Sunday, November 23, 2008

အောင်သူငြိမ်း (ရေသာခို လှေကြုံစီး)-နိဂုံးပိုင်း


လမ်းဖောက်လုပ်ရန် လုပ်အားပေး သူ ထွက်လာနိုးနိုး၊ ကိုယ် ထွက်လာနိုးနိုး အားလုံးက မျှော်နေကြမည် ဆိုပါက လမ်းမဖြစ်နိုင်ပါ။ ဤကဲ့သို့သော အများကောင်းကျိုးလုပ်ငန်းများတွင် (ရလျှင်ရ၊ မရလျှင် အကုန်မရ) (ဖြစ်လျှင်ဖြစ်-မဖြစ်လျှင်အကုန်မဖြစ်) (All or Nothing) ဟူသော သဘောတရားရှိတတ်ပါသည်။


ပါမောက္ခ ဒဲန်နစ်ချောင်ကတော့ အနောက်တိုင်းလစ်ဘရယ်ဝါဒအယူအဆအရ လက်ခံသောလူဆိုသည်မှာ ကျိုးကြောင်းဆီလျော်စွာ ရွေးချယ်တတ်သူ (Human beings are rational actors) ဟူသောအယူအဆကို အခြေခံ၍ ရှင်းပါသည်။


ဆိုလိုသည်မှာ လူအများသည် မိမိအကျိုးစီးပွားကို အခြေခံ၍လှုပ်ရှားတတ်သော သဘောဖြစ်ပါသည်။ မိမိ အကျိုးစီးပွားရှိလျှင် လှုပ်ရှားမည်၊ မိမိအကျိုးစီးပွားမရှိလျှင် မလှုပ်ရှားဟူသော သဘောအခြေခံဖြစ်ပါသည်။


ပါမောက္ခချောင်က သူလေ့လာခဲ့ရာတွင် လူအများအနေဖြင့် သပိတ်များအတွင်းမှ၊ လူထုလှုပ်ရှားမှုများအတွင်းမှ မထွက်ခွာ၊ မစွန့်ခွာသွားကြခြင်းမှာ သူတို့၏ လူမှုရေးအရ ရည်မှန်းချက်များဖြစ်သော ဂုဏ်သိက္ခာ၊ ကျော်ကြားမှု၊ အာဏာ၊ အသိအမှတ်ပြုခံရမှု စသည်တို့ကြောင့်ဖြစ်သည်ဟု ဆိုပါသည်။


သို့သော် ထိုလူအများအနေဖြင့် ဤပုဂ္ဂလိကရည်မှန်းချက်များအတွက် သက်သက်စေ့ဆော်မှုကြောင့် လှုပ်ရှားမှု တွင် ပါဝင်ကြခြင်းမဟုတ်ဘဲ၊ တချိန်တွင် ဤလှုပ်ရှားမှုကိုအခြေခံ၍သူတို့၏ ပုဂ္ဂလိကရည်မှန်းချက်များအတွက် ဆောင်ရွက်နိုင်ဖွယ်ရှိသော အခြေအနေကြောင့်လည်း ဖြစ်ပါသည်။


ချောင်ကရှင်းပြရာ၌ လူအများအနေဖြင့် လှုပ်ရှားမှုတွင်ပါဝင်တော့မည်ဆိုလျှင် ပေးဆပ်ရမည့်တန်ဖိုးနှင့် ရရှိလာ မည့်အကျိုးအမြတ်ကို ချိန်ဆလေ့ရှိကြပါသည်။ အကျိုးအမြတ်က နည်း၊ ပါဝင်လှုပ်ရှားမှုအတွက် ပေးဆပ်ရမည့် တန်ဖိုးကများမည်ဆိုလျှင် ချို၍နေလိုက်ကြပါသည်။


သို့သော် လူအများက မိမိအကျိုးစီးပွားအတွက် သက်သက်စေ့ဆော်မှုဖြင့် လှုပ်ရှားကြသည်ဟူသော အယူအဆ တွင်လည်း အားနည်းချက်များရှိကြောင်း ချောင်က ဆွေးနွေးပြပါသည်။


လူဆိုသည်က ထူးဆန်းပါသည်။ တခါတရံ အချို့သော အရေးကြီးသည်ဟု ထင်မှတ်ယုံကြည်သော ကိစ္စများတွင် ပေးဆပ်ရမည့်တန်ဖိုး မည်မျှများများ ပါဝင်လှုပ်ရှားတတ်သောသဘောကိုလည်း တွေ့ရပါသည်။ အကြောင်းမှာ သူ ကိုယ်တိုင်က ပါဝင်ချင်၍ဖြစ်ပါသည်။ သမိုင်းဝင်မည့်အဖြစ်အပျက်မျိုး၊ လှုပ်ရှားမှုမျိုးတွင် လူအများက ပါဝင်လာ လေ့ရှိကြပါသည်။


ဥပမာအားဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံမျိုး နှင့် ၁၉၉၄ မာနာပလော တိုက်ပွဲကာလမျိုးဖြစ် ပါသည်။


လူအများက အန္တရာယ်ရှိမှန်းသိလျှက်နှင့် ပါဝင်ခဲ့ကြပါသည်။ မာနာပလောခုခံစစ်တိုက်ပွဲကာလကလည်း မဟာ မိတ် တပ်ဖွဲ့အများအပြား စစ်ကူစေလွှတ်ပါဝင်ခဲ့ကြဖူးပါသည်။ အကြောင်းမှာ အခြားမဟုတ်။ ဤဖြစ်စဉ်တွင် ပါဝင်လိုသောကြောင့်သာဖြစ်ပါသည်။ ထို့အတွက်ကြောင့်ပင်ဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုကာလ ဒီမိုကရေစီလှုပ်ရှားမှုကို ဒုတိယအကြိမ် လွတ်လပ်ရေးလှုပ်ရှားမှုနှင့် တင်စားနှိုင်းယှဉ်ဖော်ပြခဲ့ခြင်း ဖြစ်ပါလိမ့်မည်။


ထို့အပြင် ဖရီးရိုက်ဒါလျော့နည်းသွားအောင် ဆောင်ရွက်နိုင်သော အခြားသောနည်းလမ်းများကိုလည်း ချောင်က ဆွေးနွေးခဲ့ပါသည်။ ၄င်းမှာ တပ်ပေါင်းစုကဲ့သို့သော၊ အဖွဲ့အများအပြားနှင့် လှုပ်ရှားသောကိစ္စများတွင် အဖွဲ့ငယ် အသီးသီး၏ အကျိုးစီးပွားများကို အသိအမှတ်ပြု၍ စဉ်းစားပေးခြင်းဖြစ်ပါသည်။


ထို့အပြင် မိမိတို့ဦးတည်ထားသော ရည်မှန်းချက်ကြီးကို၊ အောင်မြင်မှုတိုင်းတာနိုင်ရန် အသေးစိတ်ကျသော၊ လုပ်ငန်းငယ်များ၊ ရည်မှန်းချက်ငယ်များဖြင့် ခွဲခြမ်းစိတ်ဖြာပေးခြင်းပင် ဖြစ်ပါသည်။ ဤအချက်သည် လှုပ်ရှားမှုကို ဦးဆောင်နေသော ခေါင်းဆောင်များအတွက် အရေးကြီးသောအချက်ဖြစ်ပါသည်။


ဗီယက်နမ်စစ်ပွဲကာလက ဗီယက်နမ်ပြောက်ကျားများက မိမိတို့တော်လှန်ရေး စစ်ပွဲဦးတည်ချက်ကို အဆင့်ငယ်များခွဲခြမ်း၍ တာဝန်ခွဲဝေ နေရာချထားပေးခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဤသို့ဖြင့် လူအများက အောင်မြင်မှုကို အသိအမှတ်ပြုလာပြီး၊ မိမိပါဝင်ဆောင်ရွက် ရမှုအတွက်လည်း တန်ဖိုးထားကြောင်း ချောင်က ဖော်ပြခဲ့ပါသည်။


ထို့အပြင် အသိအမှတ်ပြုမှုနှင့် ဆုလာဒ်များသည်လည်း များစွာထိရောက်ပါသည်။ ဤသည်မှာ လူအများအတွက် သီးသန့်မက်လုံးတခုဖြစ်စေပါသည်။ ဆုပေးရာ၌ ရုပ်ဝတ္ထုပစ္စည်း၊ လူမှုရေးအရ၊ စိတ်ပိုင်းဆိုင်ရာအရ တခုခုဖြစ်နိုင် ပါသည်။ ထိုအခါ လူအများ၏ နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်နေရမှုအတွက် စိတ်ဓာတ်ရေးရာအရ တွန်းအားဖြစ် လာစေပါသည်။


ထို့အပြင် လူအများနှင့် ဆောင်ရွက်ရသောလုပ်ငန်းတွင် အချို့ကအကန့်အသတ်ဖြင့်သာ ပါဝင်ဆောင်ရွက်တတ်ရာ လုပ်ငန်းအောင်မြင်မှု အတွက် ကြီးကြပ်စစ်ဆေးမှုလည်း လိုအပ်ပါလိမ့်မည်။ ထိုအပြင် လူအများက မိမိတို့ အသံကို ဖော်ထုတ်ခွင့်ရစေရန် အငယ်စားနှင့် အကြီးစားတွေ့ဆုံဆွေးနွေးပွဲများ (ညီလာခံများ) လည်း လိုအပ်ပါ လိမ့်မည်။ ထို့အပြင် လှုပ်ရှားမှု၏ စံထားသတ်မှတ်ချက်များ (Ethos) ကို မည်သို့ထိန်းသိမ်းကြမည်ဆိုသော ကိစ္စ လည်း ရှိပါသေးသည်။


ယနေ့မိမိတို့လှုပ်ရှားမှုနှင့် တပ်ပေါင်းစုတွင်ရော ဖရီးရိုက်ဒါ များနေပါသလား။ များလွန်းလျှင် ဘာအလုပ်မှ မဖြစ်နိုင်တော့ပါ။ လူအများပါဝင် လှုပ်ရှားလာစေရန် မည်သို့ဆောင်ရွက်ကြမည်နည်း။ စဉ်းစားရန်သင့်ပြီ ဖြစ်ပါ သည်။


အကိုးအကား

Dennis Chong, Collective Action and Civil Rights Movement, University of Chicago Press, Chicago,1991.


No comments: