ရွှေသား ကိုယ်ကျပ်အင်္ကျီ
(ယောဟန်အောင်)
ရွှေသားကိုယ်ကျပ်အင်္ကျီသည် ဒီနေ့ ကမ္ဘာ့ဖက်ရှင်ဖြစ်လာနေပြီဟု ဆိုသည်။ ဂလိုဘယ်လိုက်ဇေးရှင်းကာလအတွက် ရေပန်းအစားဆုံး ဝတ်စုံဖြစ်နေပြီဟု ဆိုသည်။ စစ်အေးတိုက်ပွဲကာလတုန်းက စဉ်းစားစရာ အရောင်အသွေးမျိုးစုံ၊ ဝတ်စုံပုံစံမျိုးစုံရှိခဲ့သည်။
တရုတ် မော်ဝတ်စုံ၊ နေရူး ကုတ်အင်္ကျီ၊ ရုရှား သိုးမွေးထည် စသဖြင့် နိုင်ငံပေါ်လစီရေးရာအတွက် ဝတ်ဆင်စရာ ပုံစံအမျိုးမျိုး ရှိခဲ့သည်။ ယခုတော့ ဤကဲ့သို့ရွေးချယ်ရန်မလိုတော့ဟု သောမတ် ဖရိဒ်မန်းက ဆိုသည်။
ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်းကာလအတွက် နိုင်ငံရေး-စီးပွားရေး ဝတ်စုံ (Political-economic garment of the globalization) ဟု သူက ဆိုသည်။
ရွှေသား ကိုယ်ကျပ်အင်္ကျီနှင့်ပတ်သက်၍ သောမတ်ဖရိဒ်မန်းက သူ၏ `လက်ဆပ်က်စ်ကားနှင့် သံလွင်ပင်’ စာအုပ်တွင် အကျယ်တဝင့် ဖော်ပြထားခဲ့သည်။
ရွှေသား ကိုယ်ကျပ်အင်္ကျီဆိုသည့်အတိုင်း ကြွယ်ဝခြင်း အဓိပ္ပာယ်ဆောင်သည်။ တဖက်တွင် ကိုယ်ကျပ်အင်္ကျီဆိုသည့်အတိုင်း ကျပ်ကျပ်တည်းတည်းနိုင်သည်။ မလှုပ်ရှားသာ။
ဒီ ကိုယ်ကျပ်အင်္ကျီကို ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာက စတင်ပုံစံထုတ် ယက်ရှယ်ချုပ်ခဲ့သည် ဆိုသည်။ ထို့နောက် အမေရိကန်သမ္မတ ရီဂင်၏ ၁၉၈ဝ ခုနှစ်များတွင် ဖြည့်စွက်မွမ်းမံကာ တကမ္ဘာလုံးသို့ ဝတ်ဆင်စေခဲ့သည်။
တိုင်းပြည်တခု စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့ဆိုလျှင် အခြေခံအချက်တွေ လိုအပ်သည်။ ရွှေစည်းမျဉ်းတွေ ရှိရမည်။ ဤ ရွှေစည်းမျဉ်းများမှာ ပုဂ္ဂလိကကဏ္ဍကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အင်ဂျင်အတွက် အဓိက မောင်းနှင်အားအဖြစ် သုံးရမည်ဟု ဆိုသည်။
ဈေးနှုန်းတွေ တည်ငြိမ်စေရမည်။ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းနိုင်ရမည်။ အစိုးရယန္တယား ဗျူရိုကရေစီတွေကို ချုံ့ပစ်ရမည်။ ရသုံးဝင်ငွေစာရင်းကို အညီနိုင်ဆုံး ထိန်းထားရမည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ကန့်သတ်ထားမှု မရှိစေရ။ သွင်းကုန်ကိုဒါ သတ်မှတ်မှုတွေ ဖယ်ပစ်ရမည်။ အကောက်ခွန်နှုန်း လျော့ချရမည်။ ပြည်တွင်းရှိ ကုမ္ပဏီအချို့ လက်ဝါးကြီးအုပ်ထားမှုကို ဖယ်ပေးရမည်။ ပို့ကုန်တိုးထုတ်ရမည်။ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပေးရမည်။ ငွေကြေးဈေးကွက်ကို တံခါးဖွင့်ပေးရမည်။ နိုင်ငံခြားသားပိုင်ဆိုင်မှု ခွင့်ပြုရမည်။
သို့မှသာ ငွေဖလှယ်မှု လွတ်လပ်ကာ ရောင်းပန်းဝယ်ပန်း ပို၍သာလာစေမည် ဆိုသည်။ အစိုးရက ထောက်ပံ့၍ အချို့လူသုံးကုန်ဈေးနှုန်း ထိန်းထားသည်များ ဖယ်ရမည်။ ခြစားမှုများ မရှိစေရ။ အစိုးရယန္တယားများက ပို၍ ထက်ထက်မြက်မြက် တုံ့ပြန် အလုပ်လုပ်ရမည်။ ပြည်သူများအချင်းချင်း ပို၍ ပြိုင်ဆိုင်နိုင်ခွင့်ရှိစေရမည်ဟု ဤ စည်းမျဉ်းများက တောင်းဆိုသည်။
ဤကဲ့သို့သော စည်းမျဉ်းများဖြင့် ရွှေသားကိုယ်ကျပ်အင်္ကျီကို ချုပ်ထားခြင်းဖြစ်သည်။ သို့သော် ကံဆိုးသည်မှာ ‘တရွယ်တည်းရှိ၊ တတိုင်းတည်း ဝတ်ဆင်’ ကြရသော ကိုယ်ကျပ်အင်္ကျီ ဖြစ်နေခြင်းပင်။
ဂလိုဘယ်လိုက်ဇေးရှင်းကို ဝင်ပူးပေါင်းလိုလျှင် ဤစည်းမျဉ်းကလနားတွေ လိုက်နာကြရမည်။ နိုင်ငံအများအပြားအနေဖြင့် သူတို့၏ ထိရောက်စွာ စွမ်းဆောင်နိုင်ရည်မြှင့်ရန်၊ ပြိုင်ဆိုင်ရည်သွေး (Competitiveness) မြှင့်ရန်အတွက် ရွှေသား ကိုယ်ကျပ်အင်္ကျီကို ကြိုက်သည် ရှိ၊ မကြိုက်သည်ရှိ ဝတ်ကြ ရသည်။
ဤ ကိုယ်ကျပ်အင်္ကျီ ဝတ်ရသည်နှင့်အမျှ အချို့ဖောင်းပွနေသောနေရာ၊ ကြွက်သားတွေမှာ အလွန်အမင်း နာကျင်ရသည်။ အချို့နေရာတွေကို ကျပ်စည်းသလို ဖျစ်ညှစ်ထားရသည်။ နိုင်ငံတွင်လည်း အချို့လူထုအစိတ်အပိုင်းတွေကို ဖိဖိစီးစီးနှိပ်ကွပ်ပြီး ဝတ်ကြရခြင်းဖြစ်သည်။
နိုင်ငံတခုက ရွှေသားကိုယ်ကျပ်အင်္ကျီဝတ်ဆင်ပြီ ဆိုကြပါစို့။ ဖြစ်လာစရာ အကြောင်းက ၂ ခုရှိသည်။
စီးပွားရေးအပိုင်းက ကြီးထွားလာသည်နှင့်အမျှ နိုင်ငံရေးအပိုင်းက သိမ်လှီသွားရသည်။ နိုင်ငံရေးအပိုင်းက သိပ်ထွားနေလျှင် စီးပွားရေးက မဖွံ့ဖြိုးသာ။
တခါ ထိုနိုင်ငံအတွင်းရှိ ပေါ်လစီချမှတ်သူများအတွက်လည်း ရွှေသားအင်္ကျီအောက်တွင် ရွေးချယ်စရာ နည်းလာသည်။ ပက်စီ မကြိုက်လျှင် ကုတ်။ ကုတ် မကြိုက်လျှင် ပက်စီ။ ထိုမှလွဲ၍ များများရွေးချယ်ခွင့် မရှိတော့ပါ။
နိုင်ငံ၏ အာဏာရပါတီ နှင့် အတိုက်အခံပါတီများအကြားတွင်လည်း ရွေးချယ်စရာ နည်းလာသည်။ ကိုယ် အာဏာရလည်း ရွှေသားအင်္ကျီဝတ်ရမည်။ သူ အာဏာရလည်း ရွှေသားအင်္ကျီဝတ်ရမည်။ မည်သူမျှ ချွတ်ပစ်ဖို့ မပြောသာကြတော့ပါ။ တခုရှိသည် သင်က ပို၍ တင်းတင်းကြပ်ကြပ် ဝတ်နိုင်လေလေ၊ ရွှေ ပိုထွက်နိုင်ချေရှိလေ လေ ဖြစ်မည်ဟုတော့ ဆိုသည်။
၁၉၉၆ အမေရိကန်ရွေးကောက်ပွဲ စကားစစ်ထိုးပွဲတုန်းက ကလင်တန် နဲ့ ဘော့ဒိုးလ် စကားစစ်ထိုးကြသည်။
ကလင်တန်က “ကျနော်တို့ အနေအထားက ရွှေသားကိုယ်ကျပ်အင်္ကျီ ဝတ်နေရတဲ့ အနေအထားပါ။ သို့သော်လည်း တတ်နိုင်တာက ကျနော်တို့က လက်တခေါက်ကွေး နေရာတွေကို ပိုဖောင်းထားအောင် လုပ်ထားနိုင်မယ်။ အလယ်ပိုင်းကို နည်းနည်း ချောင်ချောင်ထားနိုင်မယ်”
ဤမျှသာ ပြောနိုင်ခဲ့သည်။ ဒီကိုယ်ကျပ်အင်္ကျီကို ချွတ်ပစ်ဖို့ မပြောရဲသာ။ သူတို့ဆွေးနွေး ငြင်းခုန်ကြသော အကြောင်းအရာမှာ လက်မှာ နည်းနည်း ပိုဖောင်းမယ်။ ခါးမှာ နည်းနည်း ပိုကျယ်ထားမယ်လောက်သာ ပြောနိုင်ကြသည်။
၁၉၉၇ ဗြိတိန်ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲနိုင်ပြီးသည်နှင့် တိုနီဘလဲယားက “သူတို့ပါတီအနေဖြင့် ယခင် အာဏာရတိုရီများလို ဆက်၍ ရွှေသား ကိုယ်ကျပ်အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆက်ဝတ်ဆင်ပါမည့် အကြောင်း” ကတိပြုရသည်။
ဝေဖန်သူများက တိုနီဘလဲယားနှင့် ဂျွန်မေဂျာ မဲဆွယ်ကြတဲ့နေရာမှာ မူတွေက ဘာမှမထူး။ ‘ပြိုင်တူရေကူး အလှပြပွဲ’ ပြနေသလားလို့ ထင်ရတယ်လို့ပြောခဲ့ကြသည်။
ဂျာမန် ၁၉၉၈ ရွေးကောက်ပွဲ ဆိုရှယ်ဒီမိုကရက် ရှရောက်ဒါနှင့် ခရစ်ယာန်ဒီမိုကရက် ဟဲမွတ်ခိုး မဲဆွယ်ပုံတွင်လည်း အတူတူ။ လေ့လာသူ ဂျာမန်တဦးက “ဒီနေ့ ခင်ဗျား သူတို့ကိုကြည့်လိုက် လက်ဝဲ - လက်ယာ ခွဲနေစရာ အကြောင်း သိပ်မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ လှေတစီးတည်း ထိုင်ခရီးသွားနေကြတဲ့သူတွေလို ဖြစ်နေပြီ” ဟု ဆိုခဲ့သည်။
နိုင်ငံအများအပြားက ဤ ရွှေသားကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ကြပုံ အမျိုးမျိုးရှိသည်။
တပိုင်းချင်း ဖြည်းဖြည်း ဝတ်နေသူတွေ ရှိသည်။ (အိန္ဒိယ၊ အီဂျစ်)၊ အချို့က ဝတ်လိုက် ပြန်ချွတ်လိုက် လုပ်နေသည်လည်း ရှိသည်။ (မလေးရှား၊ ရုရှ)၊ အချို့က သူတို့ ထုံးတမ်းယဉ်ကျေးမှုနှင့် ကိုက်အောင် သီးသန့်စီမံချုပ်၍ ဝတ်နေသည်လည်း ရှိသည်။ (ဂျာမဏီ၊ ဂျပန်၊ ပြင်သစ်)၊ အချို့က သဘာဝသယံဇာတကြွယ်ဝ၍ မဝတ်လိုဟု ငြင်းနေသူလည်း ရှိသည်။ (အီရန်၊ ဆော်ဒီအာရေဗီယ)၊ ဆင်းရဲလျှင် ဆင်းရဲပါစေ၊ ကိုယ်ကျပ်အင်္ကျီတော့ မဝတ်ဘူးဆိုသူများလည်း ရှိကြသည်။ (မြောက်ကိုးရီးယား၊ ကျူးဘား၊ ဆူဒန်၊ အာဖဂန်)။
‘ရွှေစော်နံပြန်လိုက်ဦး’ဟု ဆော့ကစားခဲ့ကြသော ကလေးဘဝကို သတိရသည်။ ထနောင်းရိပ်နှင့် ကျေးလက်လမ်းကလေးတွေကို သတိရသည်။ တင်းတိမ်ရောင့်ရဲလွယ်သော မြန်မာ့လူထုစရိုက်ကလည်း ချစ်စရာကောင်းလှသည်။ ဖွံ့ဖြိုးမှုဟုပြောလာသည်နှင့် မြို့ပြလွှမ်းချဲ့လာခြင်း၊ ကားမီးခိုးနှင့် ပလပ်စတစ်များ များလာခြင်း စသည်တို့ကို မရှောင်လွှဲသာ။
ဒါကိုပဲ လူတွေက သဲကြီးမဲကြီး ကြိုးစားနေကြသည်။ ထိုသို့သော ဖွံ့ဖြိုးမှုနှင့် မြို့ပြဆန်မှုကိုလိုလျှင်တော့ ထိုကျေးလက်ဘဝနှင့် တင်းတိမ်ရောင့်ရဲခြင်းတွေကို မေ့လိုက်ကြရတော့မည်။ ရွှေစော်နံသော သံအင်္ကျီကို ဝတ်ကြရမည်။ ကျနော်တို့ မြန်မာနိုင်ငံအနေနှင့် ကိုယ်ကျပ်အင်္ကျီဝတ်ဖို့ အသင့်ဖြစ်ပြီလား၊ ဝတ်ရတော့မှာလား။ ကျေးလက်လမ်းကလေးကိုတော့ စဉ်းစားရင်း အလွမ်းသားရှိလှသည်။
ကျနော် ဤရွှေသားကိုယ်ကျပ်အင်္ကျီနှင့်ပတ်သက်လို့ ဆက်ရေးပါမည်။ ။
ယောဟန်အောင်
အကိုးအကား
Thomas L. Friedman, The Lexus and the Olive Tree: Understanding Globalization, 2000, Anchor Books.
ရေစီးသံဂျာနယ်
အတွဲ ၄ အမှတ် ၁၅
နိုဝင်ဘာလ ၁ ရက် ၂၀၀၁ ခုနှစ်
No comments:
Post a Comment