Saturday, January 31, 2009

အန်အယ်လ်ဒီ ပြောခွင့်ရသူနှင့် ဆက်သွယ်မေးမြန်းချက်

အန်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း (ဓာတ်ပုံ - အေပီ)

ဘီဘီစီ၊ ဇန်နဝါရီ ၃၁ ရက် ၂၀၀၉ ခုနှစ်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီဟာ ၇ ကြိမ်မြောက် ခရီးစဉ်အဖြစ် ဒီကနေ့မနက်ကပဲ ရန်ကုန်မြို့ကို ရောက်ရှိလာပါပြီ။ ဒီကနေ့ နေ့လည်ပိုင်းမှာ မစ္စတာ ဂမ်ဘာရီဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့မှာအခြေစိုက်တဲ့ ကုလသမဂ္ဂတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။


ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂအရာရှိတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ခရီးစဉ်အကြောင်းအသေးစိတ်ကို လောလောဆယ် ထုတ်ဖော်မပြောနိုင်သေးဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။


အများစိတ်ဝင်စားနေတာက မစ္စတာ ဂမ်ဘာရီအနေနဲ့ အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မလားဆိုတာပါပဲ။ လောလောဆယ်မှာ မစ္စတာ ဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့မှာ တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေထွက်နေတာမို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို မေးကြည့်ခဲ့ပါတယ်။


“ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းကောင်း၊ ကျနော်တို့ စီအီးစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ လည်းကောင်း တွေ့မယ်လို့ တွေ့ချင်တယ်လို့ ဆန္ဒရှိတယ်ဆိုတဲ့အကြောင်း အကြောင်းကြားထားတယ်။ အဲတော့ ကျနော်တို့ဘက်မှာလည်း စီအီးစီ အနေနဲ့တော့ တွေ့ပါ့မယ်၊ တွေ့ဖို့လည်း သူတို့ အစည်းအဝေးတွေ ထိုင်ထားပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင်တော့ ကျနော်တို့ တိတိကျကျတော့ ဘာမှမသိဘူး။ သို့သော် ကျနော်တို့က လက်ခံတွေ့ဆုံလိမ့်မယ်လို့တော့ ကျနော်တို့မျှော်လင့်မိတယ်။”


အန်အယ်ဒီ စီအီးစီ ဗဟိုကော်မတီအဖွဲ့နဲ့ တွေ့ဖို့စီစဉ်ထားတယ်ဆိုတော့ အဲဒီလို တွေ့ဆုံဆွေးနွေးတဲ့အခါ အန်အယ်ဒီအဖွဲ့ဘက်က ဘာတွေ အရေးတကြီးတင်ပြဖို့ရှိပါသလဲဆိုတော့ ဦးဉာဏ်ဝင်းက အခုလိုပြန်ဖြေခဲ့ပါတယ်။


“အရေးအကြီးဆုံးကတော့ မြန်မာ့နိုင်ငံရေးမှာ မလွဲမသွေပါဝင်ရမယ့်၊ ပြည်သူလူထုအများယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်။ လွှတ်ပေးဖို့ကိစ္စရယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကိစ္စရယ်။ ဒါဟာ ကုလသမဂ္ဂရဲ့ ပထမ Priority (ဦးစားပေးကိစ္စ) လည်းဖြစ်ပါတယ်။ ကျနော်တို့ကလည်း ဒီဟာကို အထူးအလေးပေးပြီးတော့ ဆွေးနွေးမှာပါ။”


ဒီကိစ္စတွေကို အဓိကအလေးပေးဆွေးနွေးမယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသွားပေမယ့် မစ္စတာ ဂမ်ဘာရီအနေနဲ့ ဒီတခေါက်မှာရော ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာရေး ဖိအားပေးပြောနိုင်ဖို့ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရမလားဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။


သံတမန်တွေရဲ့အပြောအရ မစ္စတာ ဂမ်ဘာရီရဲ့ ဒီတခေါက်ခရီးစဉ်မှာ အဓိက တာဝန်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီးမွန်း မကြာမီလပိုင်းအတွင်း မြန်မာနိုင်ငံကိုလာဖို့ကိစ္စနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေ လာလုပ်တာလို့လည်း ပြောနေကြပါတယ်။


သေချာတာကတော့ မစ္စတာ ဂမ်ဘာရီဟာ ဒီခရီးစဉ်ကရလဒ်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပြန်အစီရင်ခံမယ်လို့ သိရပါတယ်။ အဲဒီကတဆင့် လိုအပ်ရင် မြန်မာ့အရေးကူညီဖြေရှင်းပေးနိုင်တဲ့ အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အင်ဒိုနီးရှား၊ စင်္ကာပူ စတဲ့နိုင်ငံတွေဆီလည်း အာစီယံအစည်းအဝေးမတိုင်ခင် မစ္စတာဂမ်ဘာရီ လှည့်လည်ဆွေးနွေးဖို့ရှိတယ်လို့ သတင်းတချို့က ဆိုပါတယ်။


ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြောင်းလဲရေးအတွက် ကုလသမဂ္ဂရဲ့ ၂၀၀၉ ခုနှစ်အတွင်း ကြိုးပမ်းမှု အသစ်လို့ မြင်တွေ့ရပေမယ့် အကဲခတ်တွေကတော့ မစ္စတာ ဂမ်ဘာရီရဲ့ အရင်ခရီးစဉ်တွေကို အခြေခံပြီး ဒီခရီးစဉ်ကရော အောင်မြင်မှု ဘယ်လောက်ရမလဲဆိုတာကို သံသယနဲ့ စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။ ။


No comments: