Sunday, November 30, 2008

လူ့ဘောင်သစ်ကျောင်း

လူ့ဘောင်သစ်ကျောင်း


နောက်ခံအခြေအနေ


ပြည်တွင်းစစ်၊ အထွေထွေ စီးပွားရေးကျပ်တည်းမှု၊ အတင်းအဓမ္မလုပ်အားပေး၊ မြေယာ အပိုင်စီးခံရမှု စသော အကြောင်းများကြောင့် မြန်မာနိုင်ငံသားများသည် နယ်နိမိတ်ထိစပ်ရာ အိမ်နီးချင်းနိုင်ငံအသီးသီးသို့ တဝမ်းတခါးအတွက် ရေကြည်ရာမြက်နုရာဆိုသလို ထွက်ခွာလာခဲ့ကြရသည်။ ထွက်ခွာလာနေကြဆဲဖြစ်သည်။


ယနေ့ခေတ်သည် အိမ်ထောင်ဦးစီးတယောက်တည်း၏ လစာ၊ လုပ်ခကို မှီခိုစားသောက် နေထိုင်နိုင်သော ခေတ်မဟုတ်။


“ မိသားစု ဆိုတာ

လူခြောက်ယောက်ရှိ လူခြောက်ယောက်

လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း

ခေတ်ကတောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်

အိမ်ရှိ လူအကုန်”


ဆိုတဲ့ ကဗျာထဲကလိုပဲ တမိသားစု၊ တဝမ်းတခါးအတွက် ရှိသမျှ မိသားစုအားလုံး ရုန်းကန်ကြရသည်။


သို့ဖြင့် ‘အပ်သွားရာချည်ပါ’ဆိုသကဲ့သို့ မိသားစုအလိုက် ရွှေ့ပြောင်းလာကြရသောအခါ ရရာအလုပ်ကို မိဘများက ဝင်ရောက်လုပ်ကိုင်ကြရသောအခါ အရွယ်မရောက်သေးသည့် ကလေးငယ်ရွယ်များ ပါလာကြတော့ သည်။ အကို၊ အမများက မိဘနှင့် ဒိုးတူပေါင်ဖက် ဦးထမ်းပဲ့ထမ်း နိုင်ရာတာဝန် ထမ်းကြရတော့သည်။ ထိုအခါ အရွယ်မရောက်သေးသော သူတို့ကလေးငယ်များသည် သူတပါးတိုင်းပြည်တွင် စာသင်ခန်းနှင့် ဝေးကြရသည်။ နောက်ဆုံး ရာဇဝတ်မှုမျိုးစုံ၏ သားရဲတွင်းသို့ မရည်ရွယ်ဘဲ သက်ဆင်းကြရတော့သည်။


သို့ဖြင့် “ဆင်းရဲမွဲတေလို့ အသိပညာမဲ့တယ်၊ အသိပညာမဲ့လို့ ဆင်းရဲမွဲတေတယ်” ဟူသည့် ဆင်းရဲမွဲတေမှုနှင့် ပညာမဲ့မှုသံသရာသည် စက်ရဟတ်ခြားကဲ့သို့ မဆုံးနိုင်အောင် လည်ပတ်ပေတော့သည်။


ထိုသို့သော လူမှုဘဝအနိဌာရုံများမှ တစုံတရာ သက်သာထောက်ကူပေးနိုင်စေရန် ရည်ရွယ်လျှက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အဖွဲ့အစည်းများသည် အမျိုးသမီးငယ်ရွယ်များ၊ ကလေးသူငယ်များအရေးနှင့် ပညာရေး၊ ကျန်းမာရေး အစရှိသောကိစ္စများကို ဆောင်ရွက်ပေးနိုင်ရန် အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်လာခဲ့ကြပါသည်။


လူ့ဘောင်သစ်ကျောင်း


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးငယ်ရွယ်များ မူလတန်းပညာ သင်ကြားတတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော မူလတန်းကျောင်းကလေးတကျောင်း ဖြစ်ပါသည်။


၂၀၀၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်း၏ စီမံအုပ်ချုပ်မှုကိစ္စအဝဝကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးရေးရာ လုပ်ငန်းအဖွဲ့က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါသည်။


ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၁ ဦးရှိပါသည်။


သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားပေးလျက်ရှိပါသည်။


ဆရာ၊ ဆရာမ စုစုပေါင်း ၄ ယောက်ရှိပါသည်။


ကျောင်း၏ကုန်ကျစရိတ်များကို ထိုင်းနိုင်ငံပြင်ပသို့ရောက်ရှိနေကြသော စေတနာရှင်များ၏လှူဒါန်းငွေများကို အဓိကထား၍ လည်ပတ် နေရခြင်းဖြစ်ပါသည်။



ကျောင်း၏လိုအပ်ချက်များကို မည်သူမဆို ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ပါသည်။


(ဆက်သွယ်ရန်)


၁။ မအေးအေးမော်
တာဝန်ခံ
ကျောင်းအုပ်ချုပ်ရေးကော်မတီ
တယ်လီဖုန်း (+66 87 8431879)
အီးမေးလ် (aamaw67@yahoo.com)


၂။ မတင်တင်နွယ်
အဖွဲ့ဝင်
ကျောင်းအုပ်ချုပ်ရေးကော်မတီ
တယ်လီဖုန်း (+66 89 7025623)
အီးမေးလ် (nwe_81@yahoo.com)



ဓာတ်ပုံ အယ်ဘမ်သို့ ....



No comments: