မျှော်လင့်ခြင်း၏ တည်နေရာ
(၁)
ဘာပြုလို့များ
၂ဝဝ၃ ပန်းပွင့်များ
ရနံ့ထည့်မထားတာပါလိမ့် …။
ဟုတ်ပ
ချုပ်ညတွေမှာ
ဒုက္ခတွေနဲ့
ဥတ္တလေတိုက်ဆဲ …။
သစ်ရွက်တွေကလည်း
နှင်းစက်တွေနဲ့
ဆောင်းရက်ရှည်ချင်တာ
ဘာသဘောလဲ …။
ကြာပြီ
ယာယီမိုးတိမ်
မာယာအိမ်ဖွဲ့
မငြိမ်မသက်ရင့်မှည့်ဆဲ …။
(၂)
ငါများစွာနဲ့
ဓား မပါတဲ့
အစွမ်းမဲ့ ဓားအိမ်ပမာ …။
ပန်းပဲဖိုထဲက
မီးနာလှတဲ့
သံမယ်နလို
ခံနေရတဲ့ဘဝများ
သံမဏိသားကျခဲ့ပြီ …။
ဇာတ်ခုံပေါ်က
နာရီတလုံး
အချိန်ဖြုန်းနေတုန်းပါလား
မုန်းစရာကောင်းလိုက်တာ …။
စိတ်သစ်လူသစ်
၁၅ နှစ်ဆိုရင်
ကွန်ပစ်တာတောင်
သူဌေးဖြစ်နိုင်တယ် …။
(၃)
တခါတုန်းက
ပြုံးနေတဲ့ ဆိုင်းဘုတ်များကို
ဖြိုချသွားတဲ့လေဟာ
ဝင်းပတဲ့လေ …။
ဟောဟိုနားက
လောကကမ်းပါး
ပြိုကျသွားသံ
လှပတဲ့ အသံဟာ
ဗော်လဂါရဲ့အသံ …။
အာဏာရှင်တွေကို
ရာဇပလ္လင်က
ဆွဲချတဲ့နှစ်
၉၁ ရဲ့အသံ
ပိုလန် …
ဟန်ဂေရီ …
ရိုမေးနီးယား …
ချက် …
ဘာလင် … စတဲ့
နိုင်ငံတကာရဲ့ ပဲ့တင်သံ …။
ရာဇဝင်မှန်ကူကွက်
တလက်လက်နဲ့
တိုးတက်ပွားစည်
ဧရာဝတီ ဘယ်လဲ …။
(၄)
နှစ်ကူးတဲ့ည
သဇင်မြဆဲ
နှင်းခဆဲ …။
ဆောင်းခိုငှက်လည်း
တောင်ပံဝှက်ဆဲ
အိပ်မက်ဆဲ …။
ရိုးပြတ်တောလည်း
အမောဖောက်ဆဲ
တောက်ခေါက်ဆဲ …။
တရားဝေးသူ
စကားလွေးဆဲ
ဓားသွေးဆဲ …။
(၅)
ဇန်နဝါရီ ငါ့ကိုပြန်ပေး
မာထန်လေးနက်
ချိုးငှက်ပြန်စေ …။
နေ့ဟောင်းကို နှုတ်ဆက်
နေ့သစ်ကို ကြိုဆို
အရုဏ်ကို လက်ကမ်း
နိုးထပွင့်လမ်းပါစေ …။
အနာဂတ်မှာ
လွတ်လပ်စွာရင်ခုန်ခွင့်
စိမ်းလန်းခွင့်
ပန်းတိုင်းပွင့်ပါစေ …။
ငါ့ ၂ဝဝ၄ အရောက်
မိုးမြန်မြန်သောက်ပါစေ
သာယာထွန်းတောက်နိုင်ပါစေ … ။
(၂၉-၁၁-ဝ၃) ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သော စာပေပွဲသဘင်တွင် ဖြန့်ချိသည့်
ပြည်တွင်းမှ ကဗျာဆရာတဦး၏ ကဗျာဖြစ်ပါသည်။
No comments:
Post a Comment