Sunday, March 8, 2015

ဒေါက်တာဇော်မင်းနဲ့ ကျနော် - ၂ (အောင်သူငြိမ်း)

(၂) 

RIT, နေဝန်းနှင်းဆီ၊ စိုက်ပျိုးရေး သုတေသနဝင်း 

ကျနော်က အင်းစိန် ပိန္နဲကုန်းလမ်းထဲမှာ နေတယ်။ အခု ဘုရင့်နောင်လမ်းမကြီးနဲ့ မဝေးလှဘူး။ အဲဒီအချိန်တုန်းက ဘုရင့်နောင် လမ်းမကြီးရယ်လို့ ပီပီပြင်ပြင် မရှိသေးဘူး။ မြေလမ်းကြမ်းပဲ ပြီးသေးတယ်။ ကျနော်တို့ လမ်းတစ်ဖက်ကျော်သွားရင် မြို့သစ်ဆိုပြီး၊ ဆိုးတယ် ကြမ်းတယ်လို့ပြောတဲ့ ရပ်ကွက်ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ပိန္နဲကုန်းလမ်းကနေ ဘီပီအိုင် (BPI) ဘက်ကိုသွားတဲ့ ဖြတ်လမ်းရှိတယ်။ လယ်ကွင်းကလေးကို ခဏဖြတ်ရတယ်။ 

ပြီးတော့ ဘီပီအိုင် အပိုင် ထင်တယ်၊ အောက်ဆီဂျင်စက်ရုံကို ရောက်တယ်။ နောက်တော့ ကွန်ကရစ်လမ်းကလေး ဖြတ်၊ ရထားလမ်းကိုဖြတ်ရင် ကြို့ကုန်း ရပ်ကွက်ထဲရောက်သွားပြီ။ လျှောက်သွားရင် ကိုဇော်မင်းတို့က စက်မှုတက္ကသိုလ် (RIT) ရှေ့က စိုက်ပျိုးရေးဌာန၊ သုတေသနဝင်းထဲမှာ နေတယ်။ သူ့အဖေက စိုက်ပျိုးရေးဌာနက အရာရှိတစ်ဦးပဲ။ အင်းစိန်လမ်းမကြီး RIT ရှေ့မှာပဲ စာအုပ်အငှားဆိုင်ကလေး ရှိတယ်။ ‘နေဝန်းနှင်းဆီ’ လို့ အမည်ရတယ်။

အဲဒီဆိုင်မှာလည်း ငှားဖြစ်တယ်။ ကျနော့်ထက် အတန်းကြီးတဲ့ အမ တစ်ယောက်လည်း တွေ့တယ် (နာမည် မမှတ်မိ၊ သူက နောက်တော့ ကျောင်းမဂ္ဂဇင်းမှာ သူ့နှလုံးက သာမန်လူတွေလို ဘယ်ဖက်မှာ မဟုတ်၊ ညာဖက်မှာဆိုတဲ့ အကြောင်းလေး ရေးထားတာ ဖတ်ရတယ်။ ဒါကြောင့် သူ့ကို မှတ်မှတ်ရရ သတိထားမိတယ်။) သူကလည်း နေဝန်းနှင်းဆီမှာ စာအုပ်လာငှားလေ့ ရှိတယ်။ နောက်ပိုင်း ကိုဇော်မင်းက မိတ်ဆက်ပေးတော့ အဲဒီစာအုပ်ဆိုင်က လူတွေနဲ့ ပိုရင်းနှီးသွားတယ်။ 

တကယ်တော့ ကျနော် ဆယ်တန်းအောင်တာ ဘားအံက။ ဘားအံက ကျနော်နဲ့ သူငယ်ချင်း ယောက်ျားလေးအများစုက RIT ကို ရောက်ကြတယ်။ အဲဒီတော့ ဒီဘက်ကိုသွားလည်တာ အဓိပ္ပာယ်ရှိတယ်။ ကိုဇော်မင်း အလုပ်အားရင် သူ့ဆီဝင်လည်၊ မအားရင် စာအုပ်ဆိုင်ဝင်ငှား၊ မဟုတ်ရင် RIT ဘက်ထဲကူးပြီး ဘားအံက သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်။ 

အဲဒီအချိန်က ပလေးဘွိုင်သန်းနိုင်ရဲ့ ‘အဝါရောင် လမ်းကလေး’ သီချင်းကလည်း ခေတ်စားတယ်။ ဒီသီချင်းနဲ့တွဲပြီး ဒီလမ်းကလေးကို အမှတ်ရသေးတယ်။ တကယ်တော့ လမ်းက အဝါရောင် မဟုတ်ပါဘူး။ လယ်ကွင်းကြိုကြား၊ မြို့ပြရဲ့ နောက်ဖေးလမ်းကြားက ဖြတ်သွားရတာမျိုးပါပဲ။ ဒီမှာ မြင်ရတဲ့မြင်ကွင်းအပေါ် ကဗျာတစ်ချို့ရေးဖြစ်... 

လမ်းနဘေး 
ကျောက်စရစ်ပုံကလေးပေါ်မှာ 
လူတယောက်ဟာ 
သဘာဝကိုငေးလို့ 
ဘာ တွေးနေပါလိမ့်။ 

မုတ်ဆိတ်ငုတ်တို 
ညစ်နွမ်း အိုလျရုပ်ပုံ 
အလုပ်သမား ဝတ်စုံ 
သူဟာ 
ဒီလမ်းပုံထွင်းသူများရဲ့ 
ဂုဏ်သရေရှိ အလုပ်သမားဖြစ်မယ်။ 

ဆံပင်များ 
လေမှာလွင့် 
စိတ်တွေ လေမှာလွှင့် 
‘တောပုလင်း’ ဖွင့်ထားပုံပဲ။ 

သူဟာ
လေများစွာ ရှူရှိုက် 
အိပ်ငိုက်၊ နွမ်းလျ၊ ဘဝကာလ 
ဒဿနတခု 
ပြုစုကောင်း ပြုစုနေမယ်။ 

ညနေဆည်းဆာအိုမှာ 
အသားညိုညို 
ဗျို့... အလုပ်သမားအို 
ခင်ဗျား ဘာကိုတွေးနေတာလဲ။ 

... ... 
ဒီညနေမှာ 
ငါသောက်တဲ့ အရည်ဟာ 
ငါ့ ချွေးတွေပေါ့ 
လမ်းမဘေးမှာ၊ တော့ကျော့သီ 
အနာဂတ် ပန်းချီဆေး 
ရွှေဝါချွေးရည်အတွက် 
 ငိုကြွေးလျက်ပေါ့။ 

(၁၉၈၆၊ ရွှေဝါလမ်းမ ကဗျာမှ) 

အဲသည်တုန်းက ယက်ဗ်တူရှင်ကို ကဗျာကို ဘာသာပြန်တွေ လွှမ်းမိုးမှုတွေလည်း ပါတာပေါ့။ အလုပ်သမား အကြောင်းလည်း ပါ။ အနာဂတ်လည်းပါ... အဲသည်လိုမျိုးတွေ။ အဲသည်အချိန်မှာ တတိယနှစ်လောက်ကစလို့ ကျနော် ရောဂါတစ်ခု ထတယ်။ စာတစ်အုပ်ဖတ်ရကနေ ဖြစ်လာတာ။ တစ်နှစ်ကို စာအုပ် ၁၀၀ ဖတ်မယ်ဆိုပြီး စာရင်းချရေး ဖတ်ဖြစ်တယ်။ ၁၀၀ တော့ မပြည့်ဘူး။ အတော်ဖတ်ဖြစ်တယ်။ ဒီလိုနဲ့ နေဝန်းနှင်းဆီ စာအုပ်ဆိုင်က ဖောက်သည်တွေ ဖြစ်လာတယ်။ မှတ်မှတ်ရရ အဲဒီဆိုင်မှာ ပုံမှန်ထိုင်တဲ့ ပိုင်ရှင် ၂ ဦးရှိတယ်။ ကိုထိန်နဲ့ ကိုသိန်းဇော်။ ကိုထိန်ကို ခပ်ဝဝ လို့ မှတ်မိတယ်။ ကိုသိန်းဇော် ကတော့ ခပ်ပိန်ပိန်ပဲ။ 

ကိုငွေက စာအုပ်လာငှားရင်... ဒါ ဖတ်ကြည့်၊ ဒီစာအုပ်က ဘယ်လိုသဘောတရားဆိုတာမျိုး Guide လုပ်တတ်တယ်။ ကိုသိန်းဇော် ကတော့ ခပ်အေးအေးပဲ။ “သွားမရှုပ်ပါနဲ့… သူ့ဘာသာ ရှာဖတ်မပေါ့”ဆိုတဲ့ သဘောမျိုး ရှိတယ်။ သူတို့က ရှားပါး စာအုပ်ဆိုရင် သေချာနောက်မှာ သိမ်းထားတယ်။ လူရင်းမှ စိတ်ချရမှ ထုတ်ငှားတယ်။ အဲဒါအပြင် နေဝန်းနှင်းဆီ ဆိုင်နံဘေးမှာပဲ၊ စာအုပ်အဟောင်းရောင်းတဲ့ ဆိုင်ကလေးတစ်ခု ရှိသေးတယ်။ အရပ်ပုပုနဲ့ တစ်ယောက်၊ နောက်ပိုင်းတော့ သူတို့လည်း ဖမ်းဆီးခံရ၊ ကွန်မြူနစ်ဆိုပြီး စွပ်စွဲခံရတယ် ထင်တယ်။ သေချာ မမှတ်မိတော့ဘူး။ 

ကိုသိန်းဇော်ကတော့ နောက်ပိုင်း လူ့ဘောင်သစ်ပါတီဖွဲ့တော့ ပါသေးတယ် ထင်တယ်။ အခုတော့ ရခိုင်ပြည်မှာ ပြန်နေတယ်၊ အိမ်ထောင်ကျနေပြီ ကြားတယ်။ ကိုဇော်မင်းဆီက ရှားရှားပါးပါး ကဗျာစာအုပ်တစ်အုပ် ဖတ်ရတယ်။ ခင်မောင်အေး ဘာသာပြန်တယ်ထင်တယ်။ ‘ဘားတော့ဘရက် ကဗျာများ’။ စာအုပ်က အတော်ဟောင်းနွမ်းနေပြီ။ အဲဒီအချိန်က အဖိုးတန်။ အချို့ကဗျာတွေများ အလွတ်ရနေသေးတယ်။ 

‘ပြည်သူ့ချွေးနှီးစာ အခွန်ဘဏ္ဍာတော်ကို 
အလွဲသုံးစားလုပ်နေသူတွေက 
နည်းနည်းနဲ့ ရောင့်ရဲကြပါလို့ 
ဆုံးမနေပါလားဟေ့။ 

ဗိုက်အပြည့် စားသောက်နေရတဲ့သူတွေက 
လူငတ်တွေကို 
အနစ်နာခံကြစမ်းပါတဲ့။ 

တိုင်းပြည်ကြီးကို ချောက်ထဲဆွဲခေါ်ချမယ့်လူတွေက 
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန် 
နီးလာပြီတဲ့လေ။ 

တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ 
သာမန်ပြည်သူပြည်သားတွေ နားလည်ဖို့ 
အင်မတန် ခက်ပါတယ် ဆိုပါလားဟေ့’ ... ဒီလို စာမျိုးတွေ သိပ်သဘောတွေ့ခဲ့တာပေါ့။ 

ကိုဇော်မင်းတို့အိမ်က အစိုးရပေးထားတဲ့အိမ်။ ခြေတံရှည် သစ်သားအိမ်ကလေး။ အောက်မှာက လမ်းလျှောက်လို့မရ ခပ်ကုန်းကုန်းသွားရင်ရတဲ့ အနေအထားရှိတယ်။ ကွပ်ပြစ်ကလေးတစ်ခု ရှိတယ်။ အဲဒီမှာ သူနဲ့ ကျနော် ရောက်တတ်ရာရာ ပြောကြတယ်။ သူကို နောက်ပိုင်းသတင်းစာရှင်းလင်းပွဲမှာ ‘ဝူးဝါး’ ခေါ် ဇော်မင်း ဆိုပြီး ရေးထားတာတွေ့မှ အဲဒီ နာမည်ရှိမှန်း သိတယ်။ 

ဟုတ်တော့ ဟုတ်တယ်။ သူက ခေတ်ကြီးကို ဒေါသထွက်နေတာ။ ဝူးဝါး ပြောတတ်တာမျိုးလည်း ရှိတယ်။ တစ်ခါက ကျနော် မင်းကျော်ရေး ‘ငါတို့ခေတ်နဲ့ အပြိုင်’ ကို သဘောကျလွန်းလို့။ ၆ အုပ်တွဲ ထင်တယ်။ သဘောကျကြောင်း ပြောမိတယ်။ သူက “ဟင်း... အဲဒီ စာအုပ်နိဂုံးပိုင်း ရေးရဲလားလို့ မေးကြည့်၊ မေးကြည့်လေ”... သူက ဝူးဝါး ထပြောတယ်။ ကျနော် သဘောမပေါက်ဘူး။ ဘာဖြစ်လို့လဲပေါ့။ နောက်မှ ဦးမင်းကျော်က မဆလ အစိုးရ အရာရှိတစ်ဦးဖြစ်နေကြောင်း သိရတယ်။ 

ကျနော်တို့ စကားပြောရင် သူ့ညီ ကိုဇော်ထွန်းက ဝင်ပါခွင့်မရဘူး။ ကျနော်က သူ့အစ်ကိုနဲ့ ပေါင်းနေတာကိုး။ အဝေးက ချောင်းကြည့်၊ ချောင်းကြည့်နဲ့။ ဒါပေမယ့် ကိုဇော်ထွန်းက ကျနော့်ထက် အတန်းကြီးတယ်။ သူက စီနီယာ (ဒေသကောလိပ်ပြီးလာတာ)၊ ကျနော်က ဂျူနီယာတန်း (၈၂ မှာ ဆယ်တန်းအောင်ပြီး ကျောင်းတန်းရောက်တာ)။ 

ခေတ်ကြီးကို ဒေါကန်ဆို အဲဒီအချိန်ကလည်း ပင်ပန်းလွန်းတယ်။ ဆပ်ပြာတွေ ရှားတယ်။ ‘မွှေး’ တို့၊ ‘ကာဘော်လစ်’ တို့ ဆိုတာ ဇိမ်ခံပစ္စည်းလို၊ ရိုးရိုး ရွှေဝါဆပ်ပြာတောင် ရှားလွန်းလို့၊ ဆင်ခြေတုံးဆပ်ပြာခေါ်တဲ့ ခပ်မဲမဲ ဆပ်ပြာတွေ၊ သဲဆပ်ပြာတွေ သုံးရတဲ့ကာလ၊ ဆန်ကလည်း ရှားတယ်။ တစ်နေရာက တစ်နေရာ သယ်ပို့ခွင့် ပိတ်ပင်ထားသေးတယ်။ ဘာကြောင့်မှန်း မသိဘူး။ ကျနော်တို့ ညီအစ်ကိုတွေ သံလျှင်တဖက်ကမ်းကိုသွားပြီး ဆန် ၄-ပြည် အိပ်ကလေးတွေနဲ့ဝယ်၊ အိမ်ကို ပြန်သယ်လာရတာ အမှတ်ရနေသေးတယ်။ 

အဲဒီအချိန်မှာ ကောလာဟလတွေက များသား၊ ရန်ကုန်မြစ်ကူး သင်္ဘောကြီး နစ်တယ်။ သွေးချောင်းစီးမယ် ကောလာဟလတွေ ထွက်လာရော၊ မုန့်ဟင်းခါးနဲ့ သံပုရာသီး စားကြ။ ကပ်ကြီးကို ကျော်နိုင်၊ လွှားနိုင်မယ်... အဲသလိုမျိုးခေတ်။ အစိုးရက ငွေစက္ကူတွေ ဖျက်သိမ်း။ ပြန်မပေး။ ကျောင်းသားတွေက အဲဒီ အတွက် ဆူပူကြ၊ ... အဲသလို တစ်ခုခုဖြစ်လာတော့မယ်ဆိုတဲ့ မသေချာမှုတွေရှိနေတဲ့ ကာလမျိုးပဲ။ ကိုဇော်မင်းအိမ်မှာ ဖြစ်ဖြစ်၊ ဆေးခန်းမှာဖြစ်ဖြစ် ပြောကြဆိုကြရင်... ကဗျာ၊ စာအကြောင်းကနေ... ခေတ်ရဲ့ ကမောက်ကမအကြောင်းတွေလည်း ရောက်ခဲ့တယ်။ နောက်တစ်ခုက အင်းစိန်မှာ စနေစာပေဝိုင်း ထင်တယ်၊ ရှိတယ်။ ဆရာဦးတင်မိုးတို့ ဦးဆောင်ကြတာ။ လွတ်လွတ်လပ်လပ် စာပေဆွေးနွေး၊ ပြောဆိုကြပေါ့။ ကိုဇော်မင်းက မင်းကို ခေါ်သွားမယ်ပြောပြီး ကျနော် တစ်ခါမှ မရောက်ဖြစ်ဘူး။

တဆက်တည်း RIT ဘက်ကို ကူးပြီး သွားလည်ဖြစ်တဲ့ ကျနော့်သူငယ်ချင်းတွေလည်း ဒီခေတ်ကြီးကိုဖြတ်ခဲ့ရာမှာ ဘဝတွေက ကြမ်းခဲ့ကြတယ်။ ကိုကျော်ခင်က ၈၈ အပြီးမှာ ထောင်ကျတယ်။ (ခု ဘားအံ ၈၈ မျိုးဆက်မှာ)၊ ကိုဆန်နီသိန်းက ဘားအံသပိတ် ဦးဆောင်မှုနဲ့ သေဒဏ်အပြစ်ပေးခံရတယ်။ မော်လမြိုင်ထောင်မှာ ကျတယ်။ ခုတော့ ဘားအံမှာ ဘဝကိုပြန်ထူထောင်၊ စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေတယ်။ 

ဆက်ရေးပါဦးမည်။ 

 

No comments: