ချီလီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စစ်အာဏာရှင်တွေ ကျဆုံးသွားတဲ့ အတွေ့အကြုံတွေကို တင်ဆက်ပေးမှာဖြစ်ပြီး အစီအစဉ်အပိုင်း ၁ အနေနဲ့ ချီလီနိုင်ငံအကြောင်း ဖြစ်ပါတယ်။ ကိုရင်မောင် စီစဉ်တင်ဆက် ထားပါတယ်။
ချီလီဟာ တောင်အမေရိကတိုက်က နိုင်ငံတခုပါ။ သူ့နိုင်ငံရဲ့ အရှေ့ဘက် တလျှောက်လုံးမှာ တောင်ပစ္စိဖိတ် ပင်လယ်ကရှိနေတော့ ကမ်းရိုးတန်းရှည်ရှည်နဲ့ အတော့်ကိုလှပတဲ့ နိုင်ငံတခုလို့လည်း ပြောရမှာပါ။ ချီလီလူဦးရေ ၁၆ သန်းမှာ အားလုံးလိုလိုက စပိန်စကား ပြောကြတယ်။ ကက်သလစ်ဘာသာဝင်က လူဦးရေရဲ့ ၇၀% ရှိပါတယ်။
နောက်ပြီးတော့ လူအများစုက မြို့ပြတွေမှာ နေထိုင်ကြတဲ့သူတွေပါ။ ချီလီမှာ ၁၉၂၅ ခုနှစ်ကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိခဲ့ပါတယ်။ သမ္မတ ရွေးကောက်ပွဲတွေ၊ လွှတ်တော်ရွေးကောက်ပွဲတွေ ရှိခဲ့ပါတယ်။ ဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကော၊ ဒီမိုကရေစီ စံတန်ဖိုးတွေအရပါ ဒေသတွင်းမှာ လေးစားစရာကောင်းတဲ့ နိုင်ငံတခုအဖြစ် ရပ်တည်ခဲ့တာပါ။
၁၉၇၀ ရွေးကောက်ပွဲမှာ မာ့စ်ဝါဒီ ဆယ်ဗာဒို အိုင်လန်ဒေး (Salvador Allende) က ယှဉ်ပြိုင်သူ သမ္မတလောင်းတွေထဲ မဲအများဆုံးနဲ့ သမ္မတ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဆိုရှယ်လစ်ပါတီနဲ့ တခြားလက်ဝဲပါတီတွေ ပေါင်းပြီးတော့ ညွန့်ပေါင်းအစိုးရ ဖွဲ့ကာ နိုင်ငံကို အုပ်ချုပ်စီမံခဲ့ပါတယ်။ ဒီသမ္မတ အိုင်လန်ဒေးဟာ ဒီမိုကရေစီနည်းကျ မဲဆန္ဒနဲ့တက်လာတဲ့ ကမ္ဘာ့ပထမဆုံး မာ့စ်ဝါဒီ သမ္မတ လို့ သတ်မှတ်ခံရတဲ့သူပါ။ သူ့လက်ထက်မှာ စီးပွားရေးကို နိုင်ငံပိုင်ဖြစ်အောင် နိုင်ငံတွင်းက ဆင်းရဲတဲ့သူတွေ အတွက် လူမှုအခွင့်အရေးတွေ ပိုခံစားရစေဖို့ သူ အားသွန်လုပ်ဆောင်ခဲ့ပါတယ်။
သူနဲ့ သူရဲ့အစီအစဉ်တွေကို အဲဒီတုန်းက အခြေခံလူတန်းစားတွေ၊ လက်ဝဲဝါဒီ ပညာတတ်လွှာတို့ နှစ်သက်ခဲ့ကြပေမယ့် စစ်တပ်ထဲက ဗိုလ်ချုပ်ကြီး ပီနိုရှေးနဲ့ အပေါင်းအပါတွေက မုန်းတီးခဲ့ပါတယ်။ ၁၉၇၃ ရဲ့ 9/11 စက်တင်ဘာ ၁၁ ရက်နေ့ မှာပဲ ဗိုလ်ချုပ်ကြီး ပီနိုရှေး စစ်တပ်က သမ္မတနန်းတော်ကို လေယာဉ်နဲ့ဗုံးကြဲတာ အပါအဝင် စစ်တပ်နဲ့ဝင်သိမ်းပြီးတော့ စစ်အာဏာသိမ်းခဲ့ပါပြီ။
ထားပါတော့၊ စစ်တပ်က အဲလို ကြမ်းတမ်းရက်စက်တာတွေလုပ်ပြီဆိုတဲ့ သတင်းကို ကြားကတည်းက အခြေအနေတွေက ကြမ်းတော့မယ်၊ ခက်ခဲတော့မယ် ဆိုတာကို ကျနော်တို့ သိလိုက်ပါပြီ။ အဖမ်းအဆီးတွေကလည်း ကြမ်းမှ ကြမ်းပါ။ အခြေခံလူတန်းစားတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ပညာတတ်အလွှာက လူတွေ၊ စာပေအနုပညာနယ်ပယ်ကလူတွေ အများကြီးပါပဲ။
သူတို့က ဘယ်သူဘယ်ဝါ ရွေးမနေဘူး။ အိမ်တွေကို ဝင်စီး၊ ဖမ်း နောက်ပြီး စင်ဒီယာဂိုက ပြည်သူ့အားကစားကွင်းထဲမှာ စုပြီး ထိန်းသိမ်းထားပါတယ်။ အဲဒီအခါကဆို အဲဒီကွင်းထဲမှာ လူပေါင်း ၅ သောင်းကျော်ကို ဖမ်းထည့်ထားတာပါ။ နောက်မှ သူတို့က တဦးချင်းစီကို စိစစ်တယ်၊ စစ်ကြောရေး လုပ်တယ်။ နှိပ်စက်လို့၊ သတ်ပစ်လို့ သေသွားသူတွေ၊ ပျောက်သွားသူတွေ အများကြီးရှိခဲ့ပါတယ်”
“အဲဒီအချိန်က သူတို့စစ်ကြောရေးစခန်းတွေကို ချီလီနိုင်ငံအနှံ့အပြားမှာ ဖွင့်ခဲ့တယ်။ စုစုပေါင်း နေရာ တထောင်ကျော်လောက် ရှိတယ်။ အဲဒီ စစ်ကြောတဲ့နေရာတွေက တဆင့် ပျောက်သွားတဲ့သူတွေလည်း အများကြီး ရှိခဲ့တယ်။ ဆင်းရဲလွန်းတဲ့ သူတွေနေတဲ့ ရပ်ကွက်ပိုင်းမှာ ဖိနှိပ်မှုက ပိုပြီး ရက်စက် ကြမ်းကြုတ်ကြတယ်။ လူတွေကိုပစ်သတ်ပြီး အလောင်းတွေကို ရပ်ကွက်ထဲက လမ်းတွေပေါ်မှာ ပစ်ထားခဲ့တာတွေ၊ မြို့ထဲက လမ်းတွေ၊ ချောင်းတွေမှာ အလောင်းတွေကို လာပစ်တာတွေကို လုပ်ခဲ့ကြတယ်။ လူတွေ အရမ်းကို ထိတ်လန့်ကြောက်ရွံ့အောင် သူတို့က လုပ်ခဲ့ကြတာပါ”
“ဒါတွေတကယ်ဖြစ်ခဲ့တာပါ။ ဥပမာ ကျနော်နဲ့ရင်းနှီးတဲ့ ကျနော်နဲ့အဲဒီအချိန်က ဖလော်ဆော်ဖီအတန်းမှာ အတူတက်နေတဲ့ ကျောင်းသူတဦးဆိုလို့ရှိရင် နှိပ်စက်ခံရတယ်၊ အဓမ္မကျင့်ခံရပြီး သတ်ပစ်ခံရတယ်။ ဒါ အာဏာသိမ်းတဲ့လ စက်တင်ဘာလထဲမှာပဲ ဖြစ်ခဲ့တာပါ။
ပြီးတော့ သူ့အလောင်းကို အီတလီသံရုံးဝင်းထဲကို သွားပစ်ထားလိုက်ကြပြီးတော့ သူတို့သတင်းစာတွေက ဒါ အီတလီသံရုံးဝင်းထဲကလူတွေ သတ်တာလို့ သတင်းထုတ်ပါတယ်။ အမျိုးသမီးတွေ အများအပြားပဲ အဓမ္မပြုကျင့် ခံခဲ့ရတယ်၊ အသတ်ခံခဲ့ရတယ်။ ဒါတွေ ဒါတွေ ချီလီမြေပေါ်မှာဖြစ်လာတာကို ကျနော်တို့ မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်”
အခုပြောခဲ့တဲ့ ချီလီအမျိုးသားကြီးက အဲဒီကာလက မြို့တော် စင်ဒီရာဂိုမှာရှိတဲ့ တက္ကသိုလ်မှာ ဖလော်ဆော်ဖီ အဓိက ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ ရိုဒီကိုကတ်စရို ပါ။ အခုတော့ သူက နှစ်ပေါင်းများစွာ သူ အလုပ်လုပ်ခဲ့တဲ့ သတင်း မီဒီယာလောကကနေ အငြိမ်းစား အနားယူထားတဲ့သူပါ။
နောက်တဦးဖြစ်တဲ့ အမျိုးသမီး ကယ်ရီနာရာဝီရာ ကတော့ စစ်အာဏာရှင်ခေတ်က ဖြစ်ပျက်ခဲ့တာတွေကို လူတွေ ဆင်ခြင်နိုင်ကြဖို့ အောက်မေ့ဖွယ်ပြတိုက် ပရောဂျက်ကို လုပ်ဆောင်နေတဲ့သူပါ။ သတို့ပြောခဲ့ကြသလို စစ်အာဏာရှင်ရဲ့ ရက်စက်မှုက နေရာတိုင်းကို သွားနေပါတယ်။
လူထုအတွက် ကဗျာတွေသီလို့၊ လူထုအတွက် သီချင်းတွေ ဆိုညည်းလို့ ချီလီလူထုကြားမှာ အကျော်အမော် အနုပညာရှင် တဦးဖြစ်တဲ့ ဗစ်တာဟာရာ ကိုလည်း စစ်အစိုးရက ဖမ်းဆီးပြီးတော့ သတ်ပစ်ခဲ့ပါတယ်။
“လူတွေကို ထိတ်လန့်ကြောက်ရွံ့သွားအောင် ဖိနှိပ်မှုတွေကို အပြင်းအထန် လုပ်တာကို မြင်နေရတော့ ဒီတိုင်းပြည်မှာ လူတဦးအနေနဲ့ ပုံမှန်ဘဝ မရတော့ဘူးဆိုပြီး တခြားနိုင်ငံတွေကို ထွက်ပြေးကြရတဲ့ အထူးသဖြင့် လက်ဝဲဝါဒီတွေက ပိုပြီး များများ ထွက်ပြေးကြရပါတယ်။ ကျောင်းတွေပိတ်၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာတွေ ပိတ်ပင်၊ မီဒီယာတွေလည်း မရှိ၊ နိုင်ငံရေး ပါတီတွေလည်း ပိတ်ပင် စတဲ့အခြေအနေမျိုးမှာ အဲဒီနယ်ပယ်တွေကလူတွေ ပြည်ပကို ထွက်ကုန်ကြပါတယ်”
သူက နိုင်ငံများစွာရဲ့ဒီမိုကရေစီပြောင်းလဲရေးကို လေ့လာပြီးတော့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ယူထားသူ ချီလီအမျိုးသမီး ဒေါက်တာ မာဆီးလာ ရီးရိုးစ် ပါ။
ကြောက်လန့်သွားအောင် ရက်စက်ဖိနှိပ်မှုတွေကြောင့် စစ်အာဏာရှင်တို့ရဲ့ လက်အောက် ချီလီကနေ လူပေါင်း ၃ သောင်းကျော် နိုင်ငံကနေ ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီသူတွေထဲ အစိုးရ သတင်းစာထဲမှာ အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ခံရလို့ တိုင်းပြည်ကနေ ၁၉၇၄ ခုနှစ်မှာ ထွက်ပြေးခဲ့ရတဲ့ မစ္စတာ ရိုလီကို ဒီကတ်စထိုလည်း အပါအဝင်ပါ။ သူက ချီလီအမှောင်ကျသွားပုံကို အခုလို ပြန်ပြောပြပါတယ်။
“အာဏာသိမ်းပြီးတဲ့နောက် သူတို့အကုန်လုံးကို ပိတ်ပစ်တယ်။ အဲဒီအချိန်တုန်းက ချီလီမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အများကြီးရှိခဲ့ပါတယ်။ သတင်းစာတိုက်တွေကို အကုန်ပိတ်တယ်။ ရေဒီယို၊ အသံလွှင့်ရုံတွေကို အကုန်ပိတ်တယ်။ ရုပ်မြင်သံကြားလိုင်းတွေ ပိတ်၊ ဘာသတင်းမှ လူတွေမသိ ရတော့ဘူး။ အကုန်ကိုပိတ်ပစ်လိုက်ကြတာ”
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment