၅၃ - ရက်တိုက်ပွဲ
(၁၉၇၁ - ခုနှစ် ဇွန်လ ၉ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ)
ပါတီတွင်းဖော်ပြချက်များ
အခြေအနေက အတော်ဆိုးသွားပါပြီ။ ရန်သူက အပေါ်စီးရနေပါပြီ။ ဆက်ဆံရာမှာလည်း ခပ်တင်းတင်း ဖြစ်လာပါတယ်။ တရားဝင် အသားစို စားရဖို့လည်း မမျှော်လင့်နဲ့တော့၊ ရဲဘော်ချစ်ဆွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီပြဿနာကို ရှင်းလိုက်ပါတယ်။
ဝါဒါတွေရဲ့ဆိတ်တကောင်ကို ခိုးသတ်ပြီး ဖိုကြီးကို လာသွင်းပါတယ်။ ဖိုအလှည့်ကျ တာဝန်ခံက လက်မခံ၊ ခပ်နာနာပြောလွှတ်တာ ခံလိုက်ရတယ်။ အကြီးအကျယ် ဒေါကန်ပြီး ပြန်လာခဲ့ရတယ်။
တရက် ရဲဘော်ဌေးမောင် (မန္တလေး) ရှူးရှူးရှဲရှဲနဲ့ ရောက်လာတယ်။ “ကျနော် လှေလုပ်ဖို့ ပျဉ်တွေခိုးဖြုတ်လာပြီး တောထဲမှာ ဝှက်ထားတယ်။ ဒါတွေကို မဲကြီးယူသွားပြီး တခြားရွှေ့ထားတယ်။ အဲဒါ ခင်ဗျား ပြန်တောင်းပေးပါ” … တဲ့။
ရက် ၄ဝ တိုက်ပွဲပြီးကတည်းက လူမမာဖြစ်နေတဲ့ ကျနော့်ကို ရဲဘော်တွေက ကြင်နာကြတယ်။ ဦးစားပေးကြတယ်။ မဲကြီး၊ ချိုကြီး ပြည်မြို့သား ၂ ယောက်က ပိုဂရုစိုက်ကြတယ်။ ဒါတွေကြောင့် ကျနော်ပြောရင် ရမယ်ထင်ပြီး အကူအညီတောင်းတဲ့သဘောပါ။
“ပြောကြည့်သေးတာပေါ့ …” လို့ပဲ အဖြေပေးလိုက်တယ်။ တိုက်ပွဲပြီးစ အခြေအနေကို ပြန်စဉ်းစားကြည့်မိတယ်။
ကရင်ကြီး ကိုအောင်နိုင် (DSI အရာရှိဟောင်း)က ကျနော်နာမည် အတိုကောက် (C.A.N) ပန်းစာလုံးထိုးထားတဲ့ ကိုယ်သုတ်တဘက်ကြီး တထည်၊ တိုက်ပွဲပြီး လက်ဆောင်အဖြစ် လာပေးဖူးတယ်။ ထောင်အင်္ကျီအသစ်တွေထဲက ချည်တွေထုတ်ပြီး ထိုးပေးထားတဲ့တဘက် …။
မဲကြီးကတော့ ပုံစံအမျိုးမျိုးနဲ့ ဆေးတံတွေ၊ ဟောတလုံး ဟောတလုံး လုပ်နေလေ့ရှိတယ်။ သစ်နီသား ဆေးတံတလုံးကို အရောင်တလက်လက်ထွက်အောင် ပွတ်တိုက်ပြီး လာပေးတယ်။
“ဟာ … ကျနော်မှ ဆေးမသောက်တာ”
“တိုက်ပွဲလက်ဆောင်ပေါ့” … ဆိုလို့ ယူလိုက်ရတယ်။
အချစ်ဆုံးရဲဘော် ကိုအောင်ဘော်ကတော့ ကျနော် မစားနိုင် မသောက်နိုင်တာကို အားမရ၊ သူကိုယ်တိုင်က ဒုတိယအသုတ်က တိုက်ပွဲဝင်ထားသူ၊ တင်ပါးမှာ အသားမရှိ၊ ဖင်ရှူးလေးနဲ့ … ကျနော်နားလာထိုင်ရင် ဒီအတိုင်းထိုင်မရ၊ ကျနော့် အုန်းဆံခေါင်းအုံးလေးကို သူ့ဖင်အောက် ထိုးပေးရလေ့ရှိတယ်။
သူက “ AN ရေ၊ ဘာစားချင်သလဲ၊ ကျနော် အခု လူမမာဖို ဝင်ကူနေတယ်။ ပြောစမ်းပါ”… ဆိုရင် မစားချင်ကြောင်း ခေါင်းရမ်းပြရတယ်။
တခါမှာတော့ လိပ်ဥပြုတ်ကို ဂလူးကို့စ်မှုန့်ဖြူးပြီး အတင်းစားခိုင်းတယ်။ ကျနော် အော့အန်သွားမှ လက်လျှော့တော့တယ်။ ဒီလို ရဲဘော်တွေပါ။
မဲကြီးနဲ့တွေ့တော့ “ဘာလုပ်ပြန်တာလဲ၊ ပြဿနာတခုမပြီးသေးဘူး၊ တခုလုပ်ပြန်ပြီလား”… လို့ မေးမိတယ်။
သူက ပြန်ပြီး “ဘာလဲ” တဲ့။
“ခင်ဗျား စိန်ဌေးမောင်ရဲ့ ပျဉ်တွေခိုးသွားတယ်ဆို”
သူ့မျက်နှာပြုံးဖြီးဖြီးဖြစ်သွားပြီး …
“ဟာ ကျနော်က အလံနီတွေရဲ့ပျဉ်တွေမှတ်လို့ … စိန်ဌေးမောင်ဟာတွေဆိုရင် ပြန်ထားလိုက်ပါမယ်”… တဲ့။
မဲကြီး ဘာကြောင့် သောင်းကျန်းနေတယ်ဆိုတာ ကျနော်တို့ သိကြပါတယ်။ ရက် ၄ဝ တုန်းက သူ မပါလိုက်ရ၊ ဒါကို သူ မကျေနပ်၊ လမ်းစဉ်ပြဿနာမှာလည်း သူ မကျေလည်၊ သူက ၄၈ ခုနှစ် အုပ်စိုးသူအဆက်ဆက်ဟာ လက်ဝေခံတွေချည်းပဲ … ဆိုတဲ့ အယူအဆရှိသူ။
ရန်သူကို တိုက်ဖို့လိုပြီ၊ တိုက်ရမယ်၊ တိုက်ရင် သူ့ကိုထည့်ရမယ်၊ ဒါပဲ။ ဒီလို တင်းတင်းပြတ်ပြတ်လုပ်လို့ တစတစ ရဲဘော်တွေနဲ့ တဖြည်းဖြည်း ကင်းကွာလာခဲ့တယ်။ သူနဲ့ အယူအဆတူပြီး အတူအနီးကပ်တိုက်ပွဲဝင်လာခဲ့တဲ့ အရင်းနှီးဆုံး ရဲဘော်တချို့ပင် သူ့နားက ခွာခဲ့ပြီ။ သူလည်း စိတ်လေနေဟန် ရှိတယ်။ မနက်မိုးလင်းတာနဲ့ အိတ်တလုံးလွယ်၊ ဓားတချောင်းကိုင်ပြီး တောထဲဝင်သွားလေ့ရှိတယ်။ ပြန်ချင်တဲ့အချိန်မှ ပြန်တယ်။
ပြင်ဆင်မှုများ
ရပိုင်ခွင့်ကို ဒီအတိုင်း ထိုင်စောင့်နေလို့ကလည်း မဖြစ်။ ရပြီးသားအခွင့်အရေးတွေကလည်း တစတစ ဆုံးရှုံးလာရာ ပါတီကော်မတီက “တိုက်ပွဲဝင်ဖို့ အချက်အလက်တွေ ပြင်ဆင်နေပြီ” လို့ တပ်လှန့်ထားလိုက်ပြီ။ ကိုယ်ထူကိုယ်ထ ကို တိုက်မယ်။
ကျန်တဲ့အဖွဲ့အစည်းတွေကိုချဉ်းကပ်ပြီး သဘောထားတွေ သွေးတိုးစမ်း မေးမြန်းကြည့်ပါတယ်။ မူလသဘောထားအတိုင်း ပူးတွဲတိုက်ပွဲဝင်ကြဖို့ လှုံ့ဆော်ပါတယ်။
အလံနီပါတီက သူတို့ တိုက်ပွဲပမ်းနေပါတယ်။ CPB က တိုက်ရင် ထောက်ခံပါမယ်။ သင့်တော်တဲ့ အချိန်မှာ ကူညီတဲ့တိုက်ပွဲဝင်မှု (Supporting) လုပ်ပါမယ်လို့ တုံ့ပြန်တယ်။ ကျနော်တို့ အတော်အားရှိသွားပါတယ်။
စခန်းတွင်း မလညပ ကလည်း အလားတူအဖြေမျိုး ပေးပါတယ်။ “ဒီအခြေအနေမှာ ဒီတိုက်ပွဲကို ဗမာပြည်ကွန်မြူနစ်ပါတီပဲ တိုက်နိုင်ပါတော့တယ်။ ထောက်ခံမယ်၊ အကူအညီပေးမယ်”လို့ အဖြေပေးပါတယ်။
တခါ ဖိုကြီးကခွဲထွက်ပြီး ‘တော်လှန်သော ပြည်သူ’လို့ နာမည်ပေးပြီး ခွဲချက်စားနေတဲ့ ရဲဘော် သုံးယောက်ကလည်း ‘ထောက်ခံတယ်၊ ပါဝင်မယ်’ ဖြစ်လာတယ်။
စခန်းတွင်းကိစ္စပြီးတော့ စခန်းအပြင်ဘက်ထွက်နေကြတဲ့သူတွေဘက် လှည့်ရပါတယ်။ တိုက်မှာက ‘ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေး’ တိုက်ပွဲ ဖြစ်တယ်။ ဒါကို နိုင်အောင်တိုက်နိုင်ရင် ကျွန်းစီမံကိန်း ပျက်ပြီ။ ပြည်မ ပြန်ရဖို့ လမ်းပွင့်သွားနိုင်ကြောင်း ခေါင်းဆောင်တွေက ဆွေးနွေးပါတယ်။
အားလုံးက အားတက်သရော တုံ့ပြန်တာတွေ့လိုက်ကြရတယ်။ တချို့က “တိုက်နိုင်တဲ့အား ခင်ဗျားတို့မှာပဲ ရှိတယ်။ နိုင်မယ်လို့လည်း ယုံကြည်တယ်။ ကျနော်တို့က ဝါဒါတွေနဲ့ အနီးကပ်နေရတော့ သူတို့လှုပ်ရှားမှု အမြဲသိနေမှာပဲ။ ကျနော်တို့ သတင်းပေးပါမယ်” လို့ ကတိပြုကြတယ်။ (ကတိပေးထားတဲ့အတိုင်းလည်း တိုက်ပွဲကာလမှာ စခန်းတွင်း စာပစ်သွင်းပြီး သတင်းပေးခဲ့ကြတယ်)
ကြိုတင်တွက်ချက်မှုများ
တိုက်ပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ကြရာမှာ မိမိအတွက် အားသာချက်နဲ့ အားနည်းချက်တွေဟာ ဘာလဲ … လို့ စိစစ်ရပါတယ်။
ကျွန်းပါတီမှာ အစုလေးတွေရှိကြတော့ အစုအသီးသီးက အမြင်တွေ သဘောထား တွေ တက်လာကြပါတယ်။
အားနည်းချက်တွေက …
၁။ ဗဟိုလမ်းစဉ် အတိအကျ မသိ၊ အထူးသဖြင့် ရန်သူနဲ့ပတ်သက်ပြီး လူတန်းစား အကဲဖြတ်ချက်ကိစ္စမှာ ညှိမရကြတာ။
၂။ အလံနီပါတီရဲ့ ၄၆ ရက် တိုက်ပွဲရှုံးသွားလို့ အတိုက်ရခက်သွားပြီ၊ အကျအဆုံး ပိုများတော့မယ်။
၃။ ပါတီတွင်း စည်းလုံးညီညွတ်မှု မကောင်း။
၎။ ရန်သူက အသာစည်းနဲ့ အကွက်ကျကျ ဖိနှိပ်နေတာကြောင့် ပါတီမှလွဲပြီး ကျန်ပါတီများ အသက်စွန့် တိုက်ရမယ့်တိုက်ပွဲကို မတိုက်နိုင်၊ မတိုက်ချင်တော့တာ၊ ကိုယ့်ပါတီရဲ့အလံ ကိုယ်မထူရဲတော့တာ။
အားကောင်းချက်တွေကတော့ …
၁။ အတွေ့အကြုံရင့်ကျက်တဲ့ ထောင်တွင်းဖြတ်သန်းမှုများတဲ့ ခေါင်းဆောင်တွေ ရှိတယ်။ (ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျန်၊ သခင် ခင်အောင်၊ ဦးခင်မောင်မြင့်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ခရမ်း ကိုစိန်ဝင်း၊ ကိုဖေအောင်၊ ကိုဉာဏ်ဝင်း … စသည်)
၂။ ၆၄ လမ်းစဉ်အရ ရဲသုံးရဲ ကိုင်စွဲထားသူ ရဲဘော်အများအပြား ရှိခြင်း။
၃။ ပါတီတွင်း တိုက်ပွဲကလည်း တွန်းအားတခု ဖြစ်နေခြင်း။ (ကျသွားတဲ့ ရဲဘော်တွေထဲမှာ အယူအဆ ၃ မျိုး စလုံးကို ကိုယ်စားပြုနေသူတွေပါတာကို ကြည့်ပါ။)
၎။ အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ်အသီးသီး (ထု)ရဲ့ ထောက်ခံအားပေးမှုကို ရလာခြင်း။
၅။ အခြေအနေကလည်း မတိုက်မဖြစ် အနေအထားရောက်နေခြင်း။ ရိက္ခာကိစ္စအပြင် ရန်သူက အကြောင်းအမျိုးမျိုးပြပြီး ရပြီးသားအခွင့်အရေးတွေ ဖျက်သိမ်းတာခံနေရခြင်း၊ လုံခြုံရေးကိစ္စ၊ ကျွန်းစည်းကမ်းဆိုတာတွေနဲ့ ဖမ်းဆီးအရေးယူမှုတွေ လုပ်နေခြင်း။ နိုင်ငံရေးသမားတွေဟာ ရာဇဝတ်သားတွေလို အလုပ်ကြမ်းလုပ်နေရခြင်း။ ကျန်းမာရေးများ ထိခိုက်လာကြခြင်း။
၆။ ကိုယ်ထူကိုယ်ထ စီမံကိန်းအောင်မြင်သွားခဲ့သော် ရောက်နေနှင့်တဲ့ နိုင်ငံရေးသမားတွေက အပိုးကျိုးနေခဲ့သော် … နောက်ထပ် နိုင်ငံရေးသမားတွေ ထပ်ပို့မယ့်အလားအလာရှိနေတာမို့ ‘ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေးတိုက်ပွဲ’ ဟာ နိုင်ငံရေးအရ အရေးကြီးပုံကို ရဲဘော်အားလုံး သဘောပေါက်နေကြခြင်း။
၇။ စခန်းပါတီကော်မတီက စခန်းထုရဲ့ယုံကြည်ကိုးစားမှုနဲ့ ပါတီရဲ့ ခေါင်းဆောင်မှုရလိုခြင်း (သို့) ၆၄ လမ်းစဉ်ကို အကောင်အထည်ဖော်လိုခြင်း။ ရဲဘော်တိုင်းက သူများတိုက်မရတာ တို့ရအောင်တိုက်ပြမယ်ဆိုတဲ့ တော်လှန်တဲ့ သူရဲကောင်းဝါဒ ကိုင်စွဲမိခြင်း။
၈။ ရေဒီယိုမှတဆင့် ကြားဖြတ်သတင်းများ နားထောင်ရလို့ ရန်သူ့ခြေလှမ်းတွေကို ကြိုသိနေရခြင်း။
၉။ မမျှော်လင့်ဘဲ ‘ပြည်သူ့အသံ’ကို ဖမ်းယူရရှိလိုက်ရာက ရဲဘော်တွေ အားတက်နေခြင်း။
… ဒါတွေက တိုက်ပွဲဝင်စိတ်ဓာတ်ကို တိုးတက်မြင့်မားနေစေပါတယ်။
ရှုပ်လာတဲ့ ကြားဖြတ်ပြဿနာတခု
မှောင်ခိုကုလားစက်လှေတစင်းကို နေဗီက (ကိုကိုးကြီးကျွန်းနဲ့ ကိုကိုးလေးကျွန်း ကြား) လိုက်ဖမ်းပါတယ်။ ကုလားတွေက ကိုကိုးလေးဘက်ကပ်၊ ပစ္စည်းတွေ ချ၊ ဝှက်ပြီးမှ အဖမ်းခံတဲ့ကိစ္စတရပ် ပေါ်ခဲ့တယ်။
နေဗီက လှမ်းအမိန့်ပေးပုံရပါတယ်။ မကြာခင် ကုလားတွေ လှေကလေးကို လှော်ခတ်ပြီး ကျနော်တို့ကမ်းဘက် ကပ်လာပါတယ်။ ကမ်းခြေမှာ နေဗီက လက်နက်အပြည့်အစုံနဲ့ အသင့်။
ထိန်းသိမ်းတွေကလည်း စခန်းလူကုန်လောက် ကမ်းစပ်ဆင်းပြီး ကြည့်ကြတယ်။ ထုံးစံအတိုင်း ဆူညံပွက်လောရိုက်နေတယ်။ ပွဲတော်လေးတမျှပဲ။
လာဘ်မြင်သူတွေပီပီ နေဗီက မမေးရသေးခင် ထိန်းသိမ်းတွေရဲ့မေးခွန်းတွေက ကုလားလိုရော အင်္ဂလိပ်လိုပါ ပေါ်ထွက်နေပါတယ်။ ပြောချင်ရာတွေလည်း ထည့်ပြောလိုက်ကြသေးတယ်။
“ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေပါ၊ အစိုးရက သတင်းမှောင်ချပြီး ဒီကျွန်းပေါ် တိတ်တိတ်ကလေးထားတာပါ။ ခင်ဗျားတို့ တိုင်းပြည်ပြန်ရောက်ရင် ဒီသတင်းတွေ ဖြန့်ပေးပါ”… လို့ အော်ကြတယ်။ ပြောရသမျှ တယောက်တပေါက် စိတ်ကူးရရာပြောကြခြင်း ဖြစ်ပါတယ်။ နေဗီတွေကလည်း ထိန်းမရ၊ ကုလားတွေကို ဖိဟောက်၊ ကုလားတွေက ဘာလုပ်ရမှန်း မသိ …။
ဒီကိစ္စ သူတို့ စက်နဲ့လှမ်းသတင်းပို့တဲ့အထဲမှာ “ဒီကောင်တွေ တော်တော်ကဲနေပြီ၊ တားလို့မရဘူး၊ ကုလားတွေကို ဝင်လုမယ့်အတိုင်းပဲ၊ ထောင်နေတဲ့ကောင်တွေ၊ ချိုချိုးပစ်မှ ငြိမ်မယ်” တဲ့။
ဒေသခံအာဏာပိုင်တွေရဲ့ သဘောထားကတော့ ရှင်းနေပြီ။ ကျနော်တို့ကို မေတ္တာမထားလှ။ သူတို့ကလည်း ဝပ်သွားအောင်လုပ်ချင်နေ၊ ကျနော်တို့ကလည်း ထွက်ပေါက်ရှာနေတဲ့ကာလ၊ တချိန်ချိန် ဝင်ဆောင့်ကြတော့မှာပါ။
ပါတီကော်မတီက တိုက်ဖို့ဆုံးဖြတ်ချက်ချထားပြီးပြီမို့ တောထဲမှာ လှဲထား၊ ဖြတ်ထား၊ ခွဲထားတဲ့ ထင်းတွေကို သွားသယ်ထားလိုက်ကြတယ်။ လိုလိုမယ်မယ် ၂ လစာလောက် ပြင်ထားကြတာပါ။ အပြင်ဘက် တောင်ယာခင်းက ဟင်းသီးဟင်းရွက်တွေ အကုန်ခူးပစ်လိုက်တယ်။ လိပ်ဥ လိပ်သားခြောက်တွေ ကြိုစုပါတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment