မဲဆန္ဒနယ်မြေစာရင်းပါ သတင်းစာကို ဖတ်ရှုနေသူ ရန်ကုန်မြို့ခံတချို့
(ဓာတ်ပုံ - အေပီ) ၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းနဲ့ပြည်နယ်အလိုက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေစာရင်းကို နအဖ စစ်အစိုးရဲ့ ရွေးကောက်ပွဲကော်ရှင်က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
တနိုင်ငံလုံး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေပေါင်း ၃၃၀ နေရာသတ်မှတ်ပြီး ရှမ်းပြည်နယ်က မဲဆန္ဒနယ် ၅၅ နေရာနဲ့ အများဆုံး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းက ၄၅ နေရာဖြင့် ဒုတိယအများဆုံးပြီး စစ်ကိုင်းတိုင်း ၃၇ နေရာ၊ မန္တလေးတိုင်း ၃၆ နေရာတို့ဖြစ်ကာ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကတော့ ၉ နေရာစီနဲ့ အနည်းဆုံး ဖြစ်ပါတယ်။
ယနေ့ထုတ်ပြန်တဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေစာရင်းကတော့ ကချင်ပြည်နယ် ၁၈၊ ကယားပြည်နယ် ၇၊ ကရင်ပြည်နယ် ၇၊ ချင်းပြည်နယ် ၉၊ စစ်ကိုင်းတိုင်း ၃၇၊ တနင်္သာရီတိုင်း ၁၀၊ ပဲခူးတိုင်း ၂၈၊ မကွေးတိုင်း ၂၅၊ မန္တလေးတိုင်း ၃၆၊ မွန်ပြည်နယ် ၁၀၊ ရခိုင်ပြည်နယ် ၁၇၊ ရန်ကုန်တိုင်း ၄၅၊ ရှမ်းပြည်နယ် ၅၅ နေရာနှင့် ဧရာဝတီတိုင်း ၂၆ နေရာတို့ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက မြန်မာတနိုင်ငံလုံး မြို့နယ်ပေါင်း ၃၂၅ မြို့နယ်၊ မဲဆန္ဒနယ်မြေ ၄၉၂ နေရာရှိခဲ့ပြီး ယခု ၂၀၁၀ ရွေးကောက်ပွဲက မြို့နယ်ပေါင်း ၃၃၀၊ မဲဆန္ဒနယ်မြေ ၃၃၀ သာရှိရာ မြို့နယ် ၅ ခုတိုးပြီး မဲဆန္ဒနယ်မြေ ၁၆၂ နေရာ လျော့သွားခြင်းဖြစ်ပါတယ်။
အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ ၄၄၀ သတ်မှတ်ထားပြီး အမတ် ၃၃၀ ကို ပြည်သူလူထုက ရွေးချယ်ရမှာဖြစ်ပြီးတော့ ၁၁၀ ကိုတော့ စစ်တပ်ကနေ တိုက်ရိုက်ခန့်အပ်မှာ ဖြစ်ပါတယ်။
နအဖ စစ်အစိုးရက အခုလို ပြည်သူ့လွှတ်တော်နယ်မြေစာရင်းကို ထုတ်ပြန်ကြေညာပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ မကြေညာသေးပါဘူး။ ဒါပေမယ့် ဒီဇင်ဘာလထဲမှာကျင်းပနိုင်တယ်လို့ တချို့က ခန့်မှန်း ပြောဆိုနေကြပါတယ်။
No comments:
Post a Comment