Sunday, August 15, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၇)

“ခင်ဗျား ဘာလူမျိုးလဲ”

သူက …

“ကျနော် မွန်လူမျိုးပါ”

“ဒီမှာ ကရင်တွေ မရှိဘူးလား”

“မရှိပါဘူး”

“ဒီအနီးအနားမှာ ရွာရှိသလား”

“ရှိတယ်၊ အစင် ဒမင်းဆိပ် လို့ ခေါ်တယ်”

ဤတွင် ဖထီမန်း စကားဝင်ပြောသည်။

“ကျနော်တို့ မုန်တိုင်းမိပြီး လှေမျှောလာတယ်ဗျာ၊ ဒီနီးအနားမှာ တဲမရှိဘူးလား၊ ကျနော်တို့ သိပ်အားမရှိဘူး”

သူ့နာမည်က ဦးအောင်သိန်း။ လူက နည်းနည်းမူးနေသည်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကို ကူညီမယ် ပြောသည်။ သူက ကျနော်တို့လှေပေါ်မှ ဝိုင်ယာကြိုးတွေကို လိုချင်သည်။ သူတို့ရွာဦးက ဘုန်းကြီးကျောင်းကို လှူဖို့အတွက် ဖြစ်သည်လို့ ပြောသည်။ "ယူပါ၊ လိုသလောက်ယူပါ" လို့ ပြောတာနဲ့ မီးကြိုးတွေ သွားဖြုတ်ယူသည်။

ကျနော်တို့ ကမ်းခြေဆိုက်သည့်အချိန်တွင် ရေချိုက တပုံး၊ ကန်စွန်းဥ၊ လိပ်သားကျပ်တိုက်ခြောက်၊ သခွားသီး ၄-၅ လုံး ကျန်သေးသည်။ ကျနော်တို့ အဝတ်အစားနည်းငယ်စီနှင့် ဆေးတို့ကိုသာ ယူပါသည်။ ကျနော်တို့ ၃ ယောက်သည် ကိုအောင်သိန်းခေါ်ရာနောက်သို့ မူးတူးဝေတေ ဒယိမ်းဒယိုင်နှင့် ကမ်းခြေအတိုင်း လိုက်ပါလာကြသည်။

ကမ်းခြေဆုံးသည်နှင့် တောစပ်ထဲသို့ချိုးဝင်လိုက်ရာ တဲကလေးတလုံးတွင် အဖိုးနှင့်အဖွား ၂ ယောက်ကို တွေ့ရပါသည်။ မှောင်လည်း မှောင်လာပါပြီ။

ဖထီးမန်းအောင်ကြည်က လေမုန်တိုင်းမိပြီး လှေမျောလာသည့်အကြောင်း ပြောပြပြီး တည်းခိုခွင့် တောင်းပါသည်။ အဖိုးနှင့် အဖွားတို့က ကျေနပ်ကြည်ဖြူစွာ တည်းခိုခွင့်ပြုပါသည်။ အဖွားက ကျနော်တို့ စားသောက်ဖို့ ပြင်ပေးသည်။

အဖွားကျွေးသော ထမင်းမှာ တောင်ယာထမင်းဖြစ်သည်။ နူးညံ့ပြီး မွှေးကြိုင်၍ အလွန်အရသာရှိလှပေသည်။ ငါးကျော်နှင့် ငါးပိရည် မိုးမျှော်ငရုပ်သီးစိမ်းတောင့်။ ကျနော် ခုထက်ထိ မမေ့သေးပါ။ စားလို့လည်း အလွန်ကောင်းလှသည်။ ကျနော် သိပ်မများပါ။ တော်ရုံသာ စားပါသည်။ ပင်လယ်တွင် ၁၀ ရက်ကျော် ထမင်းမစားခဲ့ရပါ။ အဝမစားဘဲ သင့်ရုံသာစားပါသည်။

အဖိုးနှင့်အဖွားမှာ ကွပ်ပျစ်တဲ နိမ့်နိမ့်ကလေးတွင် နေကြသည်။ တဲနိမ့်နိမ့်နှင့် ကပ်ရက် ခြေတံရှည်တဲရှိသည်။ ကျနော်တို့ကို ခြေတံရှည်တဲပေါ်တွင် နေရာပေးပါသည်။ ဆရာဦးအောင်ငွေကို နယ်မြေအခြေအနေ ရှေ့ဆက်ရမည့်ခရီးစဉ် အလားအလာကို ဖထီးမန်းက သူ့ကို လေ့လာခိုင်းပါသည်။ ဆရာဦးအောင်ငွေသည် နူးညံ့သိမ်မွေ့သူ၊ ဆက်ဆံရေးပြေပြစ်သူ၊ လူ့သဘော လူ့သဘာဝကို နားလည်သူဖြစ်သည်။

ဖထီးမန်းအောင်ကြည်က ဆွယ်တာလက်ပြတ် တထည်၊ ဆရာဦးအောင်ငွေက သဘက်တထည်နှင့် ဆေးဝါး အချို့ကို အဖိုးနှင့်အဖွားကို ကန်တော့ပါသည်။ အဖိုးနှင့်အဖွားမှာ ဆုတွေ အခါခါပေးသည်။ ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ အန္တရာယ် ကင်းပါစေ၊ လိုရာဆန္ဒပြည့်ဝပါစေ စသည့် ဆုမွန်ကောင်းတွေကို မွန်လိုရော၊ ဗမာလိုပါ ပေးသည်။

ဆက်လက်ဖော်ပြပါမည်။


No comments: