ရိုးရိုးကျင့် မြင့်မြင့်ကြံ
(အုပ်စိုးနိုင်)
ကျနော်တို့ငယ်ငယ်က၊ ‘ရိုးရိုးကျင့် မြင့်မြင့်ကြံ’ ဆိုတဲ့ စကားကလေး၊ စာသင်ခန်းထဲမှာ ယဉ်ပါးခဲ့ရတယ်။ ရိုးရိုးသားသား ပြောဆိုနေထိုင် လုပ်ကိုင်၊ ဘဝတိုးတက်မြင့်မားအောင် ကြိုးစားကြံစည် … အဲဒီ အဓိပ္ပာယ်လေးတွေနဲ့ ဒီစကားလေးတွေက သိပ်ကိုလှခဲ့တယ်။
ကိုယ်တိုင်လည်း ဒီစကားလိုကျင့်နိုင်ရင် ကောင်းမှာပဲလို့ ငယ်စဉ်ထဲက တွေးမိ ပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်က လူတွေကရော …
လောကထဲမှာ လှော်ရင်းခတ်ရင်းနဲ့ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ကြုံခဲ့ ကြရပါတယ်။ လူတိုင်းဟာ ကိုယ်ဖြတ်လျှောက်နေတဲ့ ခေတ်ကြီးရဲ့ ဘဝအတွေ့အကြုံပေါ်ကနေ ကိုယ်ပိုင်ဒဿနအမျိုးမျိုးကို ထုတ်ပြလာကြတယ်။
‘ရိုးရိုးကျင့်နေသမျှ ဘယ်တော့မှ မြင့်မြင့်ပျံနိုင်မှာ မဟုတ်’ တဲ့ … သိပ် ကြောက်စရာကောင်းတဲ့ အယူအဆတွေပါ။ တပြိုင်နက်တည်းမှာ ဒါဟာ ခေတ်ကို မီးမောင်းထိုးပြလိုက်တာပဲလို့ ကျနော်က ယူဆပါတယ်။
ဘာသာတရားရဲ့ အလိုအရ ဆုတ်ကပ်ကြီးထဲမှာရောက်နေတဲ့ ကျနော်တို့ ကမ္ဘာကြီးဟာ အဆိုးဘက်ကို ပိုပြီး တိမ်းစောင်းနေတယ်ဆိုတာကိုတော့ အားလုံး သဘောတူကြမှာပါ။
မကြာသေးခင်ကာလများဆီက မြန်မာပြည်မှာ အသင့်အတင့် စာပေသြဇာရှိတဲ့ ပုဂ္ဂိုလ်တဦးက သူ့ အယူအဆတရပ်ကို ရူးရူးမိုက်မိုက်ပဲ ချပြခဲ့တယ်။
‘နာမည်သေချင် သေပါစေ၊ လူ မသေပါစေနဲ့’ တဲ့။ လူ မသေသေးရင်၊ နာမည်ပြန်ကောင်းအောင် လုပ်လို့ရသတဲ့၊ လူသေရင် နာမည်ကောင်းအောင် လုပ်လို့မရတော့ဘူးဆိုပြီး တရားထောင်ခဲ့တယ်။
လူပြိန်းကြိုက်တဲ့ဒီစကားဟာ ဟုတ်သယောင်ယောင်နဲ့ အမှောင်အားပေး ဖြစ်ခဲ့သေးတယ်။ လူတိုင်းဟာ ပစ္စုပ္ပန်မှာ မှားချင်ရာမှားခွင့်ရှိတယ်။ ပြင်ချင်ရင် နောက်မှပြင်နိုင်တယ်ဆိုတဲ့သဘောပဲ။
သူခိုးကြီးမှ ဂေါပကဖြစ်ချင်တဲ့သူတွေကို ကျနော်တို့လူ့အဖွဲ့အစည်းက နေရာ ပေးသင့်ရဲ့လား။
ရိုးရိုးကျင့်ပါဆိုတဲ့ ရိုးသားတဲ့စကားလေးကိုပဲ ကိုယ်လိုရာဆွဲဆန့်ပြီး ‘ရိုးရိုးနေထိုင်ကျင့်ကြံတယ်ဆိုတာ ခေတ်မမီဘူး။ အစဉ်အလာဟောင်းကို ဖက်တွယ်သူတွေ’ စသဖြင့် ပြောသူတွေလည်း ကြုံဖူးပါတယ်။
တကယ်တော့ … ရိုးသားမှုဆိုတာ အမြဲတမ်း ခေတ်မီနေတာပါ။ ရိုးရိုးနေပါဆိုတာ … အဟောင်းကိုပဲ ဖက်တွယ်နေဖို့ လှုံ့ဆော်တာ မဟုတ်ပါဘူး။
ရိုးရိုးကျင့်ကြပါဆိုတဲ့ လှုံ့ဆော်မှုတွေကို တနပ်စားအဘိဓမ္မာတွေက လွှမ်းမိုးသွားခဲ့ရင် လောကကြီး မျက်နှာပျက်မှာပေါ့။
နောက်တခုက မြင့်မြင့်ကြံဆိုတဲ့ စကားလေးပါ။ လူတိုင်းဟာ မြင့်မြင့်မားမား ရည်မှန်းချက်ရှိသင့်တယ်။ ဘဝမြင့်မားတိုးတက်အောင် ကြံစည်ရမယ်ဆိုတာ အားကောင်းတဲ့တရားပါ။
ဒါပေမယ့် ဘယ်လို မြင့်မြင့်ကြံရမှာလဲ။
ကျနော်တို့ဟာ ဘာကိုပဲလုပ်လုပ် လက်ငင်းလက်တွေ့ကပေးတဲ့ အခြေအနေတွေ အပေါ်မှာပဲရပ်ပြီး ရှေ့ကိုသွားကြရတာပါ။ ဘယ်လို သဘောတရားမျိုးကမှ လက်ရှိအခြေအနေတွေပေါ်ကနေ ကင်းလွတ်ပြီး ခုန်ပျံကျော်လွှားပြီး သွားကြရတာမဟုတ်ပါဘူး။
အောက်သက်မကြေဘဲနဲ့ အလှမ်းကျယ် အလယ်လပ် စိတ်ဓာတ်မျိုးနဲ့ မြင့်မြင့်မားမား ကြံစည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြင့်မြင့်ကြံစည်တယ်ဆိုတာ ကံကိုယုံပြီး ဆူးပုံနင်းရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။
အချို့ကျနော့်မိတ်ဆွေတွေကို မြင်ခဲ့ဖူးပါတယ်။ စဉ်းစားရင် အကြီးကြီး၊ တွေးခေါ်ရင် အကြီးကြီး၊ သူများကိုလည်း ကြီးကြီးကျယ်ကျယ်လုပ်ဖို့ လှုံ့ဆော်ပါတယ်။
အချို့ (အရေအတွက် နည်းနည်းလေး) က ပြောတဲ့အတိုင်း ဖြစ်သွားကြတယ်။ အချို့ (အများစုကြီးက)တော့ ဒုံရင်းဒုံရင်းပဲ။ လူတိုင်းက ကြီးကြီးကျယ်ကျယ် မျှော်မှန်းခွင့်ရှိပါတယ် … ဒါပေမယ့် သေးသေးလေးတွေကို မကြေညက်ဘဲနဲ့၊ ပန်းတိုင်ဆီကို တိုက်ရိုက်မသွားသင့်ဘူး။ တဆင့်ပြီး တဆင့် စနစ်တကျ မသွားတတ်ရင် … ဘဝနဲ့ရင်းပြီး အကျနာတတ်တာကို တွေ့ခဲ့ဖူးပါတယ်။
အီဗရာဟင်လင်ကွန်းပဲ ဖြစ်ဖြစ်၊ ဒေဝူးပဲဖြစ်ဖြစ် ငယ်ငယ်ကတည်းက သူတို့ မျှော်လင့်တဲ့ နေရာကို ရောက်အောင်သွားခဲ့တယ်။
ဒါပေမယ့် စနစ်တကျ တဆင့်ပြီးတဆင့် မြင့်လာအောင် ဂရုစိုက်ခဲ့တယ်ဆိုတာကို တွေ့ရတယ်။ ဝမ်းစာပြည့်စုံခဲ့တဲ့သူမှ သမိုင်းမှာ နေရာရတတ်ကြတာပါ …။
တက်ကျမ်းတွေရဲ့လှုံ့ဆော်မှုအပေါ်မှာ ဘာသာပြန်မှားခဲ့တဲ့အခါ … ကြီးကြီး ကျယ်ကျယ်လုပ်ဖို့ စဉ်းစားရင်းနဲ့ နှစ်လုံးတိုက်ချဲသမားနဲ့ အလွဲသုံးစား လုပ်တဲ့သူတွေ တမိုးလုံး ဖျောက်ဆိပ် ဖြစ်လာတယ်။
လူအတော်များများဟာ အကြီးကျယ်ဆုံး ဖြစ်ချင်ကြသူတွေချည်းပါပဲ။ မိုဟာမက်အလီလည်း သူဟာ အကြီးကျယ်ဆုံးလို့ ကမ္ဘာတုန်အောင် အော်ခဲ့တယ်။ ကောင်းသော ကြီးကျယ်မှု၊ မြင့်မားမှုဖြစ်ဖို့ပါပဲ။
လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ်လိမ်ရမယ်ဆိုတဲ့ ဟစ်တလာ၊ သမိုင်းမှာ သူ ဘယ်နေရာရခဲ့သလဲ။
နောက် ဥပမာလွယ်လွယ်တခုက … အင်္ဂါဂြိုဟ်ဟာ ပန်းတိုင်ဖြစ်တယ်ဆိုပါစို့။ ဆိုက္ကားသမားက မီးပုံးပျံနဲ့ သွားပြီး သိပ္ပံပညာရှင်က ဒုံးပျံနဲ့ သွားပါလိမ့်မယ်။
ဘယ်သူက အကျိုးဖြစ်နိုင်သလဲ။ ဘယ်သူက အကျိုးမဲ့ ဖြစ်နိုင်သလဲ။ ဒါဟာ ကိုယ့်လက်ရှိ အခြေခံ၊ ကိုယ်ပိုင်စွမ်းအင်ပေါ်ကသာ မြင့်မြင့်ကြံသင့်တယ်ဆိုတာ စဉ်းစားနိုင်ဖို့ပါ။
လူတိုင်းဟာ ရှေ့ကိုသွားဖို့ မကြိုးစားရင် အနုတ်လက္ခဏာတွေချည်းပဲ ဖြစ်ကုန်မှာပေါ့။ ဒါကိုကျနော်တို့ သဘောတူကြရမှာပါ။ ကိုယ်တိုင်လည်း မြင့်ဖို့ ကြိုးစားကြရမှာပါ။
မြင့်ရင်ပြီးရောဆိုပြီး ရမ်းမခုန်ကြရအောင် အားလုံးကဝိုင်းပြီး တည့်မတ် ပေးကြရမှာပါ။ ဒီလိုမှမဟုတ်ရင် ‘စွန့်စားတယ်ဆိုတာ စွန့်မှစားရတာကွ၊ မစွန့်ရင်မစားရဘူး’ ဆိုတဲ့ ရူးရူးမိုက်မိုက် အတွေးအခေါ်တွေ၊ ခုန်လိုက်ရရင်ပြီးရော လဲကျသွားလည်း နောက်မှ ပြန်ထမယ် ဆိုတဲ့ တပွဲတိုးအယူအဆတွေ ခေါင်းထောင်လာနိုင်ပါတယ်။
ကျနော့် မိတ်ဆွေများ …
ရိုးရိုးကျင့်တတ်ကြပါစေ။
မြင့်မြင့်ကြံတတ်ကြပါစေ။ ။
ရေစီးသံဂျာနယ်
အတွဲ ၆ အမှတ် ၁
မေလ ၁ ရက် ၂၀၀၂ ခုနှစ်