(၃)
ကိုဇော်မင်းဟာ ကွန်မြူနစ်လား
ဒေါက်တာဇော်မင်းဟာ ကွန်မြူနစ်လား။ သူဟာ ကျနော့်ကိုရော စည်းရုံးဖို့ ကြိုးစားဖူးသေးသလား။ ကျနော့်ကို ကျနော် ဒီမေးခွန်း ပြန်မေးကြည့်တယ်။ ပထမမေးခွန်းကို အမှန်အတိုင်းဖြေရရင် ကျနော် မသိဘူး။ ကျနော်တို့ သူငယ်ချင်းလို ပေါင်းသင်းနေစဉ်ကာလမှာ ရောက်တတ်ရာရာ ခေတ်အကြောင်းပြောတယ်။ စာအကြောင်း ပေအကြောင်း ပြောတယ်။
ဒါပေမယ့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြိုခွင်းခံရလို့ နောက်ပိုင်း ကျနော်လည်း တောထဲရောက်၊ သူ့ကိုလည်း ဖမ်းပြီး ၄၈၂၈ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ယူဂျီ အဖွဲ့ဝင်အဖြစ် စွပ်စွဲတာ သတင်းစာရှင်းလင်းပွဲမှာ ဖတ်ရတယ်။ ဖတ်ရတဲ့အချိန်မှာ ကျနော် တောထဲရောက်နေပြီ။ (နောက်တော့ စာအုပ်နီက ကွန်မြူနစ်တွေအတွဲ၊ စာအုပ်စိမ်းက လက်ျာ အင်အားစုတွေအတွဲ ဆိုပြီး ထွက်လာတယ်)။
ကျနော်မြင်တာတော့ ကျနော်တို့ခေတ်က ခေတ်ကျပ်ကြီး။ လူတွေက အစိုးရကိုမကျေနပ်တာ အကျယ်အပြန့်ရှိနေတာပဲ။ ဒါကြောင့်လည်း ၁၉၈၈ မှာ တစ်နိုင်ငံလုံး တစ်ပါတီဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်တယ်ဆိုပြီး အုံးအုံးကြွကြွ ထွက်လာကြတာပဲ။ ဒေါက်တာဇော်မင်းက အစိုးရကို မကျေနပ်တာ၊ မုန်းနေတာ ရှိနိုင်တာပဲ။ ကျနော်လည်း ကျနော့်အတိုင်းတာနဲ့ မကျေနပ်တာ ရှိနေတာပဲ။ ဒါပေမယ့်လည်း ကိုယ့်ခေတ်က ဒီလောက် အောက်ကျ နောက်ကျ နိုင်နေမှန်းတော့ မသိခဲ့ဘူး။
ကျနော်တို့ ဆေး-၂ ရှိရာ မင်္ဂလာဒုံကနေ၊ လှိုင်တက္ကသိုလ်ဝင်း (Regional College-2)၊ မိန်းတက္ကသိုလ် (RASU) ထဲကို သွားရင် ၉-ကားကို တိုးစီးသွားကြ၊ လိုင်းပြေးတဲ့ ဒတ်ဆန်းကားကလေး တွေပေါ်မှာ ထမင်းဗူးတစ်ဖက်၊ လက်တစ်ဖက်ပဲမိပြီး ခြေတစ်ဖက်တွဲလောင်းနဲ့ သွားကြ၊ တစ်ခါတစ်လေ ခေါင်မိုးပေါ်က စီးကြ၊ ပျော်နေကြတာပဲ။ တက္ကသိုလ် ကျောင်းသူကလေးတွေကို ပိုးပန်းဖို့သွားကြတာနဲ့ ရင်ခုန်နေရလွန်းလို့၊ တို့ခေတ်ကြီးဟာ ဒီလိုအန္တရာယ်ရှိတဲ့ ကားတိုးစီးရ၊ ခေါင်မိုးပေါ်က စီးနေရတာကို လူတန်းစေ့ မဟုတ်မှန်း သတိမမူမိခဲ့ကြဘူး။ ကိုဇော်မင်းနဲ့ တစ်ခါတွေ့တော့ သူက ပြောပြတယ်။
“ဒီမှာ ကြည့်စမ်းတဲ့ ...” သူက ဆမ (ဆရာဝန် လိုင်စင်) ရှိသူတွေအတွက် ထုတ်ပေးတဲ့ အစိုးရ ဆေးခွဲတမ်းယူပြီး ပြန်လာတာ။ ကျွတ်ကျွတ်အိတ် တစ်လုံးစာ ဆေးတွေနဲ့။ သူက ပြောပြတယ်။ “အရင်ခေတ်ကဆို ဆရာဝန်တွေဟာ ဆေးခွဲတမ်းထုတ်ရင် ကားနဲ့တိုက်ပြီး ပြန်လာကြရတယ်။ နောက်တော့ ဘီ-၆၀၀ (B 600) ကားကလေး တစ်စီးစာ ဖြစ်လာတယ်”
အဲသည်ခေတ်က အစိုးရက ဆေးသွင်းကုန်၊ ထုတ်ကုန်တွေ ထိန်းချုပ်ထားတယ်။ နိုင်ငံခြားငွေ ထိန်းချုပ်ထားပြီး၊ အစိုးရက တာဝန်ခံ ဆေးသွင်းတယ်။ ပြည်တွင်းက အထွေထွေကု 'ဆမ' လိုင်စင်ရှိတဲ့ ဆရာဝန်တွေကို ခွဲတမ်းနဲ့ ပြန်ရောင်းပေးတယ်။ သူပြောတဲ့ B-600 ကားဆိုတာလည်း အဲဒီခေတ်က အစိုးရ စက်ရုံထုတ် မာဇဒါကားကလေး၊ သေးလိုက်တာ သုံးဘီးကားလောက်ပဲ ရှိတယ်။ ဒီကားတွေက ရန်ကုန်မြို့ထဲ တက္ကစီပြေးတယ်။ အရာရှိတွေအချို့ကို အစိုးရက စီးဖို့ထုတ်ပေးတယ်။ ဆေးခွဲတမ်းက သူ့ခေတ်ရောက်တော့ ကျွတ်ကျွတ်အိတ် တစ်လုံးစာပဲ ရှိတော့တယ်။ ဒါတွေ မကျေနပ်စရာ ရှိကောင်းလည်း ရှိနိုင်တာပေါ့။ အဲဒီခေတ်က အစိုးရကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတယ်။ ဗကပ ရှိတယ်။ အဲသည်တော့ ချိတ်ဆက်မိတာလည်း ရှိနိုင်တာပေါ့။ ကျနော်တော့ သေချာ မသိဘူး။ လက်ဝဲ ကွန်မြူနစ်အယူဝါဒကို ကြိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။
အနောက်နိုင်ငံတွေမှာတော့ ကျနော်တွေ့ဖူးတယ်။ ကျနော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ချို့က “ငါက လက်ဝဲ (Leftist) ကွ” လို့ ပြောလေ့ရှိတယ်။ ဒီလိုပြောလို့ ဘာမှ ပြဿနာမရှိဘူး။ သူဆိုလိုတာ သူက လူတွေ တန်းတူညီမျှမှုကို သဘောကျတာ။ လူမှုတရားမျှတမှုကို နှစ်သက်တာ၊ လိုချင်တာ။ ဒါပေမယ့် ကွန်မြူနစ်ပါတီကြီး အာဏာရရေး၊ အာဏာသိမ်းပိုက်ရေး လုပ်နေတာ မဟုတ်ဘူး။ လူမှုအဖွဲ့အစည်းထဲမှာ ပိုလို့ တရားမျှတမှု၊ တန်းတူမှုကို လိုလားတယ်။ သူလည်း ကြိုးပမ်းလုပ်ဆောင်တယ်... ဒီလောက်ပဲ။
ကျနော်တို့မှာတော့ ‘လက်ဝဲ’ လို့ ပြောရင် တမျိုးဖြစ်တယ်။ လက်ထိပ်နံ့၊ ထောင်စော် မကင်းဘူး။ အခုအချိန်ထိလည်း အစိုးရဘက်က ထုတ်ပြန်ချက်တွေမှာ ကွန်မြူနစ်တွေ နောက်ကွယ်က ကြံစည်နေတယ်ဆိုတာမျိုး စွပ်စွဲနေတုန်းပဲ။ အမှန်ကတော့ လက်ျာ (လစ်ဘရယ်ဝါဒီ) ယုံကြည်သူတွေလည်း မချောင်ပါဘူး။ စာအုပ်စိမ်းထဲမှာ စွပ်စွဲ ထောင်ချခံရပါတယ်။ စီအိုင်အေ၊ အနောက်အုပ်စု လက်ကိုင်တုတ်၊ ပြည်ပအားကိုး ပုဆိန်ရိုး... သူတို့လည်း ခံရပါတယ်။ နိုင်ငံတော်က ယုံကြည်ပါဆိုတဲ့ ‘နိုင်ငံတော်လမ်းစဉ်’ အပေါ်က သွေဖီရင် အားလုံးက ရန်သူဖြစ်ကြရတယ်။
ကျနော့်ကိုရော စည်းရုံးဖူးသေးလား။ ကျနော်သေချာ ပြန်စဉ်းစားကြည့်တယ်။ ကျနော်တို့ ၈၈ ဖြစ်ခါနီးချိန်၊ (မြောက်ကိုရီးယားဗုံးခွဲသူတွေက တောင်ကိုရီးယားအစိုးရ အဖွဲ့ဝင်တွေကို အာဇာနည်ကုန်းမှာ လုပ်ကြံမှုပြီးပြီလို့တော့ ထင်တယ်။) သူက မိတ္တူ ဖိုတိုစတက်ကူးထားတဲ့ သတင်းဆောင်းပါး၊ ဓာတ်ပုံတချို့ ပြတယ်။ သတင်းထောက် ဘာတေးလ်လင့်တနာနဲ့ သူ့ဇနီး မဆိုင်နောင်းတို့ အိန္ဒိယကနေ၊ တောလမ်းကတဆင့် ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်၊ ကေအိုင်အေတို့နေရာ ရောက်သွားပုံ သတင်းတွေ၊ တွေ့ဆုံမေးမြန်းခန်းနဲ့ ဓာတ်ပုံတွေ၊ မှတ်မိနေသေးတာ၊ လေယာဉ်ပစ် စက်သေနတ်ကြီးနဲ့ပုံတွေ ပါတယ်။ ကြယ်နီဦးထုပ်နဲ့ ရဲဘော်တွေပုံ ပါတယ်။
ဒါပေမယ့် ဒီစာရွက်တွေက ဗကပက ထုတ်တာ မဟုတ်ပါဘူး။ FEER (အခု မရှိတော့ဘူး။ Far Eastern Economic Review) ဂျာနယ်က ဖြတ်ပိုင်းတွေပါ။ ကျနော် ဖတ်ကြည့်တယ်။ သိပ် စိတ်မဝင်စားလှဘူး။ အဲဒီအချိန်က ကျနော်စိတ်ဝင်စားတာ၊ ပြောချင်နေတာ ‘ရှောလမုန် သီချင်း’။ လူက ရိုမန်တစ် ဖြစ်နေချိန်။ Field trip (နောက်ဆုံးနှစ်၊ အပိုင်း-က ကွင်းဆင်း) ပြီးလို့ ရည်းစား ပူပူနွေးနွေး ရထားချိန်။ နောက်တော့ ကိုနိုင်ဇော်ရဲ့သြဇာတွေလည်း ကျနော့်ဆီမှာ သက်ရောက်နေတယ်။
ဒီနေရာမှာ ဖြတ်ပြောရမယ်ဆိုရင် စာရေးဆရာ ကိုနိုင်ဇော် (ကိုခင်ဇော်) က အဲဒီအချိန်မှာ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆရာဝန် စစ်ဗိုလ်ပေါက်စ ဖြစ်နေချိန်။ စာပေကိစ္စနဲ့ပတ်သက်လို့ ရင်းနှီးမိကြတယ်။ သူကို လူပျိုဆောင်အခန်းမျိုး၊ မင်္ဂလာဒုံ စစ်ဆေးရုံ ရုပ်ရှင်ရုံကြီးနောက်က အဆောင်မှာ ပေးထားတယ်။ တစ်ခါတလေ ကျနော်လည်း သူ့အခန်း သွားလည်တယ်။ သူရဲ့ ‘သံဆူးဖိနပ်’ ကို အရူးအမူးဖြစ်တဲ့အချိန်။ သူ့ကို ကျနော်သဘောကျတာက လူက သေသပ်တယ်။ အင်္ဂလိပ်စာတော်တယ်။ အင်္ဂလိပ်ကဗျာတွေ ဖတ်ဖို့သူက တိုက်တွန်းတယ်။ မူးယစ်ဆေးဝါးနဲ့ အနုပညာ ဘာမှ မဆိုင်ကြောင်း သူ ပြောတယ်။ (အဆိုတော် ခင်မောင်တိုးက တရားထိုင်တယ်။ အခု သီချင်းတွေရေးတဲ့ ကိုမြင့်မိုးအောင်လည်း အရက်မသောက်၊ ဆေးလိပ်မသောက်... စသည်ဖြင့် ဥပမာတွေ ပြောတယ်။) မူးယစ်လို့ဖန်တီးတဲ့ အနုပညာထက် သိစိတ်ရှိရှိ ဖန်တီးမှုကို ပိုလိုလားတယ် သူ ပြောတယ်။
စာရေးရင် လက်ရေးကအစ သေသေသပ်သပ် ရေး။ ဝတ္ထုဆိုရင် အကြိမ်ကြိမ် ပြန်ပြင်၊ ပြန်ရေးဖို့လည်း ပင်ပန်းတယ် သဘောမထားနဲ့။ သူ့အခန်းကအစ သပ်သပ်ယပ်ယပ် ထားတယ်။ စာအုပ်တွေ စီထားတယ်။ လူက ပုဏ္ဏားလူမျိုးလား၊ ဂေါ်ရခါးလူမျိုးလား... ကျနော် မသဲကွဲတော့ဘူး။ ဒီလိုနဲ့ တစ်ဖက်မှာ ဂေါ်ကီ၊ ဂျက်လန်ဒန်၊ ဂျွန်စတိန်းဘာ့ဂ်တို့ကို ကြိုက်သလို၊ E. E. Cummings (အီး၊ အီး၊ ကမ်းမင်း) ကိုလည်း ကြိုက်လာတယ်။ ရှောလမုန်သီချင်းလည်း ကြိုက်တယ်။ မောင်ထင် ဘာသာပြန် နိုင်ငံတကာ ဝတ္ထုတိုတွေဆို အသည်းစွဲ သလို သဲအိမ်မောင်နေဝါကိုလည်း ခံစားလိုက်ရတာ အမော။ ကျနော် လက်ရေးမင်ကူး ကဗျာတစ်အုပ်ထုတ်ဖြစ်တယ်။ “ပရိဒေဝ ၂၂” ဆိုပြီး၊ ပြင်သစ် ကဗျာဆရာ အာသာရင်းဘောက်ကို အတုခိုးပြီး အသက် ၂၂ နှစ်မှာ အရမ်းချစ်၊ အရမ်းငို၊ အရမ်းဆာလောင် မွပ်သိပ်မှုတွေနဲ့။ [အောက်ဖက်မှာ ဒီကဗျာစာအုပ်… တစ်ပိုင်းတစ်စကို ဓာတ်ပုံထည့်ထားတယ်။] http://yaw-han-aung.blogspot.com/2012/03/blog-post_12.html ဒီကဗျာစာအုပ် လက်ရေးအပြင်အဆင်မှာရော၊ အရေးတစ်ချို့ရော... ကိုနိုင်ဇော် သြဇာလွှမ်းမိုးမှုတွေ မကင်းဘူး။ (အခုတော့ သူက စစ်ဆေးဘက်တက္ကသိုလ်တစ်ခုမှာ ပါချုပ် ဖြစ်နေတယ် ထင်တယ်။) ဒီလိုနဲ့ နောက်ပိုင်း တောထဲထွက်လာတော့ ဆေး-၂ စာကြည့်တိုက်က ငှားထားတဲ့ American Anthology of Poetry (ကဗျာစာအုပ်) ခုချိန်ထိ ပြန်မအပ်ဖြစ်တော့ဘူး။ သိပ်တော့ ကိစ္စမရှိပါဘူး။ ဘယ်သူမှ မဖတ်ဘူး ထင်တာပဲ။
တစ်ခါက ကျောင်းမှာ ကိုမင်းလွင် ပြဿနာဖြစ်တယ်။ သူ့ပုံက ဒေါင့်မကျိုးတော့ စာသင်ချိန်တစ်ခုမှာ ဘာထဖြစ်တယ် မသိဘူး။ နိုင်ငံရေးသိပ္ပံဌာနက ဆရာ ဦးကျော်မြင့်က မင်းလွင်ကို ထိုးလိုက်တယ်။ စာသင်ခန်းထဲမှာ ထိုးတာ။ ဒါကို ကြားတော့ ကျနော်တို့က မခံမရပ်နိုင် ဖြစ်ကြတယ်။ ကိုဇော်မင်းက မင်းလွင်ကို “မင်း ဒီဆရာကို တရားစွဲမလားတဲ့... ငါ့အသိ ရှေ့နေတွေ ရှာပေးမယ်” ဆိုပြီး ပြောတယ်။ တကယ်က ကိုမင်းလွင်လည်း တရားဆက်မစွဲဖြစ်ပါဘူး။ တရားစွဲဖြစ်ရင်တော့ ပွဲက ကြည့်ကောင်းမယ်။ ကိုဇော်မင်းကလည်း မြှောက်ပေးသွေးထိုးသူ။ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ဆူပူနှောင့်ယှက်သူ ဖြစ်မယ်။ ကိုမင်းလွင်လည်း တရားနိုင်ဖို့တော့ မလွယ်ပါဘူး။
ဒီလိုနဲ့ ၁၉၈၈ ခုနှစ်ထဲ ဝင်လာတယ်။ ကျနော်က နောက်ဆုံးနှစ် ရောက်လာပြီ။ ကိုမင်းလွင် ရေးထားတဲ့အတိုင်းပဲ ကျနော်တို့ တစ်ရက် ကိုဇော်မင်းအိမ်သွားရင်း အပြန်မှာ ကိုဖုန်းမော်ကိစ္စ တစ်ပိုင်းတစ ကြုံကြတယ်။ ၁၉၈၈ ခုနှစ်၊ မတ်လထဲမှာ။ ကျနော်ထင်တာတော့ ကိုဖုန်းမော်ဆုံးတဲ့ မတ်လ ၁၃ အပြီး နောက်တစ်ရက်။ မတ်လ ၁၃ ရက်နေ့မှာ RIT ကျောင်းသားတွေနဲ့ ကြို့ကုန်းရပ်ကွက်က လူငယ်တွေ ရန်ဖြစ်ကြတယ်။ ဒါကို လုံထိန်းတပ်ဖွဲ့တွေကလာပြီး ကျောင်းသားတွေကို တစ်ဖက်သတ် လူစုခွဲတယ်။ ပစ်ခတ်တာ ကိုဖုန်းမော်သေ၊ ကိုစိုးနိုင် ဒဏ်ရာရတယ်။ ကျနော်ထင်တာ ကျနော်တို့ရောက်တဲ့နေ့က မတ် ၁၄၊ (၁၃ မဟုတ်ဘူးလို့ ထင်တယ်)။ အခြေအနေက တင်းမာနေတယ်။ ကျောင်းသားတွေက ကျောင်းထဲမှာ သပိတ်မှောက်နေ။ အပြင်က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တင်းမာနေတဲ့အနေအထားလို့ ထင်တာပဲ။ မျက်စေ့ရှေ့ တိုက်ခိုက်ကြတာတော့ မမြင်မိဘူး။ ကျောင်းသားတွေကို အနိုင်ကျင့်တာ မခံချိမခံသာ ဖြစ်မိတယ်။ ဒါနဲ့ ကျနော် အိမ်ပြန်တော့ ကြို့ကုန်းရပ်ကွက်ထဲက ဖြတ်လမ်းကို မလျှောက်ရဲတော့ဘူး။ ၈ ကားစီးပြီး အိမ်ပြန်ခဲ့တယ်။
ဆက်ရေးပါမည်။
No comments:
Post a Comment