Monday, August 16, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန် (၁)

ဒီလိုလူများစွာဘက်က ဒဏ်တွေခံခဲ့ရ၊ ပြေးခဲ့ကြရပေမယ့် ချမ်းသာတဲ့သူတွေ လွှမ်းထားတဲ့ ချီလီ လက်ယာပါတီ တချို့၊ အဲဒီအချိန်က နိုင်ငံတခုခုမှာ လက်ဝဲတွေ အာဏာရလာတာကို မလိုလားတဲ့ အမေရိကန်က နစ်ဆင် အစိုးရ စတာ စတာတွေကတော့ ပီနိုရှေး အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။ အမေရိကန် CIA ကိုယ်တိုင်ပင် ချီလီအာဏာသိမ်းမှုအတွက် ဝင်ကူညီခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပီနိုရှေးနဲ့အပေါင်းအပါတို့ လူမဆန်တဲ့ ဖိနှိပ်မှုနဲ့အတူ ဆက်ပြီးတော့ လိုက်လာတာကတော့ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ပြင်ဆင်မှုပါ။ စီးပွားရေး ပြုပြုပြောင်းလဲရေးတွေလုပ်၊ စီးပွားရေး အောင်မြင်ရင် လူထုထောက်ခံမှု ပြန်ရလာပြီးတော့ တနည်းအားဖြင့် တရားမဝင်ယူထားတဲ့ နိုင်ငံရေးအာဏာကို တရားဝင်လာလေဟန် ပုံဖမ်းလို့ရနိုင်တာကိုး။

အဲဒီ စီးပွားရေးဆိုင်ရာ အပြောင်းအလဲတွေကို အမေရိကန် ချီကာဂို ယူနီဗာစတီက ဆင်းခဲ့တဲ့ ချီလီနိုင်ငံသား စီးပွားရေးပညာရှင်တွေ ဦးဆောင်တာဆိုတော့ ချီကာဂိုဘွိုင်းတွေလို့ သူတို့ကို လူသိများကြပါတယ်။ သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေး တွေက လက်တွေ့မှာတော့ …

“သူတို့ ၃ နှစ်စီမံကိန်း စီးပွားရေး အစီအစဉ်တွေလုပ်တယ်၊ ချီလီစီးပွားရေးကို ကုစားဖို့ ရှော့ရိုက်ပြီးကုတယ်လို့ ဆိုကြပါတယ်။ ဘာဖြစ်လာလဲဆိုတော့ ဈေးနှုန်းတွေက တက်ကုန်တယ်၊ လုပ်ခတွေက နည်းလာတယ်။ ဒီတော့ အခြေခံ ပြည်သူတွေအဖို့ တဖက်မှာက ပြင်းထန်တဲ့နိုင်ငံရေးဖိနှိပ်မှုတွေနဲ့ တွေ့နေရတယ်။ တဖက်မှာကျတော့ စီးပွာရေး အဆင်မပြေမှုရဲ့ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံကြရတယ်။

ဒီတော့ အစိုးရကို ပုန်ကန်ဖို့၊ ဆန္ဒပြဖို့ မစဉ်းစားနိုင်အောင် ကြုံခဲ့ကြရတာဖြစ်တယ်။ ဒါတွေက အာဏာသိမ်းပြီး နောက်တနှစ်လောက်က စကြုံနေကြရတာဖြစ်ပြီးတော့ ၁၉၈၀ နှစ်တွေလည်း စဝင်လာရော နိုင်ငံတကာမှာ စီးပွားရေးကျဆင်းမှုနဲ့တိုးတော့ အခြေအနေက ပိုဆိုးလာတာပေါ့”

တချိန်တည်းမှာပဲ အာဏာရှင် ပီနိုရှေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးဖို့ အာဏာသိမ်းတဲ့ စက်တင်ဘာလ ကတည်းက စပြီးတော့ ကော်မရှင်တခုဖွဲ့ကာ ပြင်ဆင်နေစေပါတော့တယ်။ ဒါက အာဏာရှင်တွေဘက်က အပြင်အဆင်တွေ၊ ခြေလှမ်းတွေပါ။

ဒါပေမယ့် ဖိနှိပ်ခံနေရတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အခြေခံပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကိုတော့ သူတို့ လုံးဝ ရပ်သွားအောင်လုပ်ဖို့ရာမှာ မစွမ်းသာခဲ့ပါဘူး။

“ပထမဆုံး ဆန္ဒပြပွဲတွေအဖြစ် ပြန်ထွက်လာတာကတော့ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုပါ။ ၁၉၇၇ ခုနှစ်ပိုင်းလောက်မှာ စထွက်လာပါတယ်။ အထူးသဖြင့် စစ်အစိုးရတပ်ဖွဲ့ဝင်တွေရဲ့ အသတ်ခံခဲ့ရသူတွေ၊ ပျောက်ဆုံးသွားသူ တွေရဲ့မိခင်တွေ၊ ဆွေမျိုးသားချင်းတွေရဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေပါ။ သူတို့က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ဆန့်ကျင် ဆန္ဒပြကြပါတယ်။ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူညီကြပါတယ်။ လူ့အခွင့်အရေး တောင်းဆိုမှုနဲ့ စစ်အစိုးရကို စတင် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေပေါ့”

အဲဒီအမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေက ထိရောက်မှု ဘယ်လောက်အထိရှိလဲလို့ ဆိုနိုင်မလဲခင်ဗျ။

“ထိရောက်တာပေါ့၊ တကယ့်ကို ထိရောက်တယ်လို့ ကျမ ထင်ပါတယ်။ သူတို့ဟာ စစ်အစိုးရကို စတင်ဆန္ဒပြတဲ့ လမ်းကို စဖွင့်ပေးလိုက်တယ်။ ဒီနောက်မှာ တခြား Civil Society အဖွဲ့အစည်းတွေလည်း လိုက်ပါလာကြတာတွေ ဖြစ်လာပါတယ်။ ချီလီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်နေတာကို နိုင်ငံတကာက မသိစေချင်တဲ့ စစ်အစိုးရကို ဒီလှုပ်ရှားမှုတွေက အတော် ကသိကအောက် ဖြစ်သွားစေခဲ့ပါတယ်။ သူတို့လှုပ်ရှားမှု စည်းရုံး ဆောင်ရွက်ပုံကလည်း အတော့်ကို စနစ်တကျ ရှိပါတယ်။ ဒီလှုပ်ရှားမှုတွေကြောင့် ချီလီစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက ရှုတ်ချတဲ့ဆုံးဖြတ်ချက်တွေ နှစ်စဉ် နှစ်တိုင်း ချခဲ့ရတဲ့အထိ ထိရောက်ခဲ့ပါတယ်”

အဲဒီကာလက ဒီလိုအရပ်သားတွေရဲ့ လှုပ်ရှားမှုတွေကို အမျိုးအစားခွဲကြည့်မယ် ဆိုလို့ရှိရင် ဘယ်လိုမျိုး တွေ့ရလဲဗျ။

“Civil Society အဖွဲ့အစည်းတွေကိုကြည့်ရင် ပုံစံ ၃ မျိုးနဲ့ တွေ့ရပါတယ်။ လူ့အခွင့်အရေးကို အဓိက လှုပ်ရှားကြတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ၊ အမျိုးသမီးလှုပ်ရှားမှုတွေ၊ တခါ ဆင်းရဲလွန်းတဲ့လူတွေနေတဲ့ အပိုင်းက စုဖွဲ့လှုပ်ရှားမှုတွေ၊ တခါ မြေအောက်ပါတီတွေအဖြစ်ရပ်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေပါ။ ဒီအဖွဲ့အစည်းတွေရဲ့ကြားမှာ ဆက်စပ် လုပ်ကိုင်ကြပါတယ်”

ဒေါက်တာ မာဆီယာရီးယိုးစ်ပါ။ စစ်အာဏာသိမ်းစဉ် ၁၉၇၃ ကာလက တက္ကသိုလ် ကျောင်းဆရာလည်းဖြစ်၊ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီမှာ ခေါင်းဆောင်တဦး လည်းဖြစ်နေသူ မစ္စတာ အီနက်စတို ဘက်ဘွန်တင် ကလည်း …

“ကျနော်တို့နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်တည်တံ့နေအောင် လုပ်ကြတယ်။ လူထုကြားမှာ နယ်မြေအလိုက် စုဖွဲ့ထားတာတွေ ရှိတယ်။ အလုပ်သမားသမဂ္ဂတွေ ရှိတယ်။ အမျိုးသမီးအဖွဲ့တွေ ရှိတယ်။ ကျောင်းသားသမဂ္ဂတွေ ရှိတယ်။ အားလုံး ကွန်ယက်သဘော ဆက်စပ်ထားတယ်။ အားလုံးက လျှို့ဝှက်လုပ်ကြရပါတယ်။

ဒါပေမယ့် ဆွေးနွေးပွဲတွေ၊ အမြင်ဖလှယ်တာတွေ ဆက်သွယ်ပြီးတော့ လုပ်ကြတယ်။ နိုင်ငံရေးအရ စာစောင်စာတမ်းတွေလည်း ဖြန့်ကြတာပေါ့။ ကျနော်စာရေးမယ်ဆိုရင် လျှို့ဝှက်ကလောင်နာမည်တွေနဲ့ ရေးတာတွေ လုပ်ပါတယ်။ တဖက်က လျှို့ဝှက်လုပ်ရသလို ဒီမိုကရက်တစ် အဖွဲ့အစည်းတွေဖြစ်တာမို့ တဦးသဘောထားတဦးနဲ့ ညှိနှိုင်းမှုကိုလည်း အလေးထားရပါတယ်”

အဲဒီတုန်းက ဘယ်လိုလမ်းစဉ်မျိုးတွေကို ကိုင်စွဲခဲ့ကြပါသလဲခင်ဗျ။

“ကျနော်တို့ အိန္ဒိယက မစ္စတာ ဂန္ဓီကိုင်စွဲခဲ့တဲ့ နည်းဗျူဟာအတိုင်း အကြမ်းမဖက်ဘဲ အာဏာရှင်စနစ်ကို တော်လှန် တိုက်ခိုက်တဲ့ နည်းဗျူဟာကိုပဲ ကိုင်စွဲခဲ့ပါတယ်၊ စစ်တိုက်တဲ့နည်းကို မသုံးဘူး။ ရည်ရွယ်ချက်ကတော့ ချီလီမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးပဲ။ ကျနော်တို့သွားခဲ့တဲ့ နည်းကတော့ ငြိမ်းချမ်းရေးနည်းလမ်းပါပဲ”

ဒါကတော့ ခရစ်ယာန်ဒီမိုကရက်ပါတီခေါင်းဆောင်တဦးအဖြစ် အဲဒီအချိန်က လျှို့ဝှက်လှုပ်ရှားခဲ့သူ မစ္စတာ အီနက်စတို ဘက်ဘွန်တင် ပါ။ သူက နောက်ပိုင်း လွတ်မြောက်လာတဲ့ခေတ်မှာတော့ ၁၉၉၄ နဲ့ ၉၈ ကြားမှာ ချီလီမှာ လွှတ်တော် အမတ်အဖြစ် လုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒီလိုနဲ့ ချီလီဟာ ၁၉၈၀ ကိုဝင်လာပါပြီ။ ၁၉၈၀ ဟာ စစ်အာဏာရှင်တို့ဘက်က ကြည့်မယ်ဆိုရင် သူတို့ခြေလှမ်းကို နောက်ထပ်တဆင့် တိုးပြီးတော့ လှမ်းလိုက်တဲ့နှစ်ပါ။ ၁၉၇၃ အာဏာသိမ်းစဉ်ကတည်းက သူတို့စိတ်ကြိုက် ရေးလာခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုဖို့အတွက် ပြည်သူ့ ဆန္ဒခံယူပွဲကို ၁၉၈၀ မှာ လုပ်ဖို့ ပြင်ဆင်လာပါတော့တယ်။ ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရတို့အဖို့ ဘာကြောင့်မို့ လိုအပ်နေတာပါလဲ။

“ကျမ အမြင်အရပြောရရင်တော့ သူတို့က အရင်နိုင်ငံရေးပုံစံကို ဖြိုချပစ်ပြီး သူတို့ကြိုက်တဲ့ ပုံစံသစ်ချဖို့အတွက် လုပ်တာပါ။ ချီလီမှာ ဥပဒေတွေ၊ စည်းမျဉ်းတွေချတာ လိုက်နာကြတာက အစဉ်အလာအရ သေသေချာချာ ပေါ်ထွန်းပြီးသားပါ။ ဒီတော့ သူတို့အနေနဲ့ ဒီဥပဒေအရလုပ်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်တာမျိုးလို ဆိုတာမျိုးဖြစ်အောင် ပြင်ဆင်ရတာပါ။

တနည်းအားဖြင့် သူတို့ကိုယ်သူတို့ တရားဝင်သွားအောင်လုပ်တဲ့ ရည်ရွယ်ချက်ပါ။ နောက်တချက်ကတော့ နိုင်ငံတကာရဲ့ဖိအားကို ဒီမှာဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်၊ လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုထားတာ စသည်ဖြင့်ပြပြီး ဖိအားတွေကို ရှောင်ရှားလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလည်းပါတယ် လို့ ကျမ မြင်ပါတယ်”


ဒီတော့ ဒီ ၁၉၈၀ စက်တင်ဘာမှာလုပ်တဲ့ လူထုဆန္ဒခံယူပွဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံ မခံမေးရာမှာ ဒါ လက်ခံရေးဘက်က နိုင်သွားပါတယ် ခင်ဗျ။ အဲတော့ လူထုကလက်ခံတယ်လို့ ပြောလို့မရနိုင်ဘူးလား။

“လူထုဆန္ဒခံယူပွဲကတော့ လွတ်လပ်ပြီးမျှတတဲ့စံနှုန်းတွေနဲ့ တိုင်းတာရင် အနိမ့်ဆုံးဆန္ဒတောင် မရှိဘူးလို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တိုင်းက သုံးသပ်ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံထဲ ဘာတွေပါသလဲ ဆိုတာကို လူတွေက ကောင်းကောင်း မသိကြပါဘူး။ ဘာတွေပါတယ်ဆိုတာကို လူထုကြားထဲမှာ ပြောဖို့ဆိုတာကလည်း သိတဲ့အတိုင်း စစ်အစိုးရက အုပ်ချုပ်ထားတာဆိုတော့ လူတွေအနေနဲ့ အမြဲကြောက်ရွံ့နေရတဲ့အနေအထားအောက်မှာပါ။

ဒီတော့ မပြောနိုင်ကြပါဘူး။ တကယ်တမ်း မဲထည့်ကြတဲ့အခါကျတော့လည်း မဲလိမ်တဲ့သတင်းတွေက အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ တယောက်တည်းက မဲ နှစ်ခါ သုံးခါ လာထည့်တာတို့၊ အရင်ကတည်းက ကွယ်လွန်ပြီးသား လူတွေရဲ့နာမည်နဲ့ မဲထည့်ထားတာတို့ အစုံပါပဲ”

နိုင်ငံရေးပညာရှင် ဒေါက်တာ မာဆီလာ ရီးရိုစ်ရဲ့ အဖြေပါ။

ဘယ်လိုပဲ အမှန်တရားတွေက ရှိခဲ့ ရှိခဲ့၊ အများသူငါ သေချာစွာနားမလည်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွတ်လွတ်လပ်လပ် မဲပေးခွင့်မရတဲ့ ပြည်သူ့ဆန္ဒပွဲ ရလဒ်နဲ့ ဗိုလ်ချုပ်ကြီး ပီနိုရှေးတယောက်ကတော့ အတည်ပြု သွားနိုင်ခဲ့ပါပြီ။

ဆက်လက်ဖော်ပြပါမယ်။


၂၀၁၀ တပ်လှန့်သံ (ကာတွန်း စောငို)

Sunday, August 15, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၇)

“ခင်ဗျား ဘာလူမျိုးလဲ”

သူက …

“ကျနော် မွန်လူမျိုးပါ”

“ဒီမှာ ကရင်တွေ မရှိဘူးလား”

“မရှိပါဘူး”

“ဒီအနီးအနားမှာ ရွာရှိသလား”

“ရှိတယ်၊ အစင် ဒမင်းဆိပ် လို့ ခေါ်တယ်”

ဤတွင် ဖထီမန်း စကားဝင်ပြောသည်။

“ကျနော်တို့ မုန်တိုင်းမိပြီး လှေမျှောလာတယ်ဗျာ၊ ဒီနီးအနားမှာ တဲမရှိဘူးလား၊ ကျနော်တို့ သိပ်အားမရှိဘူး”

သူ့နာမည်က ဦးအောင်သိန်း။ လူက နည်းနည်းမူးနေသည်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကို ကူညီမယ် ပြောသည်။ သူက ကျနော်တို့လှေပေါ်မှ ဝိုင်ယာကြိုးတွေကို လိုချင်သည်။ သူတို့ရွာဦးက ဘုန်းကြီးကျောင်းကို လှူဖို့အတွက် ဖြစ်သည်လို့ ပြောသည်။ "ယူပါ၊ လိုသလောက်ယူပါ" လို့ ပြောတာနဲ့ မီးကြိုးတွေ သွားဖြုတ်ယူသည်။

ကျနော်တို့ ကမ်းခြေဆိုက်သည့်အချိန်တွင် ရေချိုက တပုံး၊ ကန်စွန်းဥ၊ လိပ်သားကျပ်တိုက်ခြောက်၊ သခွားသီး ၄-၅ လုံး ကျန်သေးသည်။ ကျနော်တို့ အဝတ်အစားနည်းငယ်စီနှင့် ဆေးတို့ကိုသာ ယူပါသည်။ ကျနော်တို့ ၃ ယောက်သည် ကိုအောင်သိန်းခေါ်ရာနောက်သို့ မူးတူးဝေတေ ဒယိမ်းဒယိုင်နှင့် ကမ်းခြေအတိုင်း လိုက်ပါလာကြသည်။

ကမ်းခြေဆုံးသည်နှင့် တောစပ်ထဲသို့ချိုးဝင်လိုက်ရာ တဲကလေးတလုံးတွင် အဖိုးနှင့်အဖွား ၂ ယောက်ကို တွေ့ရပါသည်။ မှောင်လည်း မှောင်လာပါပြီ။

ဖထီးမန်းအောင်ကြည်က လေမုန်တိုင်းမိပြီး လှေမျောလာသည့်အကြောင်း ပြောပြပြီး တည်းခိုခွင့် တောင်းပါသည်။ အဖိုးနှင့် အဖွားတို့က ကျေနပ်ကြည်ဖြူစွာ တည်းခိုခွင့်ပြုပါသည်။ အဖွားက ကျနော်တို့ စားသောက်ဖို့ ပြင်ပေးသည်။

အဖွားကျွေးသော ထမင်းမှာ တောင်ယာထမင်းဖြစ်သည်။ နူးညံ့ပြီး မွှေးကြိုင်၍ အလွန်အရသာရှိလှပေသည်။ ငါးကျော်နှင့် ငါးပိရည် မိုးမျှော်ငရုပ်သီးစိမ်းတောင့်။ ကျနော် ခုထက်ထိ မမေ့သေးပါ။ စားလို့လည်း အလွန်ကောင်းလှသည်။ ကျနော် သိပ်မများပါ။ တော်ရုံသာ စားပါသည်။ ပင်လယ်တွင် ၁၀ ရက်ကျော် ထမင်းမစားခဲ့ရပါ။ အဝမစားဘဲ သင့်ရုံသာစားပါသည်။

အဖိုးနှင့်အဖွားမှာ ကွပ်ပျစ်တဲ နိမ့်နိမ့်ကလေးတွင် နေကြသည်။ တဲနိမ့်နိမ့်နှင့် ကပ်ရက် ခြေတံရှည်တဲရှိသည်။ ကျနော်တို့ကို ခြေတံရှည်တဲပေါ်တွင် နေရာပေးပါသည်။ ဆရာဦးအောင်ငွေကို နယ်မြေအခြေအနေ ရှေ့ဆက်ရမည့်ခရီးစဉ် အလားအလာကို ဖထီးမန်းက သူ့ကို လေ့လာခိုင်းပါသည်။ ဆရာဦးအောင်ငွေသည် နူးညံ့သိမ်မွေ့သူ၊ ဆက်ဆံရေးပြေပြစ်သူ၊ လူ့သဘော လူ့သဘာဝကို နားလည်သူဖြစ်သည်။

ဖထီးမန်းအောင်ကြည်က ဆွယ်တာလက်ပြတ် တထည်၊ ဆရာဦးအောင်ငွေက သဘက်တထည်နှင့် ဆေးဝါး အချို့ကို အဖိုးနှင့်အဖွားကို ကန်တော့ပါသည်။ အဖိုးနှင့်အဖွားမှာ ဆုတွေ အခါခါပေးသည်။ ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ အန္တရာယ် ကင်းပါစေ၊ လိုရာဆန္ဒပြည့်ဝပါစေ စသည့် ဆုမွန်ကောင်းတွေကို မွန်လိုရော၊ ဗမာလိုပါ ပေးသည်။

ဆက်လက်ဖော်ပြပါမည်။


Thursday, August 12, 2010

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေစာရင်း နအဖ စစ်အစိုးရ ထုတ်ပြန်

မဲဆန္ဒနယ်မြေစာရင်းပါ သတင်းစာကို ဖတ်ရှုနေသူ ရန်ကုန်မြို့ခံတချို့
(ဓာတ်ပုံ - အေပီ)


၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းနဲ့ပြည်နယ်အလိုက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေစာရင်းကို နအဖ စစ်အစိုးရဲ့ ရွေးကောက်ပွဲကော်ရှင်က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

တနိုင်ငံလုံး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေပေါင်း ၃၃၀ နေရာသတ်မှတ်ပြီး ရှမ်းပြည်နယ်က မဲဆန္ဒနယ် ၅၅ နေရာနဲ့ အများဆုံး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းက ၄၅ နေရာဖြင့် ဒုတိယအများဆုံးပြီး စစ်ကိုင်းတိုင်း ၃၇ နေရာ၊ မန္တလေးတိုင်း ၃၆ နေရာတို့ဖြစ်ကာ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကတော့ ၉ နေရာစီနဲ့ အနည်းဆုံး ဖြစ်ပါတယ်။

ယနေ့ထုတ်ပြန်တဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေစာရင်းကတော့ ကချင်ပြည်နယ် ၁၈၊ ကယားပြည်နယ် ၇၊ ကရင်ပြည်နယ် ၇၊ ချင်းပြည်နယ် ၉၊ စစ်ကိုင်းတိုင်း ၃၇၊ တနင်္သာရီတိုင်း ၁၀၊ ပဲခူးတိုင်း ၂၈၊ မကွေးတိုင်း ၂၅၊ မန္တလေးတိုင်း ၃၆၊ မွန်ပြည်နယ် ၁၀၊ ရခိုင်ပြည်နယ် ၁၇၊ ရန်ကုန်တိုင်း ၄၅၊ ရှမ်းပြည်နယ် ၅၅ နေရာနှင့် ဧရာဝတီတိုင်း ၂၆ နေရာတို့ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက မြန်မာတနိုင်ငံလုံး မြို့နယ်ပေါင်း ၃၂၅ မြို့နယ်၊ မဲဆန္ဒနယ်မြေ ၄၉၂ နေရာရှိခဲ့ပြီး ယခု ၂၀၁၀ ရွေးကောက်ပွဲက မြို့နယ်ပေါင်း ၃၃၀၊ မဲဆန္ဒနယ်မြေ ၃၃၀ သာရှိရာ မြို့နယ် ၅ ခုတိုးပြီး မဲဆန္ဒနယ်မြေ ၁၆၂ နေရာ လျော့သွားခြင်းဖြစ်ပါတယ်။

အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ ၄၄၀ သတ်မှတ်ထားပြီး အမတ် ၃၃၀ ကို ပြည်သူလူထုက ရွေးချယ်ရမှာဖြစ်ပြီးတော့ ၁၁၀ ကိုတော့ စစ်တပ်ကနေ တိုက်ရိုက်ခန့်အပ်မှာ ဖြစ်ပါတယ်။

နအဖ စစ်အစိုးရက အခုလို ပြည်သူ့လွှတ်တော်နယ်မြေစာရင်းကို ထုတ်ပြန်ကြေညာပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ မကြေညာသေးပါဘူး။ ဒါပေမယ့် ဒီဇင်ဘာလထဲမှာကျင်းပနိုင်တယ်လို့ တချို့က ခန့်မှန်း ပြောဆိုနေကြပါတယ်။

သမိုင်းဆိုတာ နားလည်မှုပေး ရေးဖွဲ့ထားတဲ့ အနုပညာတခု မဟုတ်ပါ

ဘီဘီစီ မြန်မာ့အရေး ကမ္ဘာ့အရေးမှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို ကျောင်းသား တော်တော်များများက စိတ်ပျက်ကြတယ်။ အထူးသဖြင့် ၁၉၉၆ ကာလ ရန်ကုန်စက်မှုတက္ကသိုလ် မှာ စာသင်ကြားခဲ့ဖူးတဲ့ ကျောင်းသားတွေ၊ သူတို့က ပြန်လည် တုံ့ပြန်ငြင်းခုန်စေ ချင်တယ်။ ထောက်ပြနိုင်တဲ့ အဖြစ်အပျက်တွေကို ကျနော်တို့ အာရုံမှာ ပြန်ဖော်ကြည့်ကြတယ်။ အသေးအဖွဲကိစ္စတွေလို့ ထင်ရပေမယ့် ဂန္ထဝင်တွေ တာဝန်ရှိရှိပြောစေချင်လို့ ပြန်ရေးရတာပါလို့ ဆိုပါရစေ။ ဆရာဦးဝင်းဖေ အတွက်ပါ။

ပေဖူးလွှာ မဂ္ဂဇင်းမှာ ‘တသသ’ ဆိုတဲ့ကဏ္ဍတခုကို မှတ်မိကြလိမ့်မယ် ထင်ပါတယ်။ ကဗျာဆရာ၊ ရုပ်ရှင် ဒါရိုက်တာ တယောက်ဖြစ်တဲ့ ‘ပိုင်သ’ က အဲ့ဒီကဏ္ဍလေးမှာ သူ ဖြတ်သန်းကျင်လည်နေရတဲ့ ဘဝနှစ်ခုကို ဆွေးမြေ့မှု တသမှုတွေနဲ့ စိတ်ဝင်စားဖွယ် တင်ပြထားတယ်။

သူက ကဗျာဆရာအဖြစ် ကျင်လည်ရတဲ့ဘဝကို ပြောပြတဲ့အခါ ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ဘဝတွေက မပြေလည်ရှာဘူး။ လူမှုအကြပ်အတည်းတွေနဲ့ ပြည့်နေပေမယ့် ယုံကြည်ချက်နဲ့ ပတ်သက်ရင်၊ ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ရင် မာနမလျော့ဘူး။ ခိုင်ခိုင်မာမာ ရပ်တည်တယ်။ ဒါရိုက်တာအဖြစ် ကျင်လည်ရတဲ့လောကမှာ မင်းသမီး၊ မင်းသားတွေက နုရွလတ်ဆတ်နေတယ်။ အဆင်ပြေကြတယ်။ ဒါပေမယ့် သူတို့က ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို အရာအားလုံးကိုလဲပစ်ဖို့ ဝန်မလေးဘူး။ ဒူးထောက်ဖို့ ဝန်မလေးဘူး။ မာန မရှိဘူး။ ကိုယ်လိုချင်တဲ့အရာတွေ အတွက် ဂုဏ်သိက္ခာကို ရောင်းစားဖို့လည်း ဝန်မလေးဘူး။

ပိုင်သက ဒါရိုက်တာအဖြစ် ကျင်လည်နေရတဲ့ဘဝတွေထဲက ရုပ်ပုံတွေကို တသသမဖြစ်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်ကြပေမယ့် ကိုယ့်ရဲ့ယုံကြည်ချက်ကို မာန်မလျော့ပဲ ဆက်လက်တူးဖော်နေကြတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေ စုဝေးရာနေရာလေးကို လွမ်းဆွတ်မှုအပြည့်နဲ့ တသသဖြစ်နေခဲ့တယ်လို့ ဆိုတယ်။ ပိုင်သ ကို ကျနော် မရင်းနှီးပါဘူး။ ဒါပေမယ့် တသသထဲမှာ ပွင့်လင်းစွာ ရင်ဖွင့်ထားတဲ့ သူ့ရဲ့အမြင်ကို သဘောကျခဲ့တယ်။

(၁)

ရော့ဂ်ဂီတအဆိုတော် ဇော်ဝင်းထွဋ် ရဲ့ ‘မဟာ’ စီးရီးကို မှတ်မိကြမလား မသိဘူး။ စစ်အစိုးရက ၁၉၉၆ မှာ သူ့ကို အသုံးချပြီး ဝါဒဖြန့် သီချင်းခွေထုတ်ခဲ့တယ်။ တက္ကသိုလ်နယ်မြေအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေအားလုံးကို မဟာ စီးရီးခွေကိုဖွင့်ရမယ်လို့ အစိုးရက တိုးတိုးတိတ်တိတ် ထုတ်ပြန်ထားခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ပြန်အားစမ်းခဲ့ပါတယ်။ “ဇော်ဝင်းထွဋ်ရဲ့ မဟာ သီချင်းဖွင့်တဲ့ဆိုင် မီးရှို့ခံရမယ်” လို့။

ဖြစ်ချင်တော့ တရက်မှာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းအဝင်မှာ ဖွင့်ထားတဲ့ ‘ဟယ်လို’ လ္ဘက်ရည်ဆိုင်မှာ ဇော်ဝင်းထွဋ်ရဲ့ မဟာသီချင်း ဖွင့်နေသံကို ကြားလိုက်ရတယ်။ အီးဆောင်နဲ့ ဒီဆောင်မှာ ရှိတဲ့ကျောင်းသားတွေ အောက်ကို ဆင်းလာကြတယ်။ နောက် ဆိုင်ရှင်ကို မေးတယ်။ ဒီသီချင်းခွေကို ဘယ်သူ ယူလာတာလဲလို့။ ဆိုင်ရှင်က ဝိုင်းတဝိုင်းကို လက်ညှိုးထိုးပြတယ်။ ကြည့်လိုက်တော့ အင်ပါယာ တေးဂီတမှာ တီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျနော်တို့တတွေ အဲ့ဒီ ဇော်ဝင်းထွဋ်ခွေကို အုတ်နီခဲကျိုးနဲ့ထု၊ ရိုက်ခွဲပစ်လိုက်ပြီး လ္ဘက်ရည်ဆိုင်ထဲ ကနေထွက်သွားပေးဖို့ ပြောခဲ့ကြတယ်။ တကယ်တော့ သူတို့နဲ့ ကျနော်တို့တတွေ တယောက်ကိုတယောက် သိကြတာပဲ။ ကျနော်တို့လည်း ရန်ကုန် စက်မှုတက္ကသိုလ်နဲ့ ကပ်တည်ရှိနေတဲ့ ဆရာစောဘွဲ့မှူးအဖွဲ့ အခြေစိုက်ရာ ဘုရားကျောင်းမှာ ဂစ်တာသင်ကြားနေသူတွေ။ ဒါပေမယ့် မူ ကိုတော့ အလျော့ပေးလို့ မရဘူး။ ဇော်ဝင်းထွဋ်ရဲ့ မဟာခွေကိုဖွင့်တဲ့ဆိုင် ပြဿနာတက်မယ်လို့ ရာဇသံပေးထားပြီးပြီ။

ဒီ ရပ်တည်ချက်ကို ချိုးဖောက်လာသူတွေအားလုံးကို တုံ့ပြန်ရမယ်ဆိုတာ အားလုံး ဆုံးဖြတ်ပြီးသား။ သူတို့ကလည်း အစိုးရခိုင်းလို့ ထုတ်ရတယ်ဆိုတာ သိပေမယ့် ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ခံစားချက်၊ မူဝါဒကို နားလည်ပေးဖို့လိုမယ်။ သူတို့ နားလည်ပါတယ်။ ကျနော်တို့တတွေ၊ သူတို့ကို လ္ဘက်ရည်ဆိုင်ထဲက မောင်းထုတ်ခဲ့ပေမယ့် သူတို့နဲ့ ကျနော်တို့ကြားက ဆက်ဆံရေး ပျက်မသွားခဲ့ပါဘူး။ ကင်န်တင်းမှာ ကိုမွန်းအောင်ရဲ့ သီချင်းတွေ နေရာယူလာခဲ့ဖူးတယ်။

(၂)

စိုင်းထီးဆိုင်နဲ့ ခင်မောင်တိုး ပေါင်းထုတ်တဲ့ စီးရီးခွေလေး ရှိပါတယ်။ အဲ့ဒီတုန်းက တက္ကသိုလ်ကျောင်းသားတွေ အားလုံးက ကိုခင်မောင်တိုးရဲ့အခြမ်းကိုသာ နားထောင်ပြီး ကိုထီးရဲ့အခြမ်းကို သပိတ်မှောက်ခဲ့ကြတယ်။ အဲ့ဒီကာလမှာ ဆရာ စိုင်းခမ်းလိတ်က စိုင်းထီးဆိုင်ကို သီချင်းမပေးတော့ပါဘူး။ အစိုးရဝါဒဖြန့် သီချင်းတွေ ရေးနေတဲ့ မြသန်းစံရဲ့သီချင်းကို စိုင်းထီးဆိုင် ဆိုလိုက်မိလို့ အဲ့သလို သပိတ်မှောက်တဲ့ပြဿနာတွေ ပေါ်လာတာပါ။ စိုင်းထီးဆိုင်ရဲ့ အားနည်းချက်ကို စစ်အစိုးရကကိုင်ထားပြီး ဝါဒဖြန့်သီချင်းတွေ ဆိုခိုင်းခဲ့တယ် ဆိုတာသိပေမယ့်၊ ကိုထီး ကို ချစ်ခင်မြတ်နိုးကြပေမယ့် ကျနော်တို့မှာလည်း လုပ်စရာရှိတာကို လုပ်ရပါတယ်။

(၃)

ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ အကြီးအကျယ် ဆက်ဆံရေး ပျက်ခဲ့သူက ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာ ပါ။

စိုးမြတ်သူဇာ က နော်ရင်မွှေး ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ဆွတ်ခူးပြီးခါစ။ ရန်ကုန် စက်မှုတက္ကသိုလ်ဆီကို ရုပ်ရှင်ကား ရိုက်ဖို့ရောက်လာခဲ့တယ်။ မေတ္တာပေါင်းကူး လက်ဘက်ရည်ဆိုင်ရှေ့မှာ ရောက်လာတဲ့ စိုးမြတ်သူဇာ ကို ကျောင်းသားတယောက်က “အစိုးရကိုဖားလို့ အကယ်ဒမီဆွတ်ခူးခဲ့တဲ့ စုံးမသူဇာ လာပါပြီခင်ဗျာ”လို့ အော်ပြီး လက်ခုပ်တီးလိုက်တယ်။

စိုးမြတ်သူဇာ ကလည်း အင်မတန် မောက်မာသူလို့ နာမည်ကြီးသူလေ။ ဘယ်ငြိမ်ခံနေမလဲ။

“ကျောင်းသားက ကျောင်းသားလိုမနေဘူး။ ထောက်လှမ်းရေးနဲ့ကို တိုင်ပစ်အုံးမယ်” ဆိုပြီး ထွီ ထွမ် လုပ်သွားခဲ့တယ်။ လ္ဘက်ရည်ဆိုင်ထဲက ရေနွေးခရား တီးသံတွေ၊ ဒေါသသံတွေ လျှံကျလာတယ်။ ကင်န်တင်းမှာထိုင်နေတဲ့ ကျောင်းသူတွေက အစ၊ ရိုက်ကွင်းဆီကို လိုက်သွားကြတယ်။ ရိုက်ကွင်းကို ချက်ချင်းသိမ်းပစ်ဖို့ ကျောင်းသားတွေက အမိန့်ပေးလိုက်တယ်။ ဆက်နေရင် ပြဿနာက များလာတော့မှာဆိုတော့ သူတို့တတွေ ရိုက်ကွင်းသိမ်း ပြန်သွားရတယ်။

ပြဿနာက မပြီးသေးပါဘူး။ စိုးမြတ်သူဇာ က စစ်ထောက်လှမ်းရေးကို တိုင်ခဲ့တဲ့အတွက် ပါမောက္ခချုပ် ဦးကြင်စိုးက ကျနော့် သူငယ်ချင်းကို ကျောင်းထုတ်ဖို့ ကြိုးစားပါတယ်။ ကျနော်တို့ကလည်း ဘယ်ရမလဲ။ ကြို့ကုန်းဆောင်အတွင်းက ယောင်္ကျားလေးဆောင် ၆ ဆောင်နဲ့ ဂျီဟောဆောင်က ကျောင်းသူတွေအားလုံးရဲ့ လက်မှတ်ကိုတောင်းယူလိုက်ပြီး ဦးကြင်စိုး ကို သတိပေးလိုက်တယ်။ ထောက်လှမ်းရေးကို ပရောပရီသွားလုပ်တဲ့ ဖက်ခွက်စားကို အရေးမယူပဲ ကျနော်တို့ သူငယ်ချင်းကို ကျောင်းထုတ်မယ်ဆိုရင် ကျနော်တို့အားလုံး တိုက်ပွဲကို ရင်ဆိုင်ဖို့အတွက် အားလုံးအသင့်ပြင်ထားပါပြီလို့။ ကျောင်းအာဏာပိုင်တွေက ကျနော့်တို့ကို ထိပ်တိုက် ရင်မဆိုင်ရဲပါဘူး။ ဒီသတင်းကို မဂ္ဂဇင်းတိုက်တွေမှာ ဖော်ပြခြင်း မပြုရဘူးလို့ စစ်ထောက်လှမ်းရေးက အမိန့်ပေးထားခဲ့တယ်။

တကယ်တော့ ၁၉၉၆ ကာလ၊ ရန်ကုန် စက်မှုတက္ကသိုလ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေက ကျောင်းသားတွေကို သွေးပူလေ့ကျင့်ခန်း လုပ်ပေးလိုက် သလိုဖြစ်သွားတယ်။ ကျောင်းသားတွေဟာ စစ်အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်နေသူတွေကို ဖိအားပေးရင်း လှုပ်ရှားမှုကို ပြန်မြှင့်ရတော့မယ် ဆိုတာ သဘောပေါက်နေကြ တယ်။ ဒီလိုနဲ့ … မတ်လ ၁၃ ရက် အခမ်းအနားတွေ အကြီးအကျယ် ပေါ်လာတယ်။ ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသားတွေ တက်တက်ကြွကြွ ဖောက်ခွဲကြတော့တယ်။

(၄)

အနုပညာသည်တွေဘက်က အလွန်အကျွံ ကာကွယ်ပြောဆိုပြီး ပြည်ပနိုင်ငံရေး သမားတွေကို အပေါ်စီးက လူတတ်လုပ်၊ ဝေဖန်တိုက်ခိုက်နေတဲ့ အသံတွေ ကြားနေရတယ်။ ဆင်းရဲကြပ်တည်းမှုတွေနဲ့ ဒုက္ခတွေအောက်မှာ ရပ်တည်နေရတဲ့သူတွေရဲ့ ခံစားချက်တွေ၊ ဘဝကိုဖျက်လာရသူတွေရဲ့စိတ်ဒဏ်ရာတွေကို တစက်မှထည့် စဉ်းစားမပေးဘဲ တလျောက်လုံး အခွင့်အရေးတွေရနေသူတွေဘက်က ဆတ်ဆတ်ခါ နာနေသူတွေကိုတော့ နားမလည်နိုင်အောင်ပါပဲ။

“ပြန်ပေးဆွဲခံရတဲ့ အနုပညာသည်တွေကို အစိုးရ ဝါဒဖြန့်ချိရေးဇာတ်ကား ရိုက်ရကောင်းလားလို့ အပြစ်တင်နေကြမလား။ အနုပညာသည်တွေကို ဆန္ဒပြရင် အကုသိုလ်ရမယ်” ဆိုတော့ ဗိုလ်အောင်ကြီးရဲ့ စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားကြနဲ့ ဆိုတဲ့စကားကို သွားသတိရမိတယ်။

သေချာစဉ်းစားပါဦး ဆရာတို့ရယ်။ တချို့အနုပညာသမားတွေက ဟိုဘက်ကသာရင် ဟိုဘက်ကို ပေါင်းမယ်။ ဒီဘက်ကသာရင် ဒီဘက် ပေါင်းမယ်။ ပြီးရင် ရတဲ့အခွင့်အရေးကို ယူ။ ကိုယ့်အောင်မြင်မှုအတွက် ခန္ဓာကိုယ်ကိုပါ လိုအပ်ရင် ရင်းပစ်လိုက်မယ်ဆိုတာ လူဗြိန်းတောင်နားလည်တဲ့ အဲ့ဒီလောကသား အများစုရဲ့ အဖြစ်အပျက်တွေ ပါ။ အထူးအဆန်းတွေ မဟုတ်ပါဘူး။ သိပ်လည်း ခံစားနေစရာမလိုပါဘူး။ နိုင်ငံရေးလုပ်နေတဲ့သူတွေကို “သူတို့က အစိုးရ ဖိအားပေးလို့ လုပ်ရတာပါ” ဆိုတာတွေကိုလည်း ရှင်းပြနေစရာမလိုပါဘူး။

“သူတို့ကို စည်းရုံးရေးလုပ်ချင်ရင် ငွေများများ သုံးဖြုန်းပြလိုက်” ဆိုတဲ့ ခပ်ညံ့ညံ့ သီအိုရီတွေလည်း ကျနော်တို့ နားလည်ပါတယ်။ တိုင်းပြည်မှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာသိလို့ပဲ သူများတွေ သီချင်းတအေးအေးနဲ့ လွမ်းနေချိန်၊ ဘွဲ့ရဖို့ကြိုးစားနေချိန်မှာ စာသင်ခန်းတွေပစ်ပြီး သူပုန်ဘဝရောက်ခဲ့ကြ သူတွေပါ။ ဘလောက်ကလေး တခုနှစ်ခု ဖွင့်၊ နိုင်ငံရေးကို ဧည့်ခန်းဆောင်မှာ အခန့်သားထိုင် အညွှန့်ခူးစား လူပေါ်လူဇော် လုပ်မယ့် မျိုးဆက်သစ်အမည်ခံ စိတ်ကူးတွေလိုမျိုး တယောက်မှမရှိခဲ့တဲ့သူတွေပါ။

(၅)

ကျောင်းသားတွေ တောထဲမှာ ငှက်ဖျားပိုးနဲ့ အသက်လုနေရချိန်၊ ‘ပါပီမ’ ရုပ်ရှင် ထွက်လာတယ်။ ရှစ်လေးလုံး အရေးတော်ပုံအတွင်းတုန်းက စစ်တပ်ကို အောက်တန်းကျကျ ဆဲခဲ့တဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ ဝုန်းခနဲ ဘက်ပြောင်း ကုန်တယ်။ မာနယ်ပလောတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ခဲ့တဲ့ ဗမာစစ်တပ်ကို ဘယ်လို ချစ်မြတ်နိုးကြောင်း … သဝဏ်လွှာတွေ၊ သတင်းစာတွေမှာ ပလူပျံလာတယ်။ တချို့က ကိုယ်ကိုယ်တိုင်က အားရဝမ်းသာ လှိုက်လှိုက်လှဲလှဲ ပေါင်းစည်းခဲ့တာ။ ဒါတွေက ဒါရိုက်တာ ပိုင်သ ပြောခဲ့သလိုပဲ “အောင်မြင်မှုအတွက်ဆို မာန ကအစ ဈေးလျော့ပစ်ဖို့၊ အောက်ကနေ တိုးဝင်ဖို့ ဝန်မလေးတဲ့ လောကတခု” အဖြစ် နားလည်ပေးလိုက်ပါတယ်။

မဆန်းကြယ်တဲ့လောကကို မြင့်မြတ်တဲ့ဘုံလို သိပ်မညွှန်းဖို့လည်း လိုပါတယ်။ ပြည်ပမှာရောက်နေတဲ့သူတွေက ဆန္ဒပြလို့၊ ရန်သူ့ဘက် ပေါင်းသွားမယ်၊ စည်းရုံးယူရမယ်ဆိုတဲ့သူတွေကို တခုပဲ အကြံပေးချင်ပါတယ်။ သူတို့ကို စည်းရုံးချင်ရင် ဗိုလ်ချုပ်တွေလို၊ ဘိန်းရာဇာတွေလိုသာ ချမ်းသာအောင်လုပ်ပါ မိတ်ဆွေတို့။

(၆)

ဂျိမ်းဖောင်ဒါ လို မင်းသမီးတွေကြောင့် ဗီယက်နမ်စစ်ပွဲ ရပ်တန့်စေမယ့် လှုပ်ရှားမှုတွေ ပိုမိုအားကောင်း လာခဲ့တယ်။ မင်းသားကြီး ထွန်းဝေ၊ ဦးမြတ်လေး၊ ကိုကျော်သူ၊ ကိုဇာဂနာ၊ နှုတ်ခမ်းမွှေး လူရွှင်တော်ညီအကိုတို့ရဲ့ မွန်မြတ်တဲ့ လုပ်ငန်းတွေကြောင့်ပဲ ပြည်သူတွေက သူတို့ကို ချစ်ခဲ့တယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ဘီဘီစီမှာ ပြောနေတဲ့ ဆရာဦးဝင်းဖေရဲ့ “ဝင်းဖေလွယ်အိတ်” လို ကြုံရာလျှောက်ပြောနေတဲ့ ဇာတ်လမ်းတွေနဲ့တော့ မတူနိုင်ဘူး။ ပစ်မှတ်ကို တဆင့်ချင်း လွှတ်ရတယ်ဆိုတာ လူတွေသိပါတယ်။ ဟတ်ဒ် (Heart) ကိုထိအောင် ပစ်ရတယ်ဆိုတာ ဒီကနေ့ လူငယ်တွေပြောနေတဲ့ စကားပါ။

“ချစ်သူသည်သာ ငြိမ်းချမ်းရာမြေ၊ အိပ်မက်ဆန်သော … ငြိမ်းချမ်းသာယာသော နယ်မြေ …” ဆိုတဲ့ ဒေါ်မာမာအေးလို သီချင်းဆိုပြီး ဇာတ်သိမ်းသွားမယ့် အဝေးရောက် ‘ဂန္ထဝင်’ အဖြစ် ကျန်မနေရစ်ချင်ပါဘူး။

ဆန္ဒပြတယ်ဆိုတာ ဟဒ် ကိုထိအောင် ပစ်ကြည့်တာပါ။ ရုပ်ရှင်မင်းသား မင်းသမီးတွေကို ဆန္ဒပြတဲ့သူတွေက သူတို့ကိုမုန်းလို့ မဟုတ်ပါဘူး။ “ပြည်တွင်းက ရဲဘော်တွေ ပြောခွင့်မရတဲ့အရာတွေကို ကျမတို့က ပြောနေရတာပါ” တဲ့။ ပြည်တော် မပြန်ခင်မှာ စဉ်းစားစရာတွေ ပါသွားအောင်၊ နှလုံးသားကို လှမ်းပစ်ကြည့်တဲ့ သဘောလောက်ပါ။ တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ခေတ်ကြီးမှာ မေ့မေ့လျော့လျော့နေချင်သူတွေကို ဒီလောက်တော့ သတိပေးသင့်တယ်လို့ ထင်ပါတယ်။

တောင်ပြိုနေတာပါ။ လက်ဖဝါးနဲ့ သွားကာမနေကြပါနဲ့။

အရှိန်နဲ့လှုပ်နေသူတွေသာ သမိုင်းလမ်းကြောင်းကို ပြောင်းလဲနိုင်သူတွေဖြစ်တယ် လို့ ယုံတယ်။ ဟာ့ဒ် ကိုသာ ထိအောင်ပစ်ပါ မိတ်ဆွေတို့။

အောင်မိုးဝင်း

ရှင်းလင်းချက် … ဂန္ထဝင် ဆိုတာ Classic ကို ပြောခြင်းဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီး မဟုတ်ပါ။ ဘီဘီစီ ‘မြန်မာ့အရေး ကမ္ဘာ့အရေး’ မှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို လုံးဝ မကြိုက်ပါ။ တကယ်ဆို အနုပညာအရ ဝါရင့်သော၊ သြဇာကြီးမားသောသူများက ပြောသင့်သည်မှာ “ပြည်သူတွေကတော့ အစိုးရကိုတအား မုန်းနေတယ်၊ ခေတ်ဆိုးခေတ်ကြပ်ကြီးမှာ ကြားမညပ်စေနဲ့။ သတိထားကြအုံး” ဟူသော စကားမျိုးဖြင့် ဆုံးမသင့်ပါတယ်။ တာဝန်ရှိရှိ ပြောစေချင်ပါတယ် ဆရာ။


Tuesday, August 10, 2010

မန္တလေး ဘူတာကြီးက ဆိုက္ကားဆရာ

(မြန်မာပြည်အစိုးရက ဗီဇာပိတ်ပင်ထားသော ဂျာနယ်လစ်တဦးဖြစ်သူ Pico Iyer ၏ The Man, The Men at the Station ကို ဆိုလိုရင်းမိအောင် ဘာသာပြန် ထားသည်။ မူရင်းကို ဖတ်ရှုလိုပါက 2009 May လတွင် ထုတ်ဝေခဲ့သော Burn This Book စာမျက်နှာ ၄၂ တွင် ကြည့်ရှုပါ)

+++++

မန္တလေးဘူတာကြီးကို ရထားဆိုက်ပါပြီ။

တညလုံးစီးလာခဲ့ရတဲ့ ရထားပေါ်ကလည်း ဆင်းလိုက်ရော - ဟာ ကျနော့်ကို အလုအယက် ဝိုင်းဆွဲကြတော့တာ ပါပဲ။ ဆိုက္ကားဆရာတွေလေ။ သူ့ငှားပါ - ငါ့ငှားပါပေါ့။ တရွတ်တိုက်ပြီး တောက်တဲ့ကပ် ကပ်တော့တာပါပဲ။ အကွက်မပေါ်နဲ့ အင်္ကျီနဲ့ ပုဆိုးတွေနဲ့။ အိပ်ရေးမဝတဲ့ ပြူးကြောင်ကြောင် မျက်လုံးတွေနဲ့။ ချွေးနံ့တွေနဲ့။ (တညလုံး သူတို့ဆိုက္ကားပေါ်မှာ အိပ်ပြီး ဒီရထားကို စောင့်နေကြဟန် တူပါတယ်)

ကျနော့်အဖို့ကတော့ ဂျာနယ်လစ်အနေနဲ့ ဗမာပြည်လို နိုင်ငံတော်တော်များများကို ရောက်ဖူးခဲ့ပြီးပြီမို့ ဒီမြင်ကွင်းတွေဟာ သိပ်တော့ အထူးအဆန်း မဟုတ်လှဘူး။ ရိုးနေပါပြီ။ ကျနော်လို တိုးရစ်တွေဆီက မြိုးမြိုးမြက်မြက်ရအောင် လာပြီး ဆွယ်မယ်။ ကပ်မယ်။ (တချိန်ထဲမှာပဲ မျက်လုံးတွေကလည်း ကျီးကန်းတောင်းမှောက်နဲ့) ဘေးဘီကို အရိပ်အခြည် ကြည့်ကြဦးမယ်။ ပြောလို့မရဘူးလေ။ ဘူတာကြီးလို နေရာမျိုးမှာ ‘အစိုးရလူ’တွေက ခြေရာချင်းထပ် နေတာမဟုတ်လား။ (ဗမာပြည်လိုနေရာမျိုးမှာ ပါးပါးလှပ်လှပ်နဲ့ မျက်စိကော နားကော အစွမ်းကုန်ဖွင့်ထားကာမှ တော်ရုံကျတာ။ ကိုယ်ချောက်ကျမယ့် အပေါက်တွေကိုလည်း ကိုယ့်ဖာသာကိုယ် ကြည့်ရှောင်တတ်ဖို့လည်း လိုသေးတယ်)

နောက်တော့ အဲဒီဆိုက္ကားဆရာတွေထဲက တယောက်နဲ့ ဈေးတည့်သွားတယ်။ လူပုံကတော့ ခပ်စုတ်စုတ်ပါပဲ။ ပုဆိုးဝတ်ထားတာက မသေမသပ်နဲ့။ မုတ်ဆိတ်ကျင်စွယ် ထိုးထိုးထောင်ထောင်နဲ့။ ညှဉ်းသိုးသိုး တောကျကျ ပုံမျိုးပေါ့။ အဲဒီ ဆိုက္ကားဆရာက သူ့နာမည် ‘မောင်မောင်’ တဲ့။ သူရဲ့ ခပ်စုတ်စုတ် ဆိုက္ကားထိုင်ခုံ တဖက်တချက် ဘေးမှာ ရေးထားတာကိုကြည့်လိုက်တော့ ‘ငါ့ဘဝ’ (My Life) တဲ့။ နောက်တဖက်မှာကျတော့ ‘သင်္ချာဘွဲ့ရ’ (B.Sc.Mathematics) တဲ့။ စကားစမြည်လေး နည်းနည်းပြောမိတော့ သူ့အကြောင်း တစွန်းတစ သိလာရတယ်။ “သင်္ချာဘွဲ့ရ - မောင်မောင်ဘဝ” က စိတ်ဝင်စားစရာ အကောင်းသား။ လူကစုတ်ပေမယ့် ဉာဏ်တော့ ပြေးတယ်။ ဗဟုသုတလည်း စုံတယ်။ ပါးရည်နပ်ရည် လည်းရှိတဲ့ ပညာတတ် ဘွဲ့ရတယောက်ပဲ။ (ဘယ်လိုလုပ် ဆိုက္ကားဆရာ ဘဝ ရောက်နေပါလိမ့်?)

အင်း … သိတဲ့အတိုင်းပဲ။ ဗမာပြည်မှာ သူလိုဘွဲ့ရ ပညာတတ်တွေဟာ နေရာမရကြရှာဘူး။ အစိုးရက အဲဒီလို ပညာတတ်တွေကို ကြောက်တယ်။ ဒါကြောင့် လူတွေပညာတတ်မှာကို မလိုလားဘူး။ ပညာတတ်တွေဟာ သူတို့ရဲ့ ပညာ၊ အသိဉာဏ်တွေကို ကွန့်မြူးကျက်စားအသုံးချဖို့၊ လက်ဆင့်ကမ်း ဖြန့်ဝေပေးဖို့ နေရာမရှိဘူး။ နေရာပေး မခံကြရဘူး။ နိစ္စဓူဝ စားဝတ်နေရေးဆိုတဲ့ ဘဝမုန်တိုင်း ပင်လယ်ပြင်မှာပဲ အသက်ရှင်ဖို့ ကာယ လုပ်အားနဲ့ရင်းပြီး နေထိုင်ရုန်းကန်ကြရရှာတော့တယ်။ အဲဒါတွေကို မြင်ရ ကြားရတိုင်း ကျနော် စိတ်မကောင်း ဖြစ်မိတယ်။ ကျနော်လိုပဲ ဗမာပြည်ကိုလာကြတဲ့ တိုးရစ်တွေလည်း အဲဒီလိုပဲဖြစ်မှာပဲလို့ ကျနော် ပြောရဲတယ်ဗျာ။

သူတို့မျက်စိထဲမှာတော့ ကျနော်တို့ဟာ မိုးကျရွှေကိုယ်တွေပေါ့။ နိုင်ငံခြား ရုပ်ရှင်တွေထဲက အားကျစရာဘဝအပြည့်နဲ့ ဖိုးကံကောင်းတွေပေါ့။ ဒီမိုကရေစီ လွတ်လပ်မှုပြည့်ဝတဲ့စနစ်တွေအောက်က ကယ်တင်ရှင်တွေပေါ့။ အဲဒီလို မြင်ကြမှာပဲ။ သူတို့ပါးစပ်က ဘာမှဖွင့်မပြောပေမယ့် (သူတို့ တခုခုကို ငတ်ငတ်မွတ်မွတ် တောင်းခံနေတယ်) ရယ်လို့ ခံစားရတယ်ဗျာ။

သူတို့ကိုမြင်တိုင်း ကျနော့်ရင်ထဲမျာ အဲဒီလို ဖြစ်တယ်။

(ခင်ဗျားတို့နိုင်ငံကို ကျနော်တို့ကို ခေါ်ထုတ်သွားပေါ့တော့လားဗျာ) လို့ တောင်းဆိုနေကြသလိုမျိုးပဲ။

အခုလို အဲဒီခံစားမှုကြီးကို ရင်မှာပိုက်ပြီး မောင်မောင့်ဆိုက္ကားခေါ်ဆောင်ရာ နောက်ကို လိုက်ပါနေမိတယ်။ သူကတော့ တဝှီးဝှီးနဲ့ နင်းနေလေရဲ့။ မန္တလေးမြို့ရဲ့ ရောက်သင့်တဲ့နေရာတွေအကြောင်း နှုတ်က တတွတ်တွတ် ပြောနေလေရဲ့။ ခဏကြာတော့ မောင်မောင်က လမ်းမကြီးအတိုင်း နင်းနေရာကနေ ဘေးကို ဖဲ့ဆင်းလိုက်တယ်။ ကျနော်လည်း ဘာမှမပြောဘဲ သူခေါ်တဲ့အတိုင်း လိုက်လာမိတာ အခုတော့ စုတ်စုတ်ပြတ်ပြတ် ရပ်ကွက်ထဲ ရောက်သွားတော့တယ်။ ခနော်နီ ခနော်နဲ့ တဲပုတ်တွေ၊ နံဟောင်နေတဲ့ အမှိုက်ဗလပွနဲ့ လမ်းကြိုလမ်းကြားတွေ ပေပေရေရေ လူတွေနဲ့ ဆူဆူညံညံ အသံတွေ။ အို … အားလုံး အနိဋ္ဌာရုံတွေချည့်ပဲ။

စိတ်ထဲမှာ နည်းနည်းတော့ မသင်္ကာသလိုဖြစ်လာတယ်။ သူခေါ်တဲ့နောက် လိုက်လာခဲ့တာ မှားပြီလား?

ကျနော့်စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ သိနေတယ်ထင်ပါရဲ့။ မောင်မောင်က (ဆိုက္ကားနင်းမပျက်ဘဲ) ကျောက်စိမ်းသေးသေးတတုံး (a small piece of jade) ကျနော့်ကို လှမ်းပေးတယ်။ ကျနော့်အတွက် လက်ဆောင်ဆိုပဲ။ ဘယ်လိုပါလိမ့်?

သူလို့ဆင်းရဲသား ဆိုက္ကားသမားတယောက်က ကျနော်လို ပိုက်ဆံရှိလို့ ကမ္ဘာပတ်နေတဲ့ တိုးရစ်တယောက်ကိုများ လက်ဆောင်တွေ၊ ဘာတွေ ပေးလို့။

မောင်မောင် ဘာအကွက်တွေ ဆင်နေပြီလဲ?

စောစောက မသင်္ကာတဲ့ စိတ်တွေကလည်း ပိုပြီးများလာတယ်။

နောက်တခု လက်ထဲထည့်လာပြန်တယ်။ ကြည့်လိုက်တော့ ခပ်နွမ်းနွမ်းအဖုံးနဲ့ ဓာတ်ပုံအယ်လ်ဘမ် တခု။ အထဲမှာ အကန့်လိုက်စီထားတဲ့ ဓာတ်ပုံတွေ။ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သေသေချာချာ ကဏ္ဍတွေ ဘာတွေခွဲလို့။

“ကျနော့်ရဲ့ဆရာတော် (My Monk)

ကျောင်းအုပ်ဆရာကြီး ((My Headmaster)

မောင်နှမများ (My Brothers & Sisters)” - စသဖြင့်ပေါ့။

အဲဒီဓာတ်ပုံအယ်လ်ဘမ်ကြည့်ပြီး ပြန်တော့ နောက်ထပ်တအုပ် လာပြန်တယ်။

ဒီတခါတော့ သူ့လက်ရေးနဲ့ရေးထားတဲ့ မှတ်စုစာအုပ်ကလေး။ အဲဒီအထဲမှာတော့ သူ့ရဲ့ဆရာတော်ဘုန်းကြီးရဲ့ သွန်သင်ဆုံးမချက်တွေပါတယ်။

“မူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ပါမည်” “သတ္တဝါ ဝေနေယျအပေါင်းအား မေတ္တာပို့ပါသည်” စတာတွေပေါ့။

အဲဒီလို ဓာတ်ပုံ အယ်လ်ဘမ်ကြည့်လိုက် သူရဲ့မှတ်စုစာအုပ်ကလေးကို ဖတ်လိုက်တာနဲ့ နစ်မျောလာလိုက်တာ။ ကျနော်ရဲ့ စိုးရိမ်စိတ် မသင်္ကာတဲ့စိတ်တွေ လည်း (ကိုယ့်ဖာသာကိုယ်တောင် သတိမထားမိပါဘူး) ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တယ်။ ဘေးဘီကြည့်လိုက်တော့ … လား လား။ တဲတွေက ပိုပြီးစုတ်ပြတ်ပြီး ပိုညစ်ပတ် လာတယ်။ လူအသွားအလာက ပိုပြီးနည်းလာတယ်။ ရပ်ကွက်ရဲ့အစွန်ဘက်ကို ရောက်လာပြီထင်ပါရဲ့။

မောင်မောင် ခပ်စုတ်စုတ် တဲတလုံးရှေ့မှာ ဆိုက္ကားထိုးရပ်ပြီး ကျနော့်ကို သူ့နောက်လိုက်ခဲ့ပါတဲ့။ ကျနော် ဘယ်လိုလိုက်ရဲမလဲ။ ဘေးဘီမှာကလည်း ချုံတွေ နွယ်တွေ ပိတ်လို့။ မြင်မကောင်းဘူး။ လိုက်ရမလား၊ မလိုက်ဘဲလှည့် ထွက်ရမလား။ ချီတုံ ချတုံဖြစ်နေတာပေါ့။ (တကယ်တော့ သူ့လက်ခုပ်ထဲက ရေဖြစ်နေပါပြီလေ)
မထူးဘူးဆိုပြီး သူ့နောက်က လိုက်သွားလိုက်တယ်။ တဲထဲကိုရောက်တော့ သူအိပ်တဲ့ ကွပ်ပျစ်ပေါ်ထိုင်ခိုင်းတယ်။ ပြီးတော့ ကွပ်ပျစ်အောက်မှာ သူ ကျကျနန သိမ်းထားတာတွေကို တခုချင်းထုတ်ပြီး ပြတော့တယ်။

ပထမဆုံးပြတာက Life in Modern America (ခေတ်သစ်အမေရိကန်ဘဝ) အမည်ရတဲ့ လူမှုရေးဘာသာရပ် ပြဋ္ဌာန်းစာအုပ် (a sociology textbook) ကလေး။ နောက်တအုပ်က မြန်မာ-အင်္ဂလိပ် အဘိဓာန် အဟောင်းကလေး။ အဲဒီ Dictionary ထဲက ကူးယူထားတာတွေတောင် ပြလိုက်သေးတယ်။ ‘If you do this, you may end up in jail. (မင်း အဲဒါ လုပ်ရင် ထောင်ချခံရလိမ့်မယ်)’။ ‘My heart is lacerated by what you said’ (မင်းစကားတွေကြောင့် ကိုယ့်အသည်းနှလုံး ကွဲကြေပါပြီ) ဆိုတာမျိုးတွေပေါ့။

နောက်တခါ အယ်လ်ဘမ်တခု ထုတ်လာပြန်တယ်။ အဲဒီထဲမှာတော့ နိုင်ငံခြားသားပုံတွေ တော်တော်ပါတယ်။ သူနဲ့တွေ့ခဲ့တဲ့ tourists ပုံတွေပေါ့။ သူနဲ့တွဲရက်ပုံတွေပေါ့။ ပုံတွေသာမက ပေးစာတွေကိုလဲ အဲဒီစာအုပ်ထဲမှာ သေသေချာချာ သိမ်းထားတာ တွေ့ရတယ်။ နေရာအနှံ့ကပါပဲ။ အမေရိကန်ပြည် ကယ်လီဖိုးနီးယား၊ ပြင်သစ်ပြည်၊ သြစတေးလျနိုင်ငံ အစုံပါပဲ။

(မောင်မောင်လိုလူမျိုး၊ မောင်မောင်လိုဘဝ အခြေမျိုးတွေကို ဖန်တရာတေအောင် ကျနော် ဆုံဖူး၊ တွေ့ဖူးလှပြီ။ တိဗက်မှာ၊ ကိုလံဘီယာနိုင်ငံမှာ၊ အီဂျစ်မှာ။ တကမ္ဘာလုံး ဆိုပါစို့။ ဒီကမ္ဘာကြီးရဲ့ ရာနှုန်းအများစုကို ကိုယ်စားပြုတဲ့ မောင်မောင်လိုလူမျိုးတွေကိုလည်း ဘယ်နှယောက်တွေ့ခဲ့မှန်း ရေတောင်ရေလို့ မရဘူး။ အဲသလောက်ကို များတာ။ ဒါပေမယ့် ဒီဗမာပြည်က မောင်မောင်လို လူမျိုးနဲ့တော့ ဒါ ပထမဦးဆုံးအကြိမ်ပါပဲ။ ရှားရှားပါးပါး အဖြစ်အပျက်တခု ဆိုပါတော့)

အဲဒီကွပ်ပျစ်အောက်မှာ သိမ်းထားတာတွေထဲက My Life (ကျနော့်ဘဝ) ဆိုတဲ့ သူ့ဘဝအကြောင်းရေးထားတာကို ကျနော့်ကိုပေးဖတ်တယ်။ အတိုချုပ်ကတော့ …

‘သူ့ရဲ့ဇာတိက ရှမ်းပြည်နယ်က ရွာကလေးတရွာက။ ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရတာ။ မိဘတွေက စာမတတ် ပေမတတ် တောင်သူတွေ။ သားဖြစ်တဲ့ မောင်မောင်က မန္တလေးမြို့ကြီးကိုတက်ပြီး ရရာအလုပ်လုပ်မယ်ဆိုပြီး အရဲစွန့်ထွက်လာတော့ မိဘတွေမှ စိတ်လက်မသက်မသာနဲ့ ခွင့်ပြုရရှာတာ။ မန္တလေးရောက်တော့လည်း ဘုန်းကြီးကျောင်းမှာ ခိုကပ်နေပြီး အလုပ်ရတော့လည်း အလုပ်ကြမ်းတွေပေါ့။ မြေတူး မြေသယ်ရတယ်။ အဝတ် အငှားလျှော်ရတယ်။ နောက်တော့မှ အခုလို ဆိုက္ကားကလေး နေ့စားနဲ့ နင်းရရှာတာ။ ဆိုက္ကားပေါ်မှာပဲ အိပ်၊ ဆိုက္ကားပေါ်မှာပဲ စား၊ ဆိုက္ကားဂိတ်ကပဲ သူ့ရဲ့ကမ္ဘာ။ သူ့မိဘတွေက အဲဒါတွေကြားတော့ ဒီကောင့်ဘဝတော့ လုံးလုံးကို အဖတ်ဆယ်မရတော့ဘူး၊ သွားပြီးပေါ့။ မိန်းမရရင်တောင် ဆိုက္ကားဂိတ်နားက ခပ်ပျက်ပျက်ထဲကဟာနဲ့ ရမှာပဲလို့ ပူကြတာပေါ့။’ … … စသဖြင့်ပေါ့လေ။

သူက My Life အကြောင်းကို သူ့ရဲ့မျှော်မှန်းချက်ကလေးနဲ့ နိဂုံးသတ်ပေးထား ပြန်တယ်။ ‘ဥရောပဝတ်စုံ အပြည့်အစုံ၊ နက်တိုင်တွေ ဘာတွေနဲ့ စတိုင်ကျကျဝတ်ပြီး သင်္ချာဘာသာမှာ နောက်ထပ်ဘွဲ့တွေ ထပ်ယူတဲ့ ဘွဲ့နှင်းသဘင် ပွဲမျိုးကို သူ့မိဘတွေကို ပြချင်လိုက်တာ’ တဲ့။ အဲဒါ သူ့ရဲ့မျှော်မှန်းချက် တဲ့။

(ဗမာပြည်မှာ သူလိုပညာတတ်တွေ သူလို မျှော်မှန်းချက်ကြီးမားသူတွေ အများကြီး။ ဒါပေမယ့် ဘာလမ်းစမှ မရှိရှာကြဘူး။ အစိုးရက တပြည်လုံးကို လက်နက်နဲ့ အကြောက်တရားနဲ့မိုးပြီး အမှောင်ထုထဲမှာ ပစ်ထားလေတော့ သူတို့ဟာ ဘာကိုမှ မျှော်လင့်ချက်မထားနိုင်ကြတော့ဘူး။ သူတို့အဖို့ အိပ်မက်ထဲမှာပဲ မက်ကြရတော့တယ်)

ကျနော့်လိပ်စာနဲ့ ဓာတ်ပုံကို သူ့ရဲ့စာအုပ်ထဲမှာ ထည့်ထားရအောင် ပေးလိုက်တော့တယ်။ အားတက်သရော စိတ်ပါလက်ပါပဲ။

+++++

ကျနော် အမေရိက ကယ်လီဖိုးနီးယား ကို ပြန်ရောက်တော့ မောင်မောင့်ဆီက စာတွေ မကြာ မကြာရတယ်။ (ကျနော့်မှာကလည်း မောင်မောင်လိုလူမျိုးတွေ ကလည်း အများသားလား။ ဂျာနယ်လစ်တယောက်အနေနဲ့ တကမ္ဘာလုံးကို ရောက်တော့ တရုတ်ပြည်၊ ဖိလစ်ပိုင်၊ နီပေါ စတဲ့ နိုင်ငံတွေက မောင်မောင်လို လူမျိုးတွေနဲ့ အများကြီးတွေ့ခဲ့ရတာကိုး။ ကျနော်ကလည် ရေး၊ သူတို့ကလည်း ရေး။ ကျနော့်စာတိုက်ပုံးမှာဆိုရင် တနေ့တနေ့ သူတို့စာတွေနဲ့ ချည့်ပဲ ပြည့်နေတော့တာပဲ) မောင်မောင့်စာကတော့ ‘အဝေးကပင် မြင်နိုင်ပါသည်’ ဆိုသလို သိသာလှတယ်။ စာအိပ်အပြာရောင် နွမ်းနွမ်းပေါ်မှာ တွန့်တွန့်ကောက်ကောက် လက်ရေးနဲ့ရေးထားတာ။

မှ/
မောင်မောင်
ဆိုက္ကားဂိတ်
မန္တလေးမြို့
မြန်မာပြည် … တဲ့။

(Maung Maung, Trishaw Stand, Mandalay, Burma)

တချို့စာတွေက သူနဲ့တွေခဲ့တဲ့ တိုးရစ်တွေကတဆင့် ယိုးဒယားကနေ ထည့်တာလည်းပါတယ်။ ဗမာပြည်က တိုက်ရိုက်ထည့်တာတွေလည်း ပါတယ်။ တံဆိပ်ခေါင်းဖိုးလည်း မနည်းကုန်မှာပဲ။ သူ တနေ့ ဆိုက္ကားနင်းခလောက် ရှိတယ်။ သူ့စာမှာ ရေးထားတာတွေကတော့ လောလောဆယ်မှာတော့ အဲဒီဘူတာကြီး ဆိုက္ကားဂိတ်မှာပဲ ဂိတ်ထိုးနေသေးတဲ့ အကြောင်း။ ဗမာပြည်ကြီးရဲ့ အခြေအနေဟာ တနေ့တခြား ပိုဆိုးလာနေတဲ့အကြောင်း။ သူ့ရဲ့စားဝတ်နေရေးဟာလည်း တဖြည်းဖြည်း ကြပ်တည်းလာနေတဲ့အကြောင်း။ တပြားမှပိုက်ဆံမရတဲ့နေ့တွေ တောင်ရှိကြောင်း။ ဒါပေမယ့် အားမလျော့ဘဲ မိဘကို တနေ့မှာ ပြန်လည်လုပ်ကျွေးနိုင်မယ်လို့ အားခဲထားကြောင်း။ ဘဝမှာ အောင်မြင်မှု ပန်းတိုင်ကိုလှမ်းကိုင်နိုင်မယ်လို့ ရည်မှန်းဆုတောင်းပါ ကြောင်း။ (ဆုတောင်းတယ်ဆိုပေမယ့်လည်း မဖြစ်နိုင်တာတွေကို ဆုတောင်းထဲ မထည့်ပါကြောင်း) … စတာတွေ ပါလာပါတယ်။ အဲသလို စာတွေရေးနေပေမယ့် ကျနော့်ဆီက ပိုက်ဆံတောင်းတာတို့၊ လက်ဆောင်ပစ္စည်း တောင်းတာတို့၊ ထောက်ခံစာတောင်းတာတို့ ဘယ်တော့မှ မလုပ်ဘူး။ သူတောင်းဆိုတာ တခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့ …

‘သူ့ဆီစာရေးရင် နိုင်ငံရေးအကြောင်း လုံးလုံး ထည့်မရေးပါနဲ့’ တဲ့။

ဒီတခုပဲ သူ တောင်းဆိုတယ်။ ကျနော်ကလည်း သူတောင်းဆိုတဲ့အတိုင်းပါပဲ။ ထည့်မရေးပါဘူး။ သတိထားရတာပေါ့။

နောက်တော့ သူ့ဆီက စာလာတာတွေ ရပ်သွားတယ်။ ဒီလောက် ၂ ယောက်စလုံး သတိထားနေတဲ့ကြားက ဘာများဖြစ်လို့ ပါလိမ့်ဆိုပြီး နည်းနည်းတော့ စိတ်ပူသွားတာပေါ့။ (ဗမာပြည်အစိုးရက စာတွေ ဖောက်ဖတ်တယ်။ မထင်ရင် မထင်သလို စစ်လား ဆေးလားတွေ လုပ်တတ်တယ်ဆိုတာကို သိထားတော့လေ၊ ကိုယ့်လူထုကိုကြောက်ပြီး အတင်းနှိပ်စက်နေတဲ့ အစိုးရ။ ဘာ စေတနာ၊ ဘာအရည်အချင်းမှမရှိဘဲ လက်နက်အားကိုးပြီး အုပ်စိုးတဲ့နေတဲ့ အစိုးရ။ ၉ ဂဏန်းက ကံကောင်းတဲ့ဂဏန်း (Lucky Number) ဆိုပြီး ရှိသမျှ ငွေစက္ကူတွေကို မတရားဖျက်သိမ်းပစ်တဲ့ ခပ်ကြောင်ကြောင် အစိုးရ) အဲဒီလို အစိုးရမျိုးဆိုတော့ ပိုပြီးစိတ်ပူမိတာပေါ့။

ဗမာပြည်ထဲပြန်ဝင်မယ်ဆိုပြီး စီစဉ်လိုက်တယ်။ မောင်မောင့်ကိုတွေ့ချင်တာ ကလည်း တကြောင်းပါတာပေါ့လေ။ အဲဒီတုန်းက ဂျပန်မှာရောက် နေတော့ ဗမာသံရုံးသွားပြီး တိုးရစ်ဗီဇာလျှောက်လိုက်တာ လွယ်လွယ်ပဲ ရခဲ့တယ်။ ကံဆိုးချင်တော့ ဗီဇာထုတ်ပြီးလို့ နောက်တရက်မှာပဲ ဗမာသံရုံးက ဖုန်းဝင်လာတယ်။ ကျနော်ရဲ့ထုတ်ပေးပြီးသား ဗီဇာကို ရုတ်သိမ်းလိုက်တယ် တဲ့။ Time မဂ္ဂဇင်းမှာပါတဲ့ ကျနော့်ဓာတ်ပုံတွေကိုတွေ့သွားပြီး ကျနော် ဂျာနယ်လစ်မှန်း သိသွားကြတယ်လေ။ ဘယ်လိုမှ မတတ်နိုင်ဘူး။ အတင်းသွားရင် ဗမာပြည်ရောက်တာနဲ့ လေဆိပ်မှာ တခါတည်းဖမ်းမယ်ဆိုတာမျိုး အထိ ပြောလာပြီ။ အဲဒါနဲ့ပဲ ကျနော် လက်လျော့လိုက်ရတယ်။ ဗမာပြည်ထဲ ပြန်မဝင်ဖြစ်တော့ဘူး။

အဲဒီလမှာပဲ (1988 August) ဗမာပြည်မှာ အရေးအခင်းဖြစ်ပါလေရော။ တတိုင်းပြည်လုံး ဆူပူမှုတွေ၊ အစိုးရက ရက်ရက် စက်စက် ပစ်သတ်တာတွေ ဖြစ်ကုန်ပါလေရော။ ကျနော်လို ဂျနယ်လစ်တယောက်အဖို့တော့ ပွဲကြီးပွဲကောင်း လွတ်သွားတာပေါ့ဗျာ။

+++++

မြောက်ကိုရီးယားမှာ
အီသီယိုးပီးယားမှာ
လာအိုမှာ
ဟေတီမှာ ဒီလိုအဖြစ်အပျက်တွေက ရိုးနေပါပြီ။ ကျနော်တို့က ဘယ်လောက် ရေးရေး၊ ဘယ်လောက်အော်အော် အဲဒီနိုင်ငံတွေက အစိုးရရဲ့ သဘောထားတွေက လွယ်လွယ်နဲ့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အဲဒါကို ကျနော် နားလည်ပါတယ်။

(ဗမာပြည်လို နိုင်ငံမျိုးက ပိုတောင်ဆိုးပါသေးတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာ စီမံကိန်းတွေ၊ နိုင်ငံရေး အဖြေရှာနည်းတွေထဲမှာ သိတ်အရေးမပါ လှလေတော့ ဗမာပြည်သူတွေရဲ့ ငိုကြွေးတောင်းဆိုသံတွေကို ကမ္ဘာကြီးက မကြားရကြဘူး)

ဒီနေရာမှာ စဉ်းစားစရာတခုကို ရေးပြရဦးမယ်။ ကျနော့်ရဲ့ မိတ်ဆွေတချို့က စိတ်ဝင်တစား မေးကြတယ်။

“ဒီလောက်ဖိနှိပ်ထားတဲ့ ဗမာပြည်ကို ခင်ဗျားတို့ သွား သွားနေတော့ ခင်ဗျားတို့ရဲ့ ပိုက်ဆံတွေကို အဲဒီဗိုလ်ချုပ်တွေကို သွားပေးနေတာနဲ့ မတူဘူးလား။ ခင်ဗျားတို့ သွားလေ၊ စစ်ဗိုလ်တွေက သူတို့ကိုယ်သူတို့ သိတ်ဟုတ်လှပြီလို့ ထင်လေ ဖြစ်မနေဘူးလား” တဲ့။ အဲဒီလို အမေးခံရတိုင်းလည်း ကျေနပ်လောက်တဲ့အဖြေကို ကျနော်မပေးတတ်ဘူး၊ အမြဲတမ်း တုံ့တုံ့ဆိုင်းဆိုင်း ဖြစ်သွားတာပဲ။

ဒါပေမယ့် ဗမာပြည်က မောင်မောင်နဲ့ (ဗမာပြည်သူလူထုကြီးကို) မျက်စေ့ထဲ မြင်လာမိတဲ့ခဏမှာတော့ ကျနော်မှာ အဖြေထွက်လာတော့တာပဲ။ အဲဒီအဖြေကတော့ …

“မောင်မောင်တို့လို လူမျိုးတွေကို မေးကြည့်စမ်းပါဗျာ။ သူတို့က ကျနော်တို့ လာတာကို ကြိုက်မှာပါ။ ကြိုဆိုမှာပါ။ ဘာကြောင့်လဲ သိသလား? ကျနော်တို့ ပြင်ပနိုင်ငံက ဂျာနယ်လစ်တွေမရှိရင် သူတို့ရဲ့အသံကို ကမ္ဘာက ဘယ်ကြားရပါ့မလဲ။ အမှောင်ကမ္ဘာထဲမှာပဲ ပျောက်ကွယ်သွားကြတော့မပေါ့” (ကဲ ! ဒါ ကျနော့်ရဲ့အဖြေပါပဲ)

+++++

နှစ်တွေ တနှစ်ပြီးတနှစ် ကုန်သွားတယ်။ မောင်မောင့်ဆီက ဘာစာမှမရတော့ဘူး။ ကျနော်လည်း တကမ္ဘာလုံးက (ယီမင်၊ ကျူးဘား၊ ဘိုလီးဗီးယား) တွေ့ခဲ့တဲ့ မောင်မောင်လိုလူမျိုးတွေအကြောင်းပဲ ခေါင်းထဲမှာ တဝဲလယ်လယ် တွေးနေမိ၊ သတိရနေမိတယ်။ မောင်မောင့်အကြောင်းကို စာအုပ်တအုပ်ထဲမှာ တခုတ်တရ ထည့်ရေးလိုက်မိသေးတယ်။ တခါတလေ မန္တလေးကိုသွားမယ့် မိတ်ဆွေ သူငယ်ချင်းတွေတွေ့ရင် မောင်မောင့်အကြောင်း စုံစမ်းခဲ့စမ်းပါဗျာ လို့ တကူးတက မှာမိသေးတယ်။ မျှော်လင့်ချက်က မရှိပါဘူး။ 1988 ရှစ်လေးလုံးအရေးအခင်း ပြီးကတည်းက အစအနမြုပ်သွားတော့တာပဲ။ ဘာသံမှ မကြားရတော့ဘူး။

အဲဒီလိုနဲ့ ၁၄ နှစ်တောင် ကြာခဲ့ပြီးမှ တစွန်းတစ ပြန်ကြားရတော့တယ်။ ဘယ်လိုလဲဆိုတော့ တနေ့မှာ လန်ဒန်က စာတစောင် ရောက်လာတယ်။ အဲဒီစာရေးတဲ့သူက ကျနော့်ရေးတဲ့စာအုပ်ကိုဖတ်မိပြီး မောင်မောင့်အကြောင်းကို သိနေတဲ့သူ။ သူနဲ့မန္တလေးမှာ တွေ့ခဲ့သတဲ့။ မောင်မောင်က ကျနော့်အတွက် စာတစောင် လူကြုံပါးလိုက်ပါတယ် တဲ့။ (ရေးသာရေးတာပါ၊ အဲဒီ လူကြုံပါး လိုက်တယ်ဆိုတဲ့စာလည်း ကျနော့်ဆီ ရောက်မလာပါဘူး)

ဒါပေမယ့် နောက် တလ ၂ လလောက်ကြာတော့ ကနေဒါနိုင်ငံ Montreal က တဆင့် မောင်မောင်စာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့တယ်။

ကျနော်မှတ်မိတဲ့ သူ့လက်ရေးကလေးတွေနဲ့။ Dear Pico Lyer လို့ အစချီပြီး ရေးထားလိုက်တာ စုံနေတာပါပဲ။

အကျဉ်းချုပ်ပြီး ရေးပြရဦးမယ်။ ဖတ်ကြည့်ပါဦး။

Dear Pico Iyer,

ခင်ဗျားနဲ့တွေ့ပြီး သိပ်မကြာပါဘူး။ အမေရိကန် တက်ဆပ် (Texas) က တိုးရစ်တွေနဲ့ တွေ့သေးတယ်။ ပင်စင် ယူပြီးကာစ အသက်ကြီးကြီး စုံတွဲပေါ့။ ကျနော့် အယ်လ်ဘမ်တွေ၊ မှတ်တမ်းစာအုပ်တွေကိုကြည့်ပြီး ကျနော့်ဘဝကို သိသွားကြတော့ စိတ်မကောင်းကြလိုနဲ့ တူပါရဲ့။ ချက်ခြင်းပဲ ကျနော့်ကို ဒေါ်လာ ၂၀၀ ထုတ်ပေးတယ်ဗျ။ ကျနော်ကိုယ်ပိုင် ဆိုက္ကားလေး ဝယ်ချင်နေတာ ခင်ဗျားလည်း သိပါတယ်လေ။ ကျနော် ကံကောင်းတာပေါ့ဗျာ။ တခါတည်း အိမ်ကို ကဆုန်ပေါက်ပြေးပြီး မိန်းမကို အားပါးတရ ပြောလိုက်တာပေါ့ “တို့လင်မယားတော့ ကိုယ်ပိုင်ဆိုက္ကားဝယ်နိုင်ပြီ၊ သူတော်ကောင်း နတ်ကောင်းတွေ မ,တာပဲ” ဆိုပြီးတော့ပေါ့။ (အခု ကျနော့်မှာ ကလေးက ၅ ယောက်တောင် ရှိနေပြီလေ)

… နောက်တခါ အီတလီက တိုးရစ်တယောက်နဲ့ ထပ်တွေ့သေးတယ်။ ထုံးစံအတိုင်း သူ့ကိုလည်း ကျနော့် ဓာတ်ပုံတွေနဲ့ မှတ်တမ်းစာအုပ်ပြလိုက်တော့ ကျနော့်ကို သနားသွားတယ်။ ဖြစ်ချင်တော့ အဲဒီအီတာလျံကောင် ကို ကျနော့်ရင်ထဲမှာ ရှိတာလေးကို သွားပြောမိတယ်လေ။ တခြားမဟုတ်ပါဘူး။ ကင်မရာလေးတလုံးဝယ်ပြီး ဓာတ်ပုံဆရာလုပ်ချင်နေတဲ့ အကြောင်းပေါ့။ သူက ကျနော့်ကို ကူညီမယ်တဲ့။ သူ့ ကင်မရာကို ကျနော့်ကို ပေးခဲ့မတဲ့။ အဲဒီအတွက် ကျနော်က သူ့အတွက် ရှေးခေတ်သုံး ပိုက်ဆံအကြွေ၊ ဒင်္ဂါးအဟောင်း (Old Coins) တွေ ပေးရမယ်တဲ့။ ဘာပြောကောင်းမလဲ မန္တလေးတခွင် ပြဲပြဲစင် သူလိုချင်တာတွေမျိုးတွေ အကုန်လိုက်ရှာပြီး ဝယ်ပစ်တာပဲ။ အိမ်မှာရှိသမျှ ပိုက်ဆံအကုန် ပြောင်ရောဆိုပါတော့။ ပြီးတော့ရသလောက်စုပြီး သူ့ကို ပေးလိုက်တယ်။ သူ့ကင်မရာကိုတော့ လေယဉ်ပေါ်မတက်ခင် ကျနော့်ကို ပေးခဲ့မယ်တဲ့လေ။ ဒါကြောင့် ကျနော် မန္တလေးကနေ ရန်ကုန်ကို တကူးတက ဆင်းသွားရတယ်။ သူနဲ့ချိန်းထားတဲ့ နေရာမှာ စောင့်ရတယ်။ ဒါပေမယ့် အဲဒီကောင် ပေါ်မလာတော့ဘူးဗျာ၊ လစ်သွားပြီ။ ကျနော့်ကို မ,သွားပြီလေ။ (အဲဒါတွေက လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ဖြစ်ခဲ့တာတွေပါ) … အခုတော့ ဘူတာကြီးမှာပဲ ဆိုက္ကား ပြန်နင်းနေရတယ်။

ကိုယ်ပိုင်မဟုတ်တော့ဘူး။ အငှားပဲပေါ့။ အသက်ကကြီးလာတော့လည်း အရင်လောက် အပင်ပန်းမခံနိုင်တော့ဘူး။ သင်္ချာဘွဲ့လွန်တွေတက်ဖို့၊ သင်္ချာဆရာ ဖြစ်ဖို့ဆိုတာတွေလည်း ‘လေမှာပျောက်ကွယ်’ ဖြစ်ကုန်ပါပြီ။ ခင်ဗျား မန္တလေး ရောက်လာခဲ့ဦးမယ်ဆိုရင်တော့ (ကံမကုန်ရင်ပေါ့လေ) ပြန်ဆုံဖြစ်ကြမှာပေါ့ …။

သူ့စာလေးက အဲဒီလို အဆုံးသတ်ထားပါတော့တယ်။

+++++

သူကတော့ ကျနော့်ကို ဘူတာကြီးက မျှော်နေရှာမှာပါပဲ။

အဲဒါကို ကျနော်သိပါတယ်။

‘ဗမာအစိုးရရဲ့ ရန်သူစာရင်း (Black List) ထဲမှာ ကျနော်ပါနေပြီ’ ‘ကျနော့်ကို Visa မပေးတော့ဘူး’ ဆိုတာကို သူ့ကို ကျနော် ဘယ်လိုပြောရက်မလဲဗျာ။ (ဗမာပြည်က ပြန်လာတဲ့ မိတ်ဆွေတယောက်က ပြောတယ်။ ရန်ကုန် လေဆိပ်မှာ ကျနော့်ဓာတ်ပုံ ကပ်ထားတာကို တွေ့ခဲ့တယ် တဲ့။ ဝင်လာရင်ဖမ်းဖို့လေ) အဲဒါကိုလည်း သူ့ကို ကျနော် မပြောရက်ပါဘူး။

အင်း အခုဆိုရင် ဘာလိုလိုနဲ့ ၂၅ နှစ်လောက်တောင် ရှိတော့မလားပဲ။

ကျနော်တကမ္ဘာလုံးအနှံ့သွားလာတုန်းမှာ မောင်မောင်လို ဘဝတူ အဖြစ်တူ တွေကိုတွေ့ရင် အဲဒီဗမာပြည်က မောင်မောင်ကို အထူးပဲ သတိတရ ဖြစ်မိပါတယ်။ ကျနော့်ဆီကိုလာတဲ့ တကမ္ဘာလုံးက စာတွေကို ဖတ်မယ်၊ စာပြန်ရေးမယ်။ အခု ကျနော်နေတဲ့ ဂျပန်မြို့ငယ်ကလေးတခုက အေးဆေး ငြိမ်သက်တဲ့ လမ်းသွယ်လေးမှာ လမ်းလျှောက်ရင် စာတိုက်ကနေ စာတွေထည့်မယ်။ တခါတလေ သူတို့ရဲ့တိုင်းပြည်အကြောင်းထွက်တဲ့ စာအုပ်တွေ တအုပ်စ နှစ်အုပ်စ ဝယ်မယ်၊ ပြီးတော့ အခုလို ဆောင်းပါးကလေးတွေ ရေးမယ်။ အဲဒီလိုနဲ့ပဲ ကျေနပ်နှစ်သိမ့်နေရတော့တယ်။ ကျနော်တို့သာ သူတို့အကြောင်းကို မရေးခဲ့ရင် အဲဒီရုန်းကန်နေကြရတဲ့ သူတို့ရဲ့ဘဝတွေ အားမာန်တွေဟာ အလဟဿဖြစ်ကုန်ကြတော့မှာပေါ့။ ကျနော်တို့ကတဆင့် သူတို့ရဲ့ ရင်ဖွင့်သံတွေ ကို ကမ္ဘာကြီးက ကျယ်ကျယ်လောင်လောင် ကြားနိုင်တာ မဟုတ်လား။

အာဏာရှင်ရဲ့ ဖိနှိပ်မှု၊ မတရားမှုအောက်မှာ ရုန်းကန်ရင်း မောင်မောင်ကတော့ မန္တလေးဘူတာကြီး ဆိုက္ကားဂိတ် ကနေ ကျနော့်ကို စောင့်မြဲစောင့်နေဦးမယ်လို့ ယုံကြည်ပါတယ်ဗျာ။ ကျနော်ဟာ သူနဲ့သူ့လိုဘဝတူတွေအတွက် မျှော်လင့်ချက်လား ?

တရားမျှတမှု ဒီမိုကရေစီလား ?

လူ့အခွင့်အရေးလား ?

ဘာပဲဖြစ်ဖြစ် စောင့်မြဲစောင့်နေစမ်းပါဗျာ။


မိုးခို



မူရင်းစာရေးဆရာ Pico Iyer သည်ထင်ရှားသော စာရေးဆရာဖြစ်သည်။ လွတ်လပ်စွာ ရေးသားထုတ်ဝေရေးအတွက် တကမ္ဘာလုံးအတိုင်းအတာအရ လှုပ်ရှားဆောင်ရွက်ရေးသားနေသူဖြစ်သည်။ www.PEN.ORG တွင် အပြည့်အစုံ ကြည့်ရှုနိုင်သည်။ Burn This Book စာအုပ်ကိုမူ စာပေနိုဗယ်ဆုရှင် Toni Morrison က စုစည်းတင်ဆက်ပြီး 2009 May တွင် ထုတ်ဝေခဲ့သည်။

သရုပ်ဖော် - အောင်ထက်

ဒိုးရတော့မယ် အချစ်ရေ … (ကာတွန်း စောငို)

Sunday, August 8, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန်

ကိုရင်မောင် (ဘီဘီစီ)

ချီလီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စစ်အာဏာရှင်တွေ ကျဆုံးသွားတဲ့ အတွေ့အကြုံတွေကို တင်ဆက်ပေးမှာဖြစ်ပြီး အစီအစဉ်အပိုင်း ၁ အနေနဲ့ ချီလီနိုင်ငံအကြောင်း ဖြစ်ပါတယ်။ ကိုရင်မောင် စီစဉ်တင်ဆက် ထားပါတယ်။

ချီလီဟာ တောင်အမေရိကတိုက်က နိုင်ငံတခုပါ။ သူ့နိုင်ငံရဲ့ အရှေ့ဘက် တလျှောက်လုံးမှာ တောင်ပစ္စိဖိတ် ပင်လယ်ကရှိနေတော့ ကမ်းရိုးတန်းရှည်ရှည်နဲ့ အတော့်ကိုလှပတဲ့ နိုင်ငံတခုလို့လည်း ပြောရမှာပါ။ ချီလီလူဦးရေ ၁၆ သန်းမှာ အားလုံးလိုလိုက စပိန်စကား ပြောကြတယ်။ ကက်သလစ်ဘာသာဝင်က လူဦးရေရဲ့ ၇၀% ရှိပါတယ်။

နောက်ပြီးတော့ လူအများစုက မြို့ပြတွေမှာ နေထိုင်ကြတဲ့သူတွေပါ။ ချီလီမှာ ၁၉၂၅ ခုနှစ်ကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိခဲ့ပါတယ်။ သမ္မတ ရွေးကောက်ပွဲတွေ၊ လွှတ်တော်ရွေးကောက်ပွဲတွေ ရှိခဲ့ပါတယ်။ ဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကော၊ ဒီမိုကရေစီ စံတန်ဖိုးတွေအရပါ ဒေသတွင်းမှာ လေးစားစရာကောင်းတဲ့ နိုင်ငံတခုအဖြစ် ရပ်တည်ခဲ့တာပါ။

၁၉၇၀ ရွေးကောက်ပွဲမှာ မာ့စ်ဝါဒီ ဆယ်ဗာဒို အိုင်လန်ဒေး (Salvador Allende) က ယှဉ်ပြိုင်သူ သမ္မတလောင်းတွေထဲ မဲအများဆုံးနဲ့ သမ္မတ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဆိုရှယ်လစ်ပါတီနဲ့ တခြားလက်ဝဲပါတီတွေ ပေါင်းပြီးတော့ ညွန့်ပေါင်းအစိုးရ ဖွဲ့ကာ နိုင်ငံကို အုပ်ချုပ်စီမံခဲ့ပါတယ်။ ဒီသမ္မတ အိုင်လန်ဒေးဟာ ဒီမိုကရေစီနည်းကျ မဲဆန္ဒနဲ့တက်လာတဲ့ ကမ္ဘာ့ပထမဆုံး မာ့စ်ဝါဒီ သမ္မတ လို့ သတ်မှတ်ခံရတဲ့သူပါ။ သူ့လက်ထက်မှာ စီးပွားရေးကို နိုင်ငံပိုင်ဖြစ်အောင် နိုင်ငံတွင်းက ဆင်းရဲတဲ့သူတွေ အတွက် လူမှုအခွင့်အရေးတွေ ပိုခံစားရစေဖို့ သူ အားသွန်လုပ်ဆောင်ခဲ့ပါတယ်။

ဆယ်ဗာဒို အိုင်လန်ဒေး

သူနဲ့ သူရဲ့အစီအစဉ်တွေကို အဲဒီတုန်းက အခြေခံလူတန်းစားတွေ၊ လက်ဝဲဝါဒီ ပညာတတ်လွှာတို့ နှစ်သက်ခဲ့ကြပေမယ့် စစ်တပ်ထဲက ဗိုလ်ချုပ်ကြီး ပီနိုရှေးနဲ့ အပေါင်းအပါတွေက မုန်းတီးခဲ့ပါတယ်။ ၁၉၇၃ ရဲ့ 9/11 စက်တင်ဘာ ၁၁ ရက်နေ့ မှာပဲ ဗိုလ်ချုပ်ကြီး ပီနိုရှေး စစ်တပ်က သမ္မတနန်းတော်ကို လေယာဉ်နဲ့ဗုံးကြဲတာ အပါအဝင် စစ်တပ်နဲ့ဝင်သိမ်းပြီးတော့ စစ်အာဏာသိမ်းခဲ့ပါပြီ။

စစ်တပ်က သမ္မတနန်းတော်ကို လေယာဉ်နဲ့ဗုံးကြဲစဉ်

“အာဏာသိမ်းတဲ့ အဲဒီ ၁၉၇၃ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီ လောက်မှာ သမ္မတ အိုင်လန်ဒေး ကို ပစ်သတ်လိုက်ပြီဆိုတဲ့ သတင်းကို ကြားရတော့တာပါပဲ။ အဲဒါ ပစ်သတ်ခံရတာလား၊ အညံမခံဘဲ ကိုယ့်ကိုယ်ကိုယ် ပစ်ပြီး သတ်သေလိုက်တာလား ဒါကတော့ ဘယ်တော့မှ အမှန်ကိုသိရမှာ မဟုတ်ပါဘူး။

ထားပါတော့၊ စစ်တပ်က အဲလို ကြမ်းတမ်းရက်စက်တာတွေလုပ်ပြီဆိုတဲ့ သတင်းကို ကြားကတည်းက အခြေအနေတွေက ကြမ်းတော့မယ်၊ ခက်ခဲတော့မယ် ဆိုတာကို ကျနော်တို့ သိလိုက်ပါပြီ။ အဖမ်းအဆီးတွေကလည်း ကြမ်းမှ ကြမ်းပါ။ အခြေခံလူတန်းစားတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ပညာတတ်အလွှာက လူတွေ၊ စာပေအနုပညာနယ်ပယ်ကလူတွေ အများကြီးပါပဲ။

ဗိုလ်ချုပ်ကြီး ပီနိုရှေး

သူတို့က ဘယ်သူဘယ်ဝါ ရွေးမနေဘူး။ အိမ်တွေကို ဝင်စီး၊ ဖမ်း နောက်ပြီး စင်ဒီယာဂိုက ပြည်သူ့အားကစားကွင်းထဲမှာ စုပြီး ထိန်းသိမ်းထားပါတယ်။ အဲဒီအခါကဆို အဲဒီကွင်းထဲမှာ လူပေါင်း ၅ သောင်းကျော်ကို ဖမ်းထည့်ထားတာပါ။ နောက်မှ သူတို့က တဦးချင်းစီကို စိစစ်တယ်၊ စစ်ကြောရေး လုပ်တယ်။ နှိပ်စက်လို့၊ သတ်ပစ်လို့ သေသွားသူတွေ၊ ပျောက်သွားသူတွေ အများကြီးရှိခဲ့ပါတယ်”

“အဲဒီအချိန်က သူတို့စစ်ကြောရေးစခန်းတွေကို ချီလီနိုင်ငံအနှံ့အပြားမှာ ဖွင့်ခဲ့တယ်။ စုစုပေါင်း နေရာ တထောင်ကျော်လောက် ရှိတယ်။ အဲဒီ စစ်ကြောတဲ့နေရာတွေက တဆင့် ပျောက်သွားတဲ့သူတွေလည်း အများကြီး ရှိခဲ့တယ်။ ဆင်းရဲလွန်းတဲ့ သူတွေနေတဲ့ ရပ်ကွက်ပိုင်းမှာ ဖိနှိပ်မှုက ပိုပြီး ရက်စက် ကြမ်းကြုတ်ကြတယ်။ လူတွေကိုပစ်သတ်ပြီး အလောင်းတွေကို ရပ်ကွက်ထဲက လမ်းတွေပေါ်မှာ ပစ်ထားခဲ့တာတွေ၊ မြို့ထဲက လမ်းတွေ၊ ချောင်းတွေမှာ အလောင်းတွေကို လာပစ်တာတွေကို လုပ်ခဲ့ကြတယ်။ လူတွေ အရမ်းကို ထိတ်လန့်ကြောက်ရွံ့အောင် သူတို့က လုပ်ခဲ့ကြတာပါ”

“ဒါတွေတကယ်ဖြစ်ခဲ့တာပါ။ ဥပမာ ကျနော်နဲ့ရင်းနှီးတဲ့ ကျနော်နဲ့အဲဒီအချိန်က ဖလော်ဆော်ဖီအတန်းမှာ အတူတက်နေတဲ့ ကျောင်းသူတဦးဆိုလို့ရှိရင် နှိပ်စက်ခံရတယ်၊ အဓမ္မကျင့်ခံရပြီး သတ်ပစ်ခံရတယ်။ ဒါ အာဏာသိမ်းတဲ့လ စက်တင်ဘာလထဲမှာပဲ ဖြစ်ခဲ့တာပါ။

ပြီးတော့ သူ့အလောင်းကို အီတလီသံရုံးဝင်းထဲကို သွားပစ်ထားလိုက်ကြပြီးတော့ သူတို့သတင်းစာတွေက ဒါ အီတလီသံရုံးဝင်းထဲကလူတွေ သတ်တာလို့ သတင်းထုတ်ပါတယ်။ အမျိုးသမီးတွေ အများအပြားပဲ အဓမ္မပြုကျင့် ခံခဲ့ရတယ်၊ အသတ်ခံခဲ့ရတယ်။ ဒါတွေ ဒါတွေ ချီလီမြေပေါ်မှာဖြစ်လာတာကို ကျနော်တို့ မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်”

အခုပြောခဲ့တဲ့ ချီလီအမျိုးသားကြီးက အဲဒီကာလက မြို့တော် စင်ဒီရာဂိုမှာရှိတဲ့ တက္ကသိုလ်မှာ ဖလော်ဆော်ဖီ အဓိက ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ ရိုဒီကိုကတ်စရို ပါ။ အခုတော့ သူက နှစ်ပေါင်းများစွာ သူ အလုပ်လုပ်ခဲ့တဲ့ သတင်း မီဒီယာလောကကနေ အငြိမ်းစား အနားယူထားတဲ့သူပါ။

နောက်တဦးဖြစ်တဲ့ အမျိုးသမီး ကယ်ရီနာရာဝီရာ ကတော့ စစ်အာဏာရှင်ခေတ်က ဖြစ်ပျက်ခဲ့တာတွေကို လူတွေ ဆင်ခြင်နိုင်ကြဖို့ အောက်မေ့ဖွယ်ပြတိုက် ပရောဂျက်ကို လုပ်ဆောင်နေတဲ့သူပါ။ သတို့ပြောခဲ့ကြသလို စစ်အာဏာရှင်ရဲ့ ရက်စက်မှုက နေရာတိုင်းကို သွားနေပါတယ်။

လူထုအတွက် ကဗျာတွေသီလို့၊ လူထုအတွက် သီချင်းတွေ ဆိုညည်းလို့ ချီလီလူထုကြားမှာ အကျော်အမော် အနုပညာရှင် တဦးဖြစ်တဲ့ ဗစ်တာဟာရာ ကိုလည်း စစ်အစိုးရက ဖမ်းဆီးပြီးတော့ သတ်ပစ်ခဲ့ပါတယ်။

“လူတွေကို ထိတ်လန့်ကြောက်ရွံ့သွားအောင် ဖိနှိပ်မှုတွေကို အပြင်းအထန် လုပ်တာကို မြင်နေရတော့ ဒီတိုင်းပြည်မှာ လူတဦးအနေနဲ့ ပုံမှန်ဘဝ မရတော့ဘူးဆိုပြီး တခြားနိုင်ငံတွေကို ထွက်ပြေးကြရတဲ့ အထူးသဖြင့် လက်ဝဲဝါဒီတွေက ပိုပြီး များများ ထွက်ပြေးကြရပါတယ်။ ကျောင်းတွေပိတ်၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာတွေ ပိတ်ပင်၊ မီဒီယာတွေလည်း မရှိ၊ နိုင်ငံရေး ပါတီတွေလည်း ပိတ်ပင် စတဲ့အခြေအနေမျိုးမှာ အဲဒီနယ်ပယ်တွေကလူတွေ ပြည်ပကို ထွက်ကုန်ကြပါတယ်”

သူက နိုင်ငံများစွာရဲ့ဒီမိုကရေစီပြောင်းလဲရေးကို လေ့လာပြီးတော့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ယူထားသူ ချီလီအမျိုးသမီး ဒေါက်တာ မာဆီးလာ ရီးရိုးစ် ပါ။

ကြောက်လန့်သွားအောင် ရက်စက်ဖိနှိပ်မှုတွေကြောင့် စစ်အာဏာရှင်တို့ရဲ့ လက်အောက် ချီလီကနေ လူပေါင်း ၃ သောင်းကျော် နိုင်ငံကနေ ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီသူတွေထဲ အစိုးရ သတင်းစာထဲမှာ အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ခံရလို့ တိုင်းပြည်ကနေ ၁၉၇၄ ခုနှစ်မှာ ထွက်ပြေးခဲ့ရတဲ့ မစ္စတာ ရိုလီကို ဒီကတ်စထိုလည်း အပါအဝင်ပါ။ သူက ချီလီအမှောင်ကျသွားပုံကို အခုလို ပြန်ပြောပြပါတယ်။

“အာဏာသိမ်းပြီးတဲ့နောက် သူတို့အကုန်လုံးကို ပိတ်ပစ်တယ်။ အဲဒီအချိန်တုန်းက ချီလီမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အများကြီးရှိခဲ့ပါတယ်။ သတင်းစာတိုက်တွေကို အကုန်ပိတ်တယ်။ ရေဒီယို၊ အသံလွှင့်ရုံတွေကို အကုန်ပိတ်တယ်။ ရုပ်မြင်သံကြားလိုင်းတွေ ပိတ်၊ ဘာသတင်းမှ လူတွေမသိ ရတော့ဘူး။ အကုန်ကိုပိတ်ပစ်လိုက်ကြတာ”

ဆက်လက်ဖော်ပြပါမယ်။