Saturday, November 29, 2008

မောင်တောက် (ကျနော်တို့ရဲ့ တမိုးတမြေ)


လူထုဒေါ်အမာတို့

ဒေါ်အောင်ဆန်းစုကြည်တို့လို

ကြီးမြတ်တဲ့ အမျိုးသမီးတွေကိုရထားတဲ့ တိုင်းပြည်ဟာ

ကံကောင်းတဲ့ တိုင်းပြည်ပါ။


အောင်နိုင်ဦး


အမေ လူထုဒေါ်အမာ ၈၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့်နှစ်က ထုတ်ဝေသော ‘လွတ်လပ်သော ကလောင်ရှင်များအသင်း (မြန်မာနိုင်ငံ)’၏ လက်ဆင့်ကမ်း စာစောင်ကလေးကို ကျနော် ပြန်ဖတ်နေမိသည်။


“ဒီိနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ဟာ အမေ လူထုဒေါ်အမာရဲ့ ၈၆ နှစ်ပြည့် မွေးနေ့ပေါ့ … ဟု စိတ်ထဲမှာတွေးရင်း အပြင်သို့ အကြည့်အရောက် နှင်းမှုန်ပါးလျလျထဲ ဆရာတော်ကိုပညာ (အမရပူရ)၏ တောင်လေးလုံးကျောင်းအရိပ်က လှုပ်ကြွသွားသေး၏။


အမေရယ်၊ ဦးစောလွင်ရယ်

ကျောက်ဆည်ဆင်ပွဲမှာ

ဒီမိုကရေစီရပြီး … …

တခါလောက် ဆုံချင်တယ်။


သံဒုတ်


၁၉၃၆ ခုနှစ်၊ ဒုတိယကျောင်းသား သပိတ်တိုက်ပွဲထဲ နောင်တော် ကျောင်းသားတွေနှင့်အတူ ဇွဲသန်သန် အပင်ပမ်းခံရင်း အလိုတော်ရိ ကျောင်းသားတို့ လှောင်ပြောင်မှုကို အရေထူထူဖြင့် တွန်းလှန်ရင်း တိုက်ပွဲဝင်ခဲ့ကြသော သပိတ်မှောက်ကျောင်းသူတွေထဲမှာ အမေ လူထုဒေါ်အမာ ပါဝင်ခဲ့သည်။


ထို့ကြောင့် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သပိတ်မှောက် မှတ်တမ်းစာအုပ်ထဲတွင် ‘သပိတ်မှောက်ကျောင်းသူများ၏ လုပ်ရည်ကိုင်ရည် ဇွဲသတ္တိကို တွေ့မြင်ခဲ့ရသဖြင့် မြန်မာအမျိုးသမီးများသည် လွတ်လပ်ရေးတိုက်ပွဲ၌ တတပ်တအား စွမ်းစွမ်းတမံ ပါဝင်နိုင်ကြမည်ဟု ကျနော်ယုံကြည်သည်’ ဟူ၍ ရေးသားချီးကျူးခဲ့ပေသည်။


အမေရဲ့စာတွေကြောင့်

လူငယ်တွေ လူတော်ဖြစ်လာကြတယ်။

သားကောင်းတွေဖြစ်လာကြတယ်လို့ ယုံကြည်တယ်။


မိုးသီးဇွန်


နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီပညာရေးစနစ်တိုက်ပွဲ၊ အမျိုးသားလွတ်မြောက်ရေး ခရီးစဉ်တလျောက် တတပ်တအား၊ တသန်နှင့် ပါဝင်ခဲ့သော အမေ လူထုဒေါ်အမာသည် လူမျိုးတင့်ဖို့ စာပေမြင့်အောင် စွမ်းဆောင်နေဆဲ။ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်၊ ခေတ်စနစ်၊ အဟောင်းအသစ်ကို ရင်နဲ့အမျှခံစား တွေးမြင်ပြီး ငြိမ်းချမ်းရေးသစ်ကို ဆွဲဖွင့်နေဆဲ။


နိုင်ငံ့ရဲ့သမီး

လူထုရဲ့အမေ

အမေရဲ့သမီး


အေးမိဖြူ


အမှောင်ထု ဘယ်လောက်ပဲကြီးကြီး

အမေ့ မေတ္တာအလင်းနဲ့

ကျနော်တို့နွေးထွေးငြိမ်းချမ်းနေခဲ့ရတယ်။

အမေ … အသက်ရာကျော်ရှည်နေပါဦး။


ရဲနည်


အမေရေးသောစာတွေက ရှုဒေါင့်စုံလှသည်။ ကျနော်တို့ဘဝပေါ်ကိုလည်း နေရောင်ခြည်လို လင်းလက်တောက်ပစွာ ကျရောက်ပြီး၊ နွေးထွေးခဲ့ရပြန်ပြီ။ အမေရေးသောစာထဲမှ အမေ၏ ဖြူစင်သော စေတနာသည် လေပြေလေညင်းအလား။ တခါတခါတော့ အမေ့ဆောင်းပါးတွေကိုဖတ်အပြီး ပင်လယ်ထဲရောက်သွားသည့်နှယ်။


Anyone cannot stop a canary.


Bo Kyi


Long Live Daw Daw,

Though in the moonless night

You give on the know light


Maung Pe Thet Nee


အမေ၏ ကလောင်သတ္တိ စာပေအရေးအသား လူထုအကျိုးရှုမျှော်ခင်းတို့ လတ်ဆတ်သင်းပျံ့ ရနံ့လှပစွာ ကျနော်တို့ အနာဂတ်ကို ဆွဲဖွင့်ပြနေသည်။


၁၉၄၅ ခုနှစ်မှစ၍ လူထုဂျာနယ် လက်ထောက် အယ်ဒီတာ၊ ထို့နောက် လူထုသတင်းစာထုတ်ဝေတော့ အယ်ဒီတာ အဖွဲ့ဝင်၊ ကမ္ဘာ့ ဒီမိုကရက်တစ် အမျိုးသမီးညီလာခံ (၁၉၅၃)၊ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ (၁၉၅၃)၊ ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နှင့် ကျောင်းသားပွဲတော် (၁၉၅၃) တို့သို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့်အပြင် အေရိုဖလုတ် လေကြောင်းဖွင့်ပွဲ (၁၉၆၂)တွင် သတင်းစာဆရာကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံခဲ့ရသော အမေ လူထုဒေါ်အမာ … …။


အမေ့အတွက်

အမြဲဂုဏ်ယူနေမယ်

အမေချစ်တဲ့ အမေ့ရဲ့သားတွေနဲ့

အမြန်ဆုံတွေ့ကြရပါစေ … …။


ရဲဘော်သံခဲ

ABSDF


အမေ … …

ဘယ်တော့မှ အိုမင်းသွားမှာ

မဟုတ်ပါဘူး။


ဝင်းနိုင်ဦး

မိုးမခ စာပေအင်အားစု


ပြည်သူတွေကို စာနာတတ်တဲ့

အမေ … …

အသက်ရာကျော်ရှည်ပါစေ … …။


ထွဋ်ဦးလှိုင်


တိုင်းပြည် … လူမျိုးစုံပြည်သူလူထု၊ ယဉ်ကျေးမှုနှင့် လူငယ်မျိုးဆက်သစ်အားလုံးကို အမေချစ်သည်။ လူထုချစ်သော အနုပညာရှင်များကို အမေက တလေးတစားပြုသည်။ ထို့ကြောင့် ‘ပြည်သူချစ်သော အနုပညာသည်များ’ ဟု အမေက အမြတ်တနိုး မော်ကွန်းထိုးသောအခါ ကျနော်တို့ကား အမေရေးသော စာအုပ်ကိုဖတ်ပြီး အမေ့အပေါ် အချစ်တိုးခဲ့ရပြန်သည်။


အမေကား … အမျိုးသားယဉ်ကျေး မှုခံတပ် … ။

စာပေအနုပညာနဲ့ ပြည်သူလူထုအကျိုး

အသက်ရာကျော်တိုင်သယ်ပိုးနိုင်ဖို့

ကျနော်တို့ဆုတောင်းလျက် … …။


သန်းထွဋ်

မြန်မာနိုင်ငံလွတ်လပ်သည့် သတင်းအေဂျင်စီ


အမေ့လိုဘဝမျိုးနဲ့ ကျနော်

အသက်ရှည်ချင်ပါဘိ … …


ငြိမ်းဝေ


နိုင်ငံတနိုင်ငံ၏ ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံး၊ စတုတ္ထမဏ္ဍိုင်ကို အမေက နိုင်အောင်ထမ်းခဲ့သည်။ အမေ၏ သတင်းစာတိုက်ကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲခံခဲ့ရသော်လည်း အမေ၏ကလောင်အားက မလျော့။ ဘဝနှင့်စာပေသမိုင်းတွင် လူထုအကျိုးဘက် မားမားမတ်မတ်ရပ်တည်ခဲ့သော အမေ … … ။


အမေ၏ ကလောင်မျက်စိကား … ခေတ်အဆက်ဆက် စူးရှခဲ့၏။ ကလောင်သွားကလည်း ထက်မြနေဆဲ။ ကလောင်အရည်အသွေးက မွှေးတမြမြ … … ။


အမေနဲ့အတူ

ဆက်လက်ချီတက်မယ်။


မောင်လွမ်းဏီ


အခန်းအပြင်ဘက်၌ နှင်းတို့မဲ့မဲ့ မနက်ခင်းထဲ နေရောင်ခြည်အလင်းစတချို့ သစ်ရွက်တွေကို တို့ထိကစားနေပေသည်။ သည်တော့မှ လက်ထဲရှိ ‘လွတ်လပ်သော ကလောင်ရှင်များအသင်း (မြန်မာနိုင်ငံ)’ ၏ ပြီးခဲ့သည့် အမေ့မွေးနေ့အထိမ်းအမှတ် ထုတ်ဝေသော လက်ကမ်းစာစောင်ကလေးကို ခေါက်သိမ်းရင်း ရေခြားမြေခြားမှ အမေ့ကို ဦးချဂါရဝပြုလိုက်မိ၏။


အော် … …

ကျနော်တို့ရဲ့ တမိုး တမြေ

အမေ … … လူထုဒေါ်အမာ … …။ ။



မောင်တောက်

၂၉ နိုဝင်ဘာ ၂၀၀၁ ခုနှစ်



ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၁၇

ဒီဇင်ဘာလ ၁ ရက် ၂၀၀၁ ခုနှစ်


No comments: