဖော်ပြချက်များ

အခြေအနေက အတော်ဆိုးသွားပါပြီ။ ရန်သူက အပေါ်စီးရနေပါပြီ။ ဆက်ဆံရာမှာလည်း ခပ်တင်းတင်း ဖြစ်လာပါတယ်။ တရားဝင် အသားစို စားရဖို့လည်း မမျှော်လင့်နဲ့တော့၊ ရဲဘော်ချစ်ဆွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီပြဿနာကို ရှင်းလိုက်ပါတယ်။
ဝါဒါတွေရဲ့ဆိတ်တကောင်ကို ခိုးသတ်ပြီး ဖိုကြီးကို လာသွင်းပါတယ်။ ဖိုအလှည့်ကျ တာဝန်ခံက လက်မခံ၊ ခပ်နာနာပြောလွှတ်တာ ခံလိုက်ရတယ်။ အကြီးအကျယ် ဒေါကန်ပြီး ပြန်လာခဲ့ရတယ်။

တရက် ရဲဘော်ဌေးမောင် (မန္တလေး) ရှူးရှူးရှဲရှဲနဲ့ ရောက်လာတယ်။ “ကျနော် လှေလုပ်ဖို့ ပျဉ်တွေခိုးဖြုတ်လာပြီး တောထဲမှာ ဝှက်ထားတယ်။ ဒါတွေကို မဲကြီးယူသွားပြီး တခြားရွှေ့ထားတယ်။ အဲဒါ ခင်ဗျား ပြန်တောင်းပေးပါ” … တဲ့။

ရက် ၄ဝ တိုက်ပွဲပြီးကတည်းက လူမမာဖြစ်နေတဲ့ ကျနော့်ကို ရဲဘော်တွေက ကြင်နာကြတယ်။ ဦးစားပေးကြတယ်။ မဲကြီး၊ ချိုကြီး ပြည်မြို့သား ၂ ယောက်က ပိုဂရုစိုက်ကြတယ်။ ဒါတွေကြောင့် ကျနော်ပြောရင် ရမယ်ထင်ပြီး အကူအညီတောင်းတဲ့သဘောပါ။
“ပြောကြည့်သေးတာပေါ့ …” လို့ပဲ အဖြေပေးလိုက်တယ်။ တိုက်ပွဲပြီးစ အခြေအနေကို ပြန်စဉ်းစားကြည့်မိတယ်။

ကရင်ကြီး ကိုအောင်နိုင် (DSI အရာရှိဟောင်း)က ကျနော်နာမည် အတိုကောက် (C.A.N) ပန်းစာလုံးထိုးထားတဲ့ ကိုယ်သုတ်တဘက်ကြီး တထည်၊ တိုက်ပွဲပြီး လက်ဆောင်အဖြစ် လာပေးဖူးတယ်။ ထောင်အင်္ကျီအသစ်တွေထဲက ချည်တွေထုတ်ပြီး ထိုးပေးထားတဲ့တဘက် …။

မဲကြီးကတော့ ပုံစံအမျိုးမျိုးနဲ့ ဆေးတံတွေ၊ ဟောတလုံး ဟောတလုံး လုပ်နေလေ့ရှိတယ်။ သစ်နီသား ဆေးတံတလုံးကို အရောင်တလက်လက်ထွက်အောင် ပွတ်တိုက်ပြီး လာပေးတယ်။

“ဟာ … ကျနော်မှ ဆေးမသောက်တာ”

“တိုက်ပွဲလက်ဆောင်ပေါ့” … ဆိုလို့ ယူလိုက်ရတယ်။

အချစ်ဆုံးရဲဘော် ကိုအောင်ဘော်ကတော့ ကျနော် မစားနိုင် မသောက်နိုင်တာကို အားမရ၊ သူကိုယ်တိုင်က ဒုတိယအသုတ်က တိုက်ပွဲဝင်ထားသူ၊ တင်ပါးမှာ အသားမရှိ၊ ဖင်ရှူးလေးနဲ့ … ကျနော်နားလာထိုင်ရင် ဒီအတိုင်းထိုင်မရ၊ ကျနော့် အုန်းဆံခေါင်းအုံးလေးကို သူ့ဖင်အောက် ထိုးပေးရလေ့ရှိတယ်။

သူက “ AN ရေ၊ ဘာစားချင်သလဲ၊ ကျနော် အခု လူမမာဖို ဝင်ကူနေတယ်။ ပြောစမ်းပါ”… ဆိုရင် မစားချင်ကြောင်း ခေါင်းရမ်းပြရတယ်။
တခါမှာတော့ လိပ်ဥပြုတ်ကို ဂလူးကို့စ်မှုန့်ဖြူးပြီး အတင်းစားခိုင်းတယ်။ ကျနော် အော့အန်သွားမှ လက်လျှော့တော့တယ်။ ဒီလို ရဲဘော်တွေပါ။

မဲကြီးနဲ့တွေ့တော့ “ဘာလုပ်ပြန်တာလဲ၊ ပြဿနာတခုမပြီးသေးဘူး၊ တခုလုပ်ပြန်ပြီလား”… လို့ မေးမိတယ်။

သူက ပြန်ပြီး “ဘာလဲ” တဲ့။

“ခင်ဗျား စိန်ဌေးမောင်ရဲ့ ပျဉ်တွေခိုးသွားတယ်ဆို”

သူ့မျက်နှာပြုံးဖြီးဖြီးဖြစ်သွားပြီး …

“ဟာ ကျနော်က အလံနီတွေရဲ့ပျဉ်တွေမှတ်လို့ … စိန်ဌေးမောင်ဟာတွေဆိုရင် ပြန်ထားလိုက်ပါမယ်”… တဲ့။

မဲကြီး ဘာကြောင့် သောင်းကျန်းနေတယ်ဆိုတာ ကျနော်တို့ သိကြပါတယ်။ ရက် ၄ဝ တုန်းက သူ မပါလိုက်ရ၊ ဒါကို သူ မကျေနပ်၊ လမ်းစဉ်ပြဿနာမှာလည်း သူ မကျေလည်၊ သူက ၄၈ ခုနှစ် အုပ်စိုးသူအဆက်ဆက်ဟာ လက်ဝေခံတွေချည်းပဲ … ဆိုတဲ့ အယူအဆရှိသူ။

ရန်သူကို တိုက်ဖို့လိုပြီ၊ တိုက်ရမယ်၊ တိုက်ရင် သူ့ကိုထည့်ရမယ်၊ ဒါပဲ။ ဒီလို တင်းတင်းပြတ်ပြတ်လုပ်လို့ တစတစ ရဲဘော်တွေနဲ့ တဖြည်းဖြည်း ကင်းကွာလာခဲ့တယ်။ သူနဲ့ အယူအဆတူပြီး အတူအနီးကပ်တိုက်ပွဲဝင်လာခဲ့တဲ့ အရင်းနှီးဆုံး ရဲဘော်တချို့ပင် သူ့နားက ခွာခဲ့ပြီ။ သူလည်း စိတ်လေနေဟန် ရှိတယ်။ မနက်မိုးလင်းတာနဲ့ အိတ်တလုံးလွယ်၊ ဓားတချောင်းကိုင်ပြီး တောထဲဝင်သွားလေ့ရှိတယ်။ ပြန်ချင်တဲ့အချိန်မှ ပြန်တယ်။

ပြင်ဆင်မှုများ

ရပိုင်ခွင့်ကို ဒီအတိုင်း ထိုင်စောင့်နေလို့ကလည်း မဖြစ်။ ရပြီးသားအခွင့်အရေးတွေကလည်း တစတစ ဆုံးရှုံးလာရာ ပါတီကော်မတီက “တိုက်ပွဲဝင်ဖို့ အချက်အလက်တွေ ပြင်ဆင်နေပြီ” လို့ တပ်လှန့်ထားလိုက်ပြီ။ ကိုယ်ထူကိုယ်ထ ကို တိုက်မယ်။
ကျန်တဲ့အဖွဲ့အစည်းတွေကိုချဉ်းကပ်ပြီး သဘောထားတွေ သွေးတိုးစမ်း မေးမြန်းကြည့်ပါတယ်။ မူလသဘောထားအတိုင်း ပူးတွဲတိုက်ပွဲဝင်ကြဖို့ လှုံ့ဆော်ပါတယ်။

အလံနီပါတီက သူတို့ တိုက်ပွဲပမ်းနေပါတယ်။ CPB က တိုက်ရင် ထောက်ခံပါမယ်။ သင့်တော်တဲ့ အချိန်မှာ ကူညီတဲ့တိုက်ပွဲဝင်မှု (Supporting) လုပ်ပါမယ်လို့ တုံ့ပြန်တယ်။ ကျနော်တို့ အတော်အားရှိသွားပါတယ်။

စခန်းတွင်း မလညပ ကလည်း အလားတူအဖြေမျိုး ပေးပါတယ်။ “ဒီအခြေအနေမှာ ဒီတိုက်ပွဲကို ဗမာပြည်ကွန်မြူနစ်ပါတီပဲ တိုက်နိုင်ပါတော့တယ်။ ထောက်ခံမယ်၊ အကူအညီပေးမယ်”လို့ အဖြေပေးပါတယ်။

တခါ ဖိုကြီးကခွဲထွက်ပြီး ‘တော်လှန်သော ပြည်သူ’လို့ နာမည်ပေးပြီး ခွဲချက်စားနေတဲ့ ရဲဘော် သုံးယောက်ကလည်း ‘ထောက်ခံတယ်၊ ပါဝင်မယ်’ ဖြစ်လာတယ်။

စခန်းတွင်းကိစ္စပြီးတော့ စခန်းအပြင်ဘက်ထွက်နေကြတဲ့သူတွေဘက် လှည့်ရပါတယ်။ တိုက်မှာက ‘ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေး’ တိုက်ပွဲ ဖြစ်တယ်။ ဒါကို နိုင်အောင်တိုက်နိုင်ရင် ကျွန်းစီမံကိန်း ပျက်ပြီ။ ပြည်မ ပြန်ရဖို့ လမ်းပွင့်သွားနိုင်ကြောင်း ခေါင်းဆောင်တွေက ဆွေးနွေးပါတယ်။

အားလုံးက အားတက်သရော တုံ့ပြန်တာတွေ့လိုက်ကြရတယ်။ တချို့က “တိုက်နိုင်တဲ့အား ခင်ဗျားတို့မှာပဲ ရှိတယ်။ နိုင်မယ်လို့လည်း ယုံကြည်တယ်။ ကျနော်တို့က ဝါဒါတွေနဲ့ အနီးကပ်နေရတော့ သူတို့လှုပ်ရှားမှု အမြဲသိနေမှာပဲ။ ကျနော်တို့ သတင်းပေးပါမယ်” လို့ ကတိပြုကြတယ်။ (ကတိပေးထားတဲ့အတိုင်းလည်း တိုက်ပွဲကာလမှာ စခန်းတွင်း စာပစ်သွင်းပြီး သတင်းပေးခဲ့ကြတယ်)

ကြိုတင်တွက်ချက်မှုများ

တိုက်ပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ကြရာမှာ မိမိအတွက် အားသာချက်နဲ့ အားနည်းချက်တွေဟာ ဘာလဲ … လို့ စိစစ်ရပါတယ်။
ကျွန်းပါတီမှာ အစုလေးတွေရှိကြတော့ အစုအသီးသီးက အမြင်တွေ သဘောထား တွေ တက်လာကြပါတယ်။
အားနည်းချက်တွေက …

၁။ ဗဟိုလမ်းစဉ် အတိအကျ မသိ၊ အထူးသဖြင့် ရန်သူနဲ့ပတ်သက်ပြီး လူတန်းစား အကဲဖြတ်ချက်ကိစ္စမှာ ညှိမရကြတာ။

၂။ အလံနီပါတီရဲ့ ၄၆ ရက် တိုက်ပွဲရှုံးသွားလို့ အတိုက်ရခက်သွားပြီ၊ အကျအဆုံး ပိုများတော့မယ်။

၃။ ပါတီတွင်း စည်းလုံးညီညွတ်မှု မကောင်း။

၎။ ရန်သူက အသာစည်းနဲ့ အကွက်ကျကျ ဖိနှိပ်နေတာကြောင့် ပါတီမှလွဲပြီး ကျန်ပါတီများ အသက်စွန့် တိုက်ရမယ့်တိုက်ပွဲကို မတိုက်နိုင်၊ မတိုက်ချင်တော့တာ၊ ကိုယ့်ပါတီရဲ့အလံ ကိုယ်မထူရဲတော့တာ။

အားကောင်းချက်တွေကတော့ …

၁။ အတွေ့အကြုံရင့်ကျက်တဲ့ ထောင်တွင်းဖြတ်သန်းမှုများတဲ့ ခေါင်းဆောင်တွေ ရှိတယ်။ (ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျန်၊ သခင် ခင်အောင်၊ ဦးခင်မောင်မြင့်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ခရမ်း ကိုစိန်ဝင်း၊ ကိုဖေအောင်၊ ကိုဉာဏ်ဝင်း … စသည်)

၂။ ၆၄ လမ်းစဉ်အရ ရဲသုံးရဲ ကိုင်စွဲထားသူ ရဲဘော်အများအပြား ရှိခြင်း။

၃။ ပါတီတွင်း တိုက်ပွဲကလည်း တွန်းအားတခု ဖြစ်နေခြင်း။ (ကျသွားတဲ့ ရဲဘော်တွေထဲမှာ အယူအဆ ၃ မျိုး စလုံးကို ကိုယ်စားပြုနေသူတွေပါတာကို ကြည့်ပါ။)

၎။ အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ်အသီးသီး (ထု)ရဲ့ ထောက်ခံအားပေးမှုကို ရလာခြင်း။

၅။ အခြေအနေကလည်း မတိုက်မဖြစ် အနေအထားရောက်နေခြင်း။ ရိက္ခာကိစ္စအပြင် ရန်သူက အကြောင်းအမျိုးမျိုးပြပြီး ရပြီးသားအခွင့်အရေးတွေ ဖျက်သိမ်းတာခံနေရခြင်း၊ လုံခြုံရေးကိစ္စ၊ ကျွန်းစည်းကမ်းဆိုတာတွေနဲ့ ဖမ်းဆီးအရေးယူမှုတွေ လုပ်နေခြင်း။ နိုင်ငံရေးသမားတွေဟာ ရာဇဝတ်သားတွေလို အလုပ်ကြမ်းလုပ်နေရခြင်း။ ကျန်းမာရေးများ ထိခိုက်လာကြခြင်း။

၆။ ကိုယ်ထူကိုယ်ထ စီမံကိန်းအောင်မြင်သွားခဲ့သော် ရောက်နေနှင့်တဲ့ နိုင်ငံရေးသမားတွေက အပိုးကျိုးနေခဲ့သော် … နောက်ထပ် နိုင်ငံရေးသမားတွေ ထပ်ပို့မယ့်အလားအလာရှိနေတာမို့ ‘ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေးတိုက်ပွဲ’ ဟာ နိုင်ငံရေးအရ အရေးကြီးပုံကို ရဲဘော်အားလုံး သဘောပေါက်နေကြခြင်း။

၇။ စခန်းပါတီကော်မတီက စခန်းထုရဲ့ယုံကြည်ကိုးစားမှုနဲ့ ပါတီရဲ့ ခေါင်းဆောင်မှုရလိုခြင်း (သို့) ၆၄ လမ်းစဉ်ကို အကောင်အထည်ဖော်လိုခြင်း။ ရဲဘော်တိုင်းက သူများတိုက်မရတာ တို့ရအောင်တိုက်ပြမယ်ဆိုတဲ့ တော်လှန်တဲ့ သူရဲကောင်းဝါဒ ကိုင်စွဲမိခြင်း။

၈။ ရေဒီယိုမှတဆင့် ကြားဖြတ်သတင်းများ နားထောင်ရလို့ ရန်သူ့ခြေလှမ်းတွေကို ကြိုသိနေရခြင်း။

၉။ မမျှော်လင့်ဘဲ ‘ပြည်သူ့အသံ’ကို ဖမ်းယူရရှိလိုက်ရာက ရဲဘော်တွေ အားတက်နေခြင်း။

… ဒါတွေက တိုက်ပွဲဝင်စိတ်ဓာတ်ကို တိုးတက်မြင့်မားနေစေပါတယ်။

ရှုပ်လာတဲ့ ကြားဖြတ်ပြဿနာတခု

မှောင်ခိုကုလားစက်လှေတစင်းကို နေဗီက (ကိုကိုးကြီးကျွန်းနဲ့ ကိုကိုးလေးကျွန်း ကြား) လိုက်ဖမ်းပါတယ်။ ကုလားတွေက ကိုကိုးလေးဘက်ကပ်၊ ပစ္စည်းတွေ ချ၊ ဝှက်ပြီးမှ အဖမ်းခံတဲ့ကိစ္စတရပ် ပေါ်ခဲ့တယ်။

နေဗီက လှမ်းအမိန့်ပေးပုံရပါတယ်။ မကြာခင် ကုလားတွေ လှေကလေးကို လှော်ခတ်ပြီး ကျနော်တို့ကမ်းဘက် ကပ်လာပါတယ်။ ကမ်းခြေမှာ နေဗီက လက်နက်အပြည့်အစုံနဲ့ အသင့်။

ထိန်းသိမ်းတွေကလည်း စခန်းလူကုန်လောက် ကမ်းစပ်ဆင်းပြီး ကြည့်ကြတယ်။ ထုံးစံအတိုင်း ဆူညံပွက်လောရိုက်နေတယ်။ ပွဲတော်လေးတမျှပဲ။

လာဘ်မြင်သူတွေပီပီ နေဗီက မမေးရသေးခင် ထိန်းသိမ်းတွေရဲ့မေးခွန်းတွေက ကုလားလိုရော အင်္ဂလိပ်လိုပါ ပေါ်ထွက်နေပါတယ်။ ပြောချင်ရာတွေလည်း ထည့်ပြောလိုက်ကြသေးတယ်။

“ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေပါ၊ အစိုးရက သတင်းမှောင်ချပြီး ဒီကျွန်းပေါ် တိတ်တိတ်ကလေးထားတာပါ။ ခင်ဗျားတို့ တိုင်းပြည်ပြန်ရောက်ရင် ဒီသတင်းတွေ ဖြန့်ပေးပါ”… လို့ အော်ကြတယ်။ ပြောရသမျှ တယောက်တပေါက် စိတ်ကူးရရာပြောကြခြင်း ဖြစ်ပါတယ်။ နေဗီတွေကလည်း ထိန်းမရ၊ ကုလားတွေကို ဖိဟောက်၊ ကုလားတွေက ဘာလုပ်ရမှန်း မသိ …။

ဒီကိစ္စ သူတို့ စက်နဲ့လှမ်းသတင်းပို့တဲ့အထဲမှာ “ဒီကောင်တွေ တော်တော်ကဲနေပြီ၊ တားလို့မရဘူး၊ ကုလားတွေကို ဝင်လုမယ့်အတိုင်းပဲ၊ ထောင်နေတဲ့ကောင်တွေ၊ ချိုချိုးပစ်မှ ငြိမ်မယ်” တဲ့။

ဒေသခံအာဏာပိုင်တွေရဲ့ သဘောထားကတော့ ရှင်းနေပြီ။ ကျနော်တို့ကို မေတ္တာမထားလှ။ သူတို့ကလည်း ဝပ်သွားအောင်လုပ်ချင်နေ၊ ကျနော်တို့ကလည်း ထွက်ပေါက်ရှာနေတဲ့ကာလ၊ တချိန်ချိန် ဝင်ဆောင့်ကြတော့မှာပါ။

ပါတီကော်မတီက တိုက်ဖို့ဆုံးဖြတ်ချက်ချထားပြီးပြီမို့ တောထဲမှာ လှဲထား၊ ဖြတ်ထား၊ ခွဲထားတဲ့ ထင်းတွေကို သွားသယ်ထားလိုက်ကြတယ်။ လိုလိုမယ်မယ် ၂ လစာလောက် ပြင်ထားကြတာပါ။ အပြင်ဘက် တောင်ယာခင်းက ဟင်းသီးဟင်းရွက်တွေ အကုန်ခူးပစ်လိုက်တယ်။ လိပ်ဥ လိပ်သားခြောက်တွေ ကြိုစုပါတယ်။

ဆက်လက်ဖော်ပြပါမယ်။