Tuesday, September 7, 2010

ခိုနားဖို့ နေရာရှာ (ကာတွန်း စောငို)

ပြည်သူချစ်သော အနုပညာရှင် (မောင်မောင်ဝမ်း)

ဟိုတလောက အာရ်အက်ဖ်အေ သတင်းထဲမှာ အနုပညာရှင် ၄ ဦးကို အနုပညာလုပ်ဆောင်ခွင့်တွေ ပိတ်လိုက်တယ်လို့ သတင်းကြားလိုက်ရတယ်။

http://www.rfa.org/burmese/news/performers_banned_from_doing_business-09022010154636.html

နောက်ပိုင်းမှာ ကိုကျော်သူ ပြန်ဖြေရှင်းပြတဲ့ သတင်းအမှန်က ကိုညီဂျော်၊ မသန်းသန်းစိုး၊ ဂွမ်းပုံကြီး၊ ဆုရွှန်းလဲ့ တို့ အနုပညာရှင် ၄ ဦးကို နာရေးကူညီမှု အသင်း (ရန်ကုန်) အား သွားရောက်လုပ်အားပေးခြင်း၊ အနုပညာ သရုပ်ဆောင် သင်တန်းပေးခြင်း အစရှိတဲ့ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်တာကိုသာ အာဏာပိုင်တွေက ပိတ်ပင်ခြင်းဖြစ်ကြောင်း ကြားသိရတယ်။

http://www.demowaiyan.co.cc/2010/03/blog-post_17.html

ကိုကျော်သူပြောပုံအရ ရုပ်ရှင်သရုပ်ဆောင်များ လူမှုရေးလုပ်လိုပါက ရုပ်ရှင် အစည်းအရုံးမှ သဘောတူ ထောက်ခံချက်ရပါမှ လုပ်ရမည့်သဘောပင်။ (ရုပ်ရှင်သည် ပြည်သူ့အတွက် ... ပါတဲ့ဗျာ)

အဲဒီလိုတွေကြားရတော့ စိတ်မကောင်းတဲ့ကြားကပဲ သူတို့တွေကို ဂုဏ်ပြုချီးကျူး ထောပနာပြုလိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ အခုလို အပိတ်ခံလိုက် ရတာဟာ သူတို့ ကိုယ်ကျိုးအတွက်ကြောင့် မဟုတ်ဘဲ ပြည်သူချစ်သော အနုပညာရှင်တဦးဖြစ်တဲ့ ကိုကျော်သူတို့အသင်းကို သွားကူလို့ … တဲ့။ ကိုကျော်သူ ဆိုတာကလည်း အားလုံးသိကြတဲ့အတိုင်း လူသားအကျိုးပြု လုပ်ငန်းတွေကို လက်တွေ့ကျကျ ကိုယ်ကျိုးစွန့်လုပ်ကိုင် ဆောင်ရွက်နေတဲ့သူ မဟုတ်လား။ လူသားအကျိုးပြုလုပ်ငန်းတွေကို ဘယ်လောက်ပဲ လုပ်လုပ်။ နအဖ အလိုကျ လက်အောက်ခံ မလုပ်မိလေတော့ ကိုကျော်သူခမျာလည်း လူးလိမ့်နေအောင် ခံရမယ်ဆိုတာ ပြေးမကြည့်ပေမယ့် လည်း တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်လေ။

စိတ်ထဲမတော့ အော် ... လုပ်ရက်ပါပေလို့ တွေးမိပေမယ့်လည်း နည်းနည်းလေးမှ ဆတ်ဆတ်ထိမခံတဲ့ နအဖနဲ့ လက်ကိုင်ပုဆိန်ရိုးတွေ လုပ်နေကျအလုပ်မို့ သိပ်လည်း ထူးဆန်းတယ်လို့ မထင်မိတော့ပါဘူး။ စစ်အာဏာရှင်တွေအကြောင်း ပြောရတာလည်း သူတို့တော့ ဘယ်လိုနေမလဲ မသိဘူး။ ကျွန်တော်ကတော့ ရှက်လွန်းလို့ကို မပြောနိုင်တော့ပါဘူး။ ကျွန်တော့်တို့ငယ်ငယ်က အဖွားပြောတာကို သွားသတိရလို့ပါ။ အရပ်ထဲမှာ ခိုးဆိုး မူးယစ် သောင်းကျန်းနေတဲ့ ကိုစံမောင်းဆိုတဲ့သူအကြောင်း ကျွန်တော်က အမေ့ကိုပြောပြတော့ အဖွားက “မင်းမပြောလည်း တလောကလုံးက စံမောင်း ဘာကောင်လဲဆိုတာ သိပါတယ် ဟယ်။ ရိုးမယ်ဖွဲ့ပြောမနေပါနဲ့တော့ … တဲ့။ နင်မို့လို့ မရှက်တယ် ။ ငါဖြင့် သူ့အကြောင်း ပြောရမှာ ရှက်လွန်လွန်းလို့ … တဲ့” ။ ကျွန်တော်လည်း အဖွားပြောသလို ဖြစ်နေတာပေါ့နော။ အဲ ... လိုအပ်လာတော့လည်း ရှက်ရှက်နဲ့ပဲ နှစ် ၂၀ ကျော်လုံးလုံး အပ်ကြောင်းထပ်အောင် ပြောလာခဲ့တဲ့ အရာတွေကိုပဲ ပြန်သုံးရတော့မှာပ။

ကျွန်တော် စဉ်းစားမိတာရှိတယ်။ အခုတလော အမေရိကားမှာရှိတဲ့ မြို့တချို့မှာ နအဖ ရဲ့ပေါ်လစီကားမှာ ပါဝင် ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်မင်းသမီးတလက်ကို ဒီမိုကရေစီဘက်တော်သားများက ပြင်းပြင်းထန်ထန် ရှုတ်ချ။ ဆန္ဒပြတာနဲ့ကလည်း တိုက်ဆိုင်နေတာဆိုတော့ နအဖက ညီဂျော်တို့ကို အခုလိုလုပ်လိုက်တဲ့ လုပ်ရပ်ဟာ နအဖရဲ့ လက်တုံ့ပြန်မှုတခုလို့တောင် ယုံကြည်မိတယ်။ ဒါနဲ့ပတ်သက်လို့ကလည်း ဝိဝါဒကွဲပြားမှု အဖုံဖုံနဲ့ပေါ့။ သေချာတာ တခုကတော့ နအဖဟာ သူတို့ကို ဆန့်ကျင်ရေးနဲ့ပတ်သက်လာရင် ဘုန်းကြီးတောင် ချမ်းသာမပေးတဲ့အမျိုး ဆိုတော့ လူဆိုရင်တော့ မပြောပါနဲ့။ ဖြစ်နိုင်ရင် အမှုန့်တောင် ချေပစ်လိုက်ချင်တာ။ အဲဒါကို သိသိကြီးနဲ့ အမေရိကားမှာရှိတဲ့ ဒီမိုကရေစီအင်အားစုများက အဲဒီသရုပ်ဆောင်မင်းသမီးကို ဆန္ဒပြရကောင်း မလားဆိုပြီး လူ ၂ ယောက် ၃ ယောက်လောက်က (သူတို့ကိုယ်သူတို့တော့ ဒီမိုကရေစီဘက်တော်သားလို့ ခံယူထားပုံရပါတယ်) စွာကျယ်၊ စွာကျယ်နဲ့ တုံ့ပြန်လာတာ နအဖက ရှေ့နေငှားလွှတ်လိုက်သလား အောက်မေ့ရတယ်။ တယောက်များဆို နိုင်ငံရေးသမားများ သစ္စာဖောက်ပြီ … ဆိုပြီး ခြုံပြီးတော့တောင် စော်ကားလိုက်တာ တွေ့ခဲ့ရသေးတယ်။ ကျွန်တော်က face book ထဲမှာ သူ့ကိုဝေဖန်တဲ့ မှတ်ချက်ပေးမိတာတောင် ကျွန်တော့် list ကို သူ့အကောင့်စာမျက်နှာကနေ ဖြုတ်ချပစ်ခဲ့တယ်။

ပြီးတော့ အခုဖြစ်သွားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ၄ ဦးနဲ့ပတ်သက်ပြီး ပြည်ပရောက် နိုင်ငံရေးသမားများ ဘာလုပ်ပေးနိုင်ပါ သလဲ... တဲ့။ ခနဲ့တဲ့တဲ့ သူ့ဆိုလိုချက်ကို ကျွန်တော်နားလည်လိုက်တာက အခု သရုပ်ဆောင် ၄ ဦး ကို ရုပ်ရှင်။ ဗွီဒီယို ရိုက်ကူးခွင့် ပိတ်လိုက်ရင် … သူတို့မှာ ဝင်ငွေ စီးပွားရေးပိတ်သွားပြီ။ ခင်ဗျားတို့ ဘာများလုပ်ပေးနိုင်မလဲလို့ ပြောဆို ရွဲ့လိုက်သလို ဖြစ်နေတာပါပဲ။ သူ့ဆိုလိုချက်မှာ ငွေကြေးဓနကို ဦးတည်ဟန်တူပါရဲ့။ ကျွန်တော့်အနေနဲ့ ၈၈ ရာဟူး အုပ်စုမေးလ်ထဲက မိုးကြိုးသွားဆိုသူ ရေးသွားတာလေးနဲ့ တုံ့ပြန်လိုက်ချင်တယ်။ လူထုရဲ့ ထောက်ခံအားပေးမှုက ငွေကြေးထက် တန်ဖိုးရှိတယ်ဆိုတာကိုပါ။ ဟုတ်တယ်။ ဒီနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တကမ္ဘာလုံး က သိမ့်သိမ့်တုန် ချစ်ခင်လေးစားကြတာဟာ ငွေကြေးနဲ့တိုင်းတာလို့ ရမလား။ လောကမှာ ငွေကြေးဓနထက် တန်ဖိုးရှိတာ တွေ အများကြီးရှိပါသေးတယ်။ လူထုဆိုတာ ချစ်ရင် ချီးကျူးထောပနာသံတွေနဲ့ ကြိုဆိုကြသလို ... မုန်းရင် ရတဲ့နည်းနဲ့ ဆန့်ကျင်ကြမှာပဲ။ ဒါ သဘာဝပဲ။ အခုဆို ဘာပဲဖြစ်ဖြစ် ကိုညီဂျော်တို့ မသန်းသန်းစိုး၊ ဂွမ်းပုံ၊ ဆုရွှန်းလဲ့တို့ကို လူထုက အရင်ထက်ပိုလို့ ချစ်ကြမှာ မြေကြီးလက်ခပ်မလွဲပါပဲ။ တဖက်မှာ နအဖရဲ့ ပေါ်လစီဇာတ်ကားမှာ ပါဝင်ရိုက်ကူးသူများ အတွက်ကတော့ အဆိုးဆုံးမှသည် အနည်းဆုံးအဆင့်ထိ တော့ အမုန်းခံရမှာ။ ဆန့်ကျင်ခံရမှာ အသေအချာပါ။ ဒီနေရာမှာ အကြောင်းပြချက်တွေ မပေးပါနဲ့တော့ဗျာ။ ဖြစ်ရပ်တိုင်းမှာ အကြောင်းပြချက်ဆိုတာ ပြလို့ရတာချည်းပါပဲ။ နစ်နာဆုံးရှုံးမှု အတွက်ဆိုတာနဲ့ မှတ်ချက်ပေးလာခဲ့မယ်ဆိုရင် ဒီနေ့ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ တောထဲမှာ လက်နက်ကိုင် အင်အားစုတွေ သူတို့လောက် အနစ်နာခံနေရတာ ရှိနိုင်ပါဦးမလား။ ဒီနေ့ ဒီမိုကရေစီတော်လှန်ရေးဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။

ဒီနေရာမှာကြုံတုန်း ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်လေးတခုကို မှတ်တမ်း တင်ပါရစေ။ လူတွေ မသိလိုက်တဲ့ကိစ္စပါ။ ကျွန်တော် ပထမအကြိမ် ထောင်က လွတ်လာပြီး သိပ်မကြာခင်ပဲ ကျောင်းသားလှုပ်ရှားမှုတွေ ပြန်လုပ်ဖြစ်တယ်။ အဲဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း မရှေးမနှောင်းဆိုသလို အကျယ်ချုပ်က လွတ်လာတဲ့အချိန်ပေါ့။ ကျွန်တော်တို့ တကသ (တက္ကသိုလ်ကျောင်းသားသမဂ္ဂ) ကို နိုင်ငံရေးယုံကြည်သူ ကျောင်းသားများနဲ့ဖွဲ့စည်းပြီး လှုပ်ရှားခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ တကသ ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီး နိုင်ငံရေးလုပ်ဆောင်မှုများကို သူနဲ့အတူလက်တွဲလုပ်ဆောင်ခွင့်ပါရခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ တကသ ဟာ အန်တီစု အိမ်ကို ချောင်းပေါက်မတတ် ဝင်ထွက်ခွင့်ရခဲ့ပါတယ်။

ဒီနေရာမှာ နိုင်ငံရေးလှုပ်ရှားမှုများကို အသာထားပြီး ပုဂ္ဂိုလ်ရေးရာကိစ္စလေး တခုကို ပြောပြချင်လို့ပါ။ တနေ့မှာ အန်ကယ် ဦးသိန်းရွှေ (စာရေးဆရာမ -မမေငြိမ်းရဲ့ဖခင်) နဲ့ ဆက်စပ်ခွင့်ရခဲ့တယ်။ သူက ကျွန်တော်တို့ ကျောင်းသားတွေကို တက်တက်ကြွကြွ အားပေးထောက်ခံခဲ့သူတဦးပါ။ အန်ကယ်နဲ့ စကားလက်ဆုံကျရင်းကနေ သူက ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ချင်တဲ့အကြောင်း ပြောလာပါတယ်။ ကျွန်တော်က စီစဉ်ပေးမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ ဒီလိုနဲ့ အန်ကယ် ဦးသိန်းရွှေ တွေ့မယ့် အတူတူကျန်တဲ့ တွေ့ချင်တဲ့သူတွေလည်း ရှိသေးတယ်ဆိုပြီး ကျွန်တော် စီစဉ်ခဲ့ပါတယ်။ နောက် ... တွေ့ချင်တဲ့သူက ကျူရှင်ဆရာ ဆရာဦးဌေးလှိုင် (ယခု နိုင်ငံရေးအကျဉ်းသား ဟောင်းလည်းဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မှာ နေထိုင်နေသူ)။ နောက်တယောက်ကတော့ နိုင်ငံကျော် အဆိုတော် ကိုတင်လှိုင်ပါ။ သူက ကျွန်တော့်ဇာတိ (ရေနံချောင်းသား)။ ကျွန်တော်နဲ့က အရွယ်အားဖြင့် ဦးလေးအရွယ်ရှိပေမယ့် သူ့ကို အစ်ကိုကြီးလို့ပဲ ခေါ်တယ်။ သူ့ကို ကျွန်တော့်ဇာတိ ရေနံချောင်းမြို့သူမြို့သားများက အရမ်းချစ်ကြတယ်။ အခု ကျွန်တော် တင်ပြချင်တဲ့ ပြည်သူချစ်သော အနုပညာရှင်ဆိုတဲ့ အကြောင်းအရာမှာ လူမသိ သူမသိခဲ့ရတဲ့အရာကို ဖော်ထုတ်ပြောပြချင်တာပါ။

အစ်ကိုကြီး(ကိုတင်လှိုင်)ဟာ ဒီမိုကရေစီစနစ်ကို အလွန်ယုံကြည်သူတယောက် ဖြစ်ပြီး စစ်အာဏာရှင်တွေကို အလွန် မုန်းတီးသူတယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော် မှတ်မိနေပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲကာလက ရေနံချောင်း က မဲဆန္ဒနယ်တနယ်မှာ သခင် ခင်ညွန့် (စာပေလောက စာအုပ်တိုက်ပိုင်ရှင် - ယခု ကွယ်လွန်) က NLD ကနေ ဝင် အရွေးခံပါတယ်။ အဲဒီတုန်းက ကိုတင်လှိုင်၊ စန္ဒယား တင်ဝင်းလှိုင်၊ စာရေးဆရာ ဆရာဖေမြင့်၊ ကဗျာဆရာ မောင်သွေးသစ် နောက် ကိုမြတ်ခိုင်တို့ ရောက်လာပြီး အနုပညာနဲ့ ဒီမိုကရေစီတရားတွေ ဟောကြ၊ ဖျော်ဖြေကြနဲ့ပေါ့၊ လူထုကလည်း အားပေးလိုက်ကြတာ ဝက်ဝက်ကွဲပါပဲ။ အရမ်းကိုအောင်မြင်ခဲ့တဲ့ အဖြစ်ပါ။ အစ်ကိုကြီးက အဲဒီတုန်းက စန္ဒယား တင်ဝင်းလှိုင်နဲ့ တွဲဖက်ပြီးတော့ သူနာမည်ကြီးခဲ့တဲ့ ဘကြီးအောင်ညာတယ် ဆိုတဲ့သီချင်းကို ဘကြီးမောင်ညာတယ် ဆိုပြီး ဆိုခဲ့တယ်။ (၁၉၉၀ ကာလ နဝတ ခေါင်းဆောင်က ဗိုလ်ချုပ်မှုးကြီး စောမောင် ပါ) အဲဒါကို လူထုက သဘောကျ လိုက်တာ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့။

ဒီလိုနဲ့ နောက်ပိုင်း ကျွန်တော်က ထောင်ထဲရောက်သွားတော့ သူနဲ့ဝေးသွားခဲ့တယ်။ ဆုံမယ့်ဆုံတော့ သူက အန်တီစုနဲ့ တွေ့ချင်လှချည်ရဲ့ဆိုတဲ့အချိန်မှာ လာဆုံကြပြန် တယ်လေ။ ဒါနဲ့ပဲ သူ့ကိုပါ ခေါ်သွားခဲ့တယ်။ အန်တီစုနဲ့တွေ့ကြတော့ အန်တီက သူတို့ကို နွေးနွေးထွေးထွေး၊ လေးလေးစားစားနဲ့ ကြိုဆိုစကားတွေ ပြောပါတယ်။ ကျွန်တော်တို့ ကျောင်းသား အဖွဲ့က ၇ ယောက်လောက် ပါတယ်။ အဲဒီအချိန်မှာပဲ ကိုတင်လှိုင်က သူ့လွယ်အိတ်လေးထဲက တိတ်ခွေလေးတခွေကို ထုတ်လိုက်ရင်းနဲ့ အန်တီစုကို ပြောလိုက်တယ်။ “မစု … ကျွန်တော့်တသက်မှာ ဒီတိတ်ခွေလေးကို မစုလက်ထဲ အရောက်ပို့နိုင်ရင် သေပျော်ပါပြီလို့ စိတ်ကူးထားတာ။ အခု ကျွန်တော့်စိတ်ကူးအိပ်မက်တွေ ပြည့်သွားလို့ ကျွန်တော် အရမ်းကို စိတ်ချမ်းမြေ့သွားပါပြီ” ဆိုပြီးပြောလိုက်တော့ အန်တီစုက ...“ဒါပေမယ့် ဆရာဦးတင်လှိုင်ရယ် … သေတော့ မသေလိုက်ပါနဲ့ဦး။ အနုပညာနဲ့ ပြည်သူတွေကို အလုပ်ကျွေးဆက်ပြုပါဦး” ဆိုတော့ အားလုံးက ရယ်ကြတယ်။ နောက် ကိုတင်လှိုင်က ဆက်ပြောတယ်။

“ဒီသီချင်းခွေရဲ့ခေါင်းစဉ်က ထာဝရ နှင်းဆီ … တဲ့။ အဲဒါ မစုကို ကျွန်တော် ဂုဏ်ပြု သီဆိုထားတဲ့ သီချင်းခွေပါ” ဆိုတော့ အန်တီစုက … “ဒါဆို အဲဒီအခွေ အပိတ်မခံရတာ ကံကောင်းတာပေါ့နော်” လို့ အန်တီကပြောတော့ … ကိုတင်လှိုင်က “အဖွဲ့အနွဲ့ အလင်္ကာတွေနဲ့ရေးထားတော့ စိစစ်ရေးက သဘောမပေါက်လို့ လွှတ်ပေးလိုက်တာပါ မစု” လို့  ကိုတင်လှိုင်က ပြုံးပြုံးကြီး ပြန်ဖြေခဲ့ပါတယ်။

အန်တီနဲ့တွေ့အပြီးအပြန်မှာ အစ်ကိုကြီးကိုတင်လှိုင်ဟာ အရမ်းကိုပီတိတွေဖြစ်ကာ ပျော်လာပုံရပါတယ်။ ကျွန်တော် သူ့ရဲ့သီချင်းခွေ ထာဝရနှင်းဆီ ကို ခဏခဏ နားထောင်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ သီချင်းက အန်တီစုအတွက် ရည်ရွှယ်ပြီး ဂုဏ်ပြုသီဆိုခဲ့တာဆိုတာကို မသိခဲ့တာ အမှန်ပါ။ ဒီလိုနဲ့ အစ်ကိုကြီး ကိုတင်လှိုင်ရဲ့ ပျော်ရွှင်မှုတွေဟာ မကြာလိုက်ပါဘူး။ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ အရည်ပျော် သွားခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ သွားတွေ့စဉ်အချိန်က ကျွန်တော်တို့ အုပ်စုထဲမှာ သတင်းပေး (informer) ပါလာတယ်ဗျာ။ ကျွန်တော်တို့မသိခဲ့တာ ကြီးစွာသော အမှားကြီးတခုပါ။ ညံ့တယ်ပြောရင်လည်း ခံဖို့အသင့်ပါပဲ။ အဲဒီသတင်းပေးကတဆင့် ထောက်လှမ်းရေးဆီ သတင်းပေါက်သွားတယ်လေ။ အဲဒီအချိန်ကစလို့ အစ်ကိုကြီး ကိုတင်လှိုင် ကို သီချင်းသီဆိုခွင့် ပိတ်လိုက်တယ်။ အခွေထုတ်ခွင့် မရတော့ဘူး။ စင်ပေါ်တက် ဖျော်ဖြေခွင့်တောင် မပေးတော့ဘူး။ မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွှင့်နေတဲ့ သူ့သီချင်းတွေကိုလည်း ပိတ်ပစ်လိုက်တယ်။ တဆက်ထဲမှာပဲ ဆရာမ မမေငြိမ်းရဲ့ဖခင် အန်ကယ် ဦးသိန်းရွှေက အဲဒီအချိန်က Free bird tour ဆိုတဲ့ ခရီးသွားလုပ်ငန်း ကုမ္ပဏီထောင်ထားတာ တော်တော်အောင်မြင်ခဲ့ပါတယ်။ အဲဒီမှာ အန်ကယ်က မန်နေဂျင်း ဒါရိုက်တာ တာဝန်ယူထားတယ်။ အန်ကယ့်ကိုလည်း အဲဒီ ကုမ္ပဏီကနေ ထုတ်ပစ်ဖို့ ဒါရိုက်တာအဖွဲ့ကို ထောက်လှမ်းရေး က ဖိအားပေးခဲ့တယ်။ နောက် သတင်းကြားရတာကတော့ အန်ကယ် ထွက်လိုက်ရတယ်လို့ ကြားခဲ့ပါတယ်။

အစ်ကိုကြီး ကိုတင်လှိုင်က စိတ်ပျက်ကာ စိတ်ဓာတ်ကျမသွားပါဘူး။ ကျွန်တော့်ဇာတိမြို့ပြန်လာတော့ အစ်ကိုကြီးလည်း လိုက်လာတယ်။ တနေ့ အစ်ကိုကြီးက သောက်ထားတော့ နည်းနည်းလေး ထွေနေတယ်။ ည ၈ နာရီလောက်လို့ ထင်တယ်။ ဆိုင်ကပြန်လာပြီး လမ်းဆုံတခုရောက်တော့ မီးသတ်ရေကန်တခု ရှိတယ်။ မပြောမဆို အဲဒီကန်ပေါ် တင်ပလ္လင်ခွေ ထိုင်တဲ့ပြီး ပုဆိုးက ဒူးပေါ်ထိ မ တင်ထားပြီး … ပြောဆိုပါတယ်။

“အခုချိန်ကစပြီး တင်လှိုင်ရဲ့ စင်တင်သီဆိုမှု အစီအစဉ် စပါတော့မယ်ခင်ဗျား” ဆိုပြီး ကြေငြာလိုက်တယ်။ လူကလည်း များများစားစား ဘယ်သူမှရှိတာ မဟုတ်ပါဘူး။ မှတ်မိသလောက် ၄ ယောက်လောက်ပဲ ရှိမယ်။ သူက ဆက်ပြောသေးတယ်။

“စစ်အာဏာရှင်တွေက တင်လှိုင်ရဲ့ အနုပညာလုပ်ဆောင်ခွင့်တွေကို ပိတ်လိုက်ပေမယ့် တင်လှိုင်ရဲ့ နှလုံးသားကိုတော့ ပိတ်လို့မရဘူး။ တင်လှိုင် သီချင်းတွေ ဆိုမယ်။ အခု စဆိုပါတော့မယ်” ဆိုပြီး တပုဒ်ပြီး တပုဒ်ဆိုတော့တာပဲ။

ထူးခြားတာက သူ့ရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတပုဒ်ကို သီဆိုပြီးတိုင်း ထာဝရနှင်းဆီ ဆိုတဲ့သီချင်းကို ထပ်ခါထပ်ခါ ဆိုတယ်။ ရင်ထဲခံစားမှုအပြည့်နဲ့ ဆိုတယ်။ လမ်းပေါ်မှာ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ လူတချို့ကပါ မနေနိုင်တော့ဘူးထင်ပါရဲ့။ သူသီဆိုတာကို ရပ်နားထောင်ကြတာ ၁၀ ယောက်လောက် ဖြစ်လာတယ်။

သူသီချင်းဆိုအပြီး ခနလေးနားတဲ့အချိန်မှာပဲ သီဆိုမှုကို သဘောကျလို့ ရပ်နားထောင်နေတဲ့အထဲက တယောက်က “အစ်ကိုကြီး သီချင်းဆိုတာ သိပ်ကောင်းတာပဲဗျာ - အသံကလည်း တကယ့် အဆိုတော် ကိုတင်လှိုင်မှ ကိုတင်လှိုင်ပဲ။ အဆိုတော် ကိုတင်လှိုင်အစစ်တောင် အခု အစ်ကိုကြီး သီဆိုတာကို မီမယ်မထင်ဘူး” လို့ ဝင်ပြောလိုက်တော့ ကျွန်တော်တို့မှာ ရီလိုက်ရတာဗျာ။

အော် … နောက်တခုက ညဘက်လည်းဖြစ်ပြန် ... မှောင်ကလည်း မှောင်နေတော့ သိပ်လည်း သဲသဲကွဲကွဲ မမြင်ရဘူးလေ။ ကိုတင်လှိုင်ရဲ့ အနုပညာကို ပိတ်ပင်ခံလိုက်ရတာ ပြန်လုပ်ခွင့်ရ မရ ကျွန်တော် မသိတော့ဘူး။ နောက်လူတွေဆို ကိုတင်လှိုင်ဆိုတာ ကြားတောင် မကြားဘူးတော့ပါဘူး။ စစ်အာဏာရှင်တွေ လက်အောက်မှာ မိမိယုံကြည်တဲ့ ဒီမိုကရေစီအတွက် ပေးဆပ်ခဲ့ရတဲ့ နိုင်ငံကျော်အဆိုတော် ကိုတင်လှိုင်အကြောင်းလေးပါ။

နောက် ပေးဆပ်ခဲ့သူတွေထဲက တယောက်က မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်တွေမှာ တခါက နာမည်ကျော်ခဲ့တဲ့ ရွှေသံစဉ် တီးဝိုင်းရဲ့ ဂီတမှူး ကိုဝင်းမော် ပါ။ (အခုလက်ရှိ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ထောင်ထဲမှာ) သူဆို ထောင်ကျတာ ၂ ခါ ရှိပါပြီ။

နောက်တဦးက လူငယ်တွေကြားမှာ ယခုထက်တိုင် ရေပန်းစားဆဲ နိုင်ငံကျော် စတီရီယို အဆိုတော်တယောက်ဆိုလည်း ၁၉၉၅ ဝန်းကျင်လောက်က အန်တီစုရဲ့ ဟောပြောပွဲ အခွေတွေကို သူ့စရိတ်နဲ့သူကူးပြီး လူထုဆီ ပို့ပေးတဲ့ အလုပ်ကို တာဝန်ယူလုပ်ခဲ့တာပါ။ သူဟာ ယနေ့ထက်တိုင် ပေါ်လစီသီချင်း သီဆိုခဲ့တယ်လို့ မကြားမိပါဘူး။ ဒီလိုလူတွေ အများကြီး ရှိပါတယ်။

အချုပ်ပြောရရင် လူထုဟာ အချဉ်မဟုတ်ဘူး။ ဘယ်သူဟာ လူထုအတွက် ရပ်တည်သလဲ။ ဘယ်သူဟာ စစ်အာဏာရှင် လက်ကိုင်တုတ်လည်း ဆိုတာ ခွဲခြားသိမြင်တတ်ပါတယ်။ အခုမှ သရုပ်ဆောင် လောကမှာ စတက်လာပြီး အရှိန်ရခါစ မင်းသမီးပေါက်စ မပြောနဲ့။ အနုပညာ သြဇာကြီးခဲ့တဲ့ ရုပ်ရှင်မင်းသား ကျော်ဟိန်း (အဲဒီကာလက သူ့ကို မလိုသူတွေက - တစည အတွက် စည်းရုံးရေး လုပ်ပေးနေပါတယ်လို့ ပြောဆို လုပ်ကြံဝါဒဖြန့်ခဲ့ကြတာ ...) အဲဒီကာလမှာ ကျော်ဟိန်းဟာ ပြည်သူရဲ့မုန်းတီးခြင်းဒဏ် ခံခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှ သူကိုယ်တိုင် သတင်းစာထဲကနေ ရှင်းလင်းချက်နဲ့ မနည်း ထုတ်ရှင်းလင်းခဲ့ရလို့ သက်သာရာရသွားတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။)

ပြည်သူဟာ သူတို့ပြောခွင့် လုပ်ခွင့် မသာရင်သာ ငြိမ်နေမယ်။ အခွင့်သာတာနဲ့ တုံ့ပြန်ကြမှာပါပဲ။

အခုဖြစ်သွားတဲ့ အနုပညာရှင် ၄ ဦးဆိုရင် ကိုကျော်သူနဲ့ပဲပတ်သက်လို့ အနုပညာလုပ်ကိုင်ခွင့်ပဲ ရပ်ဆိုင်းခံလိုက်ရတာ တော်သေးတယ်လို့ မှတ်ယူရမှာပါပဲ။ ကိုဝင်းမော်လို ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင် ထောင်ထဲထည့်မှာ မလွဲပါဘူး။

ဒီလောက် ဆတ်ဆတ်ထိမခံ ဖြစ်နေတဲ့ စစ်အာဏာရှင်တွေထက်စာရင် … အမေရိကားမှာ ဆန္ဒပြကြတဲ့ ဒီမိုကရေစီ အင်အားစုများရဲ့လုပ်ရပ်ဟာ တရားပါတယ်။ သိပ်ကိုတရားပါတယ်။ ပြည်သူအတွက်ရပ်တည်ရင်း အစတေးခံလိုက်ရတဲ့ အနုပညာရှင် ကိုညီဂျော်၊ မသန်းသန်းစိုး၊ ဂွမ်းပုံကြီးနဲ့ ဆုရွှန်းလဲ့ အပါအဝင် အားလုံးသော ပြည်သူဘက်က ရပ်တည်တဲ့ ပြည်သူချစ်သော အနုပညာရှင်အားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ ။

မောင်မောင်ဝမ်း

မြေလတ် ကျောင်းသားခေါင်းဆောင်
(ခေတ္တ - အမေရိကန်ပြည်ထောင်စု)


Sunday, September 5, 2010

လှုပ်ရှားနေသော တောင်တန်းစိမ်းများ (၁)

(၂)

မကြောက်သော်လည်း စိုးရိမ်မှုတော့ရှိသည်။ ခရီးချောမောပါ့မလား။ အဖေ အမေ၊ အဖိုးအဖွားတို့ကို ထိုင်ကန်တော့စဉ် အမေက ရိပ်မိပုံရသည်။

“မင်းအမေတို့ကို ခွဲတော့မလို့လား။ သားနဲ့ ပြန်မတွေ့ရတော့ဘူး ထင်တယ်”

အမေက အသံကို ထိန်းပြီး ပြောသည်။ သူက ဘာမှ ပြန်မပြော။ ဘာမှ မဖြစ်သလို အမေကို ကန်တော့ပြီး ပြန်ထွက်လာခဲ့သည်။ အမေ့ရင်ထဲ ဘာဖြစ်ကျန်ခဲ့မည်ကို သူ ဆက်မစဉ်းစားတော့။ သူ ထောင်ထဲမှာ ၂ နှစ် နေခဲ့ရပြီး အပြင်ကိုပြန်ရောက်လာ တော့ အပြင်လောကသည် ပြောင်းလဲသွားပေပြီ။

ထောင်ဘူးဝကအထွက် မဆလ စစ်ထောက်လှမ်းရေးက အပြင်ရောက်ရင် သက်ဆိုင်ရာဌာနသို့ သတင်းပို့ဖို့ မှာသည်ကို သူက ဂရုမစိုက်ပေ။

ထောက်လှမ်းရေးက သွားလေရာ အရိပ်လို တကောက်ကောက် လိုက်နေခဲ့သည်။ သတင်းတပ်ဖွဲ့ ရုံးက ၂ ကြိမ် ခေါ်တွေ့သည်။

“ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားအလုပ်နဲ့ ပတ်သက်လို့ပါ။ တပ်ဖွဲ့မှူးရုံးကို ခဏလာတွေ့ပါ”

ဟု ဆိုလာသဖြင့် သူ သွားတွေ့ခဲ့သည်။ သတင်းတပ်ဖွဲ့မှူးဆိုသူက …

“ဒီလိုပါ။ ခင်ဗျားအလုပ်ဌာနက ခင်ဗျား အလုပ်ပြန်ဝင်တာနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို မေးပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ ဝန်ကြီးဌာနတွေက မေးမြန်းတာကို ပြန်ဖြေလေ့မရှိပါဘူး။ ဝန်ကြီးချုပ်ကတဆင့် ထောက်လှမ်းရေး ဌာနကိုမေးမှ မှူးချုပ်က ဖြေပါတယ်”

သူ့ဆိုလိုချက်က အမျိုးသား ထောက်လှမ်းရေးဌာနသည် ဝန်ကြီးဌာနများထက် မြင့်ပြီး ဝန်ကြီးချုပ်နှင့်အဆင့်တူဟု အဓိပ္ပာယ်ရပေသည်။

သူထောင်က ထွက်လာစဉ်မှာပင် ရှေ့ဘာဆက်လုပ်မည်ဆိုသည်ကို ရှင်းရှင်း ပြတ်ပြတ်ဖြစ်ပြီး ဖြစ်သည်။ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေထဲမှ တချို့က စိမ်းသွားသည်။ တချို့က ခါတိုင်းထက်ပိုပြီး နားလည်မှုကို ဖော်ပြသည်။ အိမ်လာသတင်းမေးသည့် သူငယ်ချင်းတဦးက ...

“မင်းဆီ လာသာလာရတယ်။ ခပ်လန့်လန့်ပဲ” ဆိုသည့်အပြောကို “ကြောက်ရင် မလာနဲ့ပေါ့ကွ” ဟု ဘုတောပစ်ခဲ့ဖူးသည်။

သူငယ်ချင်းက ပြာပြာသလဲ တောင်းပန်ကာ စကားရော ဖောရောလုပ်ခဲ့သည်။ သူ စိတ်မဆိုးပါ။ ဘာဖြစ်လို့ဆိုတာကိုသာ သူ သုံးသပ်သည်။ လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်အသွား ဆိုင်ထဲကနေ အတင်းခေါ် လက်ဖက်ရည်တိုက်သည့်သူ၊ မုန့်ဟင်းခါးဖိုး အတင်းဝင်ရှင်းပေးသည့် သူများလည်း ကြုံရသည်။ တချို့က လမ်းတွေ့တာတောင် နှုတ်ဆက်ရမည်စိုး၍ မမြင်ချင်ယောင်ဆောင်သွားသည်။

ဒုတိယအကြိမ်တွင်တော့ သတင်းတပ်ဖွဲ့ ရုံးက ခေါ်တွေ့ခြင်းမဟုတ်။ အိမ်လာပြီး မသိမသာ စကားနှိုက်ခြင်း ဖြစ်သည်။ ခင်ဗျားကတော့ အနေမှန်တယ်။ ဘယ်သူတွေကတော့ အိမ်မှာ တရုန်းရုန်းနဲ့ မျက်စိနောက်တယ်ဆိုသည့်သဘော ပြောလာသည်။ သူက ဘာမှမပြော၊ ပြုံးရုံသာ ပြုံးနေလိုက်သည်။

လောကကြီးက မပြောင်းပါဘူး။ လူတွေသာ ပြောင်းသွားတာ။ နိုင်ငံရေးဆိုတာ ကြောက်တတ်သူလည်း ရှိ၊ ချစ်တတ်သူလည်းရှိတဲ့ အရာပေပဲ။ ကာလနှင့် ဆိုင်သည်ဟု ထင်သည်။ အချိန်ကာလသည် ဖြစ်ရပ်ပေါင်းများစွာကို သယ်ဆောင်လာတတ်သည် မဟုတ်ပါလော။ နှစ်နှစ်အကြာမှာ သူသည် လူကောင်းမှသည် သောင်းကျန်းသူ၊ သာမန်လူမှသည် အဖျက်သမား ဖြစ်သွားပေပြီ။

သူ၏ ပုံရိပ်သည် မည်သို့ ရှိမည်နည်း။ သူအလုပ်လုပ်သည့် ဝန်ကြီးဌာနမှ ဝန်ကြီး မဆလခေတ် တိုင်းမှူးဟောင်းက “စက်ရုံ တည်ပါတယ်၊ ကွန်မြူနစ် ထွက်လာ တယ်”ဟု ပြောကြောင်း ပြန်ကြားရသည်။

သူ ထောင်ကထွက်လာတော့ ညီတွေ ညီမတွေက “အစ်ကိုကြီး ထောင်က လွတ်တော့မယ်၊ တို့ဝမ်းသာတယ်” စသည်ဖြင့် ဝမ်းသာအားရ သံပြိုင်ကြွေးကြော် နေကြသံကို ကက်ဆက်ဖြင့်သွင်းထားသည်ကို ပြန်ဖွင့်ပြသည်။ သူတို့အစ်ကိုကြီးသည် ဘယ်တုန်းကမှ ဆိုးသွမ်းသူ မဟုတ်ခဲ့ကြောင်း သူတို့ သိပေသည်။

မန္တလေး-လာရှိုးလော်ကယ်ရထားပေါ်တွင် တွဲထောင့်ချောင်ထဲ ကျပ်ကျပ်သပ်သပ် လိုက်ပါလာရင်း သူသည် တွေးမိတွေးရာ တွေးလာခဲ့သည်။ ရထားက သံပတ်ပေး ထားသော ကစားစရာအရုပ်လေး တရုပ်နှယ် သံလမ်းပေါ်မှာ ပြေးလွှားရင်း အသံမျိုးစုံ လွှင့်ထုတ်နေသည်။

တွဲအလယ် တောင်းတွေ အထုပ်တွေ ခရီးသည်တွေအကြား ဖြစ်သလို မိုးတိုးမတ်တတ် လိုက်ပါလာသည့် ညီသဖွယ်ဖြစ်သော ရဲဘော်ဆီသို့ လှမ်းကြည့်ရင်း မျက်ရိပ်ပြလိုက်သည်။ လူပေါင်းစုံ သယ်ဆောင်ကာ ဘူတာစုံ ခုတ်မောင်းလာသည့် နွားသိုးတကောင်နှင့်တူသော သတ္တဝါကြီးသည် မကြာမီ အရှိန်လျှော့ကာ နောင်ပိန်ဘူတာသို့ ဝင်ရောက်လာပါသည်။

ဆက်လက်ဖော်ပြပါမယ်။


လူငယ်နှစ်ယောက်ကို စစ်တပ်က ပစ်သတ်

သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေ ငိုကြွေးနေပုံ

ပဲခူးမြို့မှာ လူငယ်နှစ်ယောက် စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လို့ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

မနေ့က စနေနေ့ညမှာ မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော် အပါအဝင် လူငယ်တချို့နဲ့ အရက်အမူးလွန်နေတဲ့ စစ်ဘက် အရာရှိတဦးနဲ့ ရိုးရိုးစစ်သား တဦးတို့ ဆိုင်ကယ်ချင်း ပွတ်မိရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

ခိုက်ရန်ဖြစ်ပွားပြီးနောက် စစ်တပ်အရာရှိဟာ စစ်သားတချို့နဲ့အတူ ပဲခူးမြို့ ဘူတာအနီး ဇိုင်းဂနိုင်း တောင်ပိုင်း၊ မြလမ်းကို ပြန်လာပြီး မောင်အောင်သူဟိန်းနဲ့ သူငယ်ချင်းတွေကို ရှာဖွေခဲ့ပါတယ်။ မျက်မြင်တချို့ရဲ့ ပြောပြချက်အရ စစ်သား စုစုပေါင်း ၈ ယောက်လို့ ဆိုပါတယ်။

ကယ်လီဖိုးယား စားသောက်ဆိုင်မှာ မောင်အောင်သူဟိန်းတို့ကို ရှာဖွေရာမှာ မတွေ့ရတဲ့အတွက် အရပ်ထဲမှာ သေနတ် ၄ ချက် မိုးပေါ်ထောင်ဖောက်ပြီး ခြိမ်းခြောက်ခဲ့တယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပြပါတယ်။

လမ်းထိပ်မှာ ဂစ်တာတီးနေတဲ့ မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်းဇော်တို့ကို တွေ့ပြီးနောက်မှာ စစ်သားက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ တချက်ချင်းပစ်ခဲ့သလို၊ အတွဲလိုက် ဆက်တိုက်ပစ်ခတ်မှုတွေကိုလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာကို ရေဆေးကြောပြီးနောက် ကျန်ရစ်တဲ့ သွေးကွက်များ

အောင်အောင်သူဟိန်းကို ဦးခေါင်းနဲ့ ရင်ဘတ် အပါအဝင် သေနတ်ကျည်ဆံ ၆ ချက် ထိမှန်ခဲ့ပြီး မောင်စိုးပိုင်ဇော်ကို သေနတ်ကျည်ဆံ ၄ ချက် ထိမှန်ခဲ့ပါတယ်။ နှစ်ယောက်စလုံး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားကြတယ်လို့ မျက်မြင်သက်သေ တွေက ပြောပါတယ်။

ပစ်ခတ်ခဲ့သူ စစ်သားက လမ်းထိပ်ကိုထွက်လာပြီး “စမ်းချင်တဲ့ကောင် စမ်း၊ အကုန် သေချင်းဆိုးနဲ့ သေကုန်မယ်” လို့ ရပ်ကွက်ကို ခြိမ်းခြောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

သေနတ်သံကြားပြီးမှ ရဲဘက်ကရောက်လာပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ဆိုက်ကားပေါ် ကြိုးချည်ပြီး သယ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့မိသားစုတွေက အလောင်းတွေကို ပြန်လည်တောင်းယူ ကြပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေက ပြန်ပေးဖို့ ငြင်းဆိုခဲ့ကြပါတယ်။

သေဆုံးသူနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကိုထားရှိရာ ပဲခူးဆေးရုံ

သေနတ်နဲ့ ပစ်မိန့်ပေးသူဟာ ဘုရားကြီးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခလရ ၅၉ တပ်က ဗိုလ်ကြီး သိဒ္ဓိစိုး ဖြစ်တယ်လို့ သတင်းကြားသိရကြောင်း သေဆုံးသူရဲ့ အဒေါ်က ဘီဘီစီကို ပြောပြပါတယ်။

စစ်တပ်ဘက်က အရာရှိကြီးတွေက သေဆုံးသူ မောင်အောင်သူဟိန်းရဲ့အဘွားကို ကန်တော့တောင်းပန်ပြီး လျော်ကြေးပေးပေမယ့် ကာယကံရှင်ဘက်က မကြေအေးနိုင်ကြဘူးလို့ ဆိုပါတယ်။

ဥပဒေကြောင်းအရလည်း လူသတ်မှုဟာ ကာယကံရှင်နဲ့ သဘောတူကြေအေးလို့ မရနိုင်တဲ့ အမူဖြစ်ပါတယ်။

သတင်း နှင့် ဓာတ်ပုံ ဘီဘီစီ


ဘွိုင်းကောက် ၂၀၁၀ (အတွဲ ၁၊ အမှတ် ၃)

Boycott Vol.3

Friday, September 3, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၀)

ရန်သူလက်သို့ ကျပြီ

ကျနော်လည်း မှောင်ကြီးမဲမဲထဲမှာ ဘယ်ကိုထွက်လျှင် ကောင်းမလဲ၊ ကျနော်တို့ ၂ ယောက် အချီအချ တိုင်ပင်နေစဉ် ခြံအပြင် လမ်းမပေါ်တွင် စကားသံတိုးတိုး ပြောသံ ကြားရသည်။ လူရိပ်လူယောင်လို့ ထင်ရသည်။ ကျနော်က ဖထီးမန်းကို အိမ်နောက်ဖေး ခြံတဖက်သို့ ပြန်သွားခိုင်းသည်။

မကြာချေ၊ ဓာတ်မီး လေးငါးလက်ခန့် တပြိုင်တည်း လင်းလာသည်။ ကျနော်တို့နေသော အိမ်ခြံဝင်းသို့ ဝင်လာသည်။ ဓာတ်မီးရောင်အောက်တွင် ဂျီးသရီး၊ ဂျီဖိုး သေနတ်ကို အသင့်အနေအထားနဲ့ ချိန်ပြီး ဝင်လာသည်။

ကျနော်လည်း ခြံစည်းရိုး ချုံကွယ်တွင် ဒူးထောက်ထိုင်လိုက်သည်။ ခြံထဲသို့အဝင် လမ်းနှင့် ကျနော်ထိုင်နေသည့် ချုံကွယ်မှာ လက်တကမ်းသာ ရှိသည်။ စစ်သား ၆ ယောက် ၇ ယောက်ခန့် ကျနော်ဘေးမှ လွန်သွားသည်။ ကျနော့်ကို မတွေ့ကြပါ။

နောက်ဆုံးလူတယောက်တွင် သူ့ခါးမှာ ရှေ့ကစစ်သားများကဲ့သို့ သေနတ် မပါပါ။ ကျနော်အထင်တွင် ရွာသားပဲ ဖြစ်ရမည်။ ကျနော် ပိုပြီးလုံခြုံသည့် ချုံအကွယ်သို့ နေရာရွေးလိုက်သည်။ ထိုအချိန်တွင် ဓာတ်မီးတလက်သည် ဝှေ့ပြီး ကျနော့်ကို တွေ့သွားသည်။

သေနတ်မပါဟု ကျနော် ထင်ရသူမှာ သူ၏ပုခုံးပေါ်တွင် ကာဘိုင်သေနတ်ကို ထမ်းပြီးကိုင်လာခြင်းဖြစ်သည်။ ကျနော်နှင့် အနီးဆုံးပင်။ သူက ကာဘိုင်နှင့် ကျနော့်ခေါင်းကို ထိုးချိန်လိုက်သည်။

“ဟေ့ကောင် မလှုပ်နဲ့၊ ဓားချ၊ ဓားချ”

ပါးစပ်က ပြောပါသည်။

ဘေးမှ စစ်သားတယောက်က ဂျီသရီးနှင့် ကျနော့်ကို တအားလွဲရိုက်လိုက်သည်။ စစ်သားများ ဝိုင်းလာသည်။ ကျနော့်ကို လက်ပြန်ကြိုး တုပ်၊ သေနတ် တွင်တွင် တောင်းပြီး သေနတ်ဒင်နှင့် ဝိုင်းဆောင့်ကြပါသည်။ ၎င်းတို့ပါးစပ်က …

“ဒီကောင် ပြည်ပြေးအဖွဲ့ကပဲ၊ သေနတ် ဘယ်မှာဖွက်ထားလဲ”

တွင်တွင်မေးပြီး ရိုက်တော့သည်။ ကျနော်က သေနတ်မရှိကြောင်း၊ ပြည်ပြေး မဟုတ်ကြောင်း ပြောပြသည်။

ထိုစစ်သားများ က ကျနော့်ကို ရွာလယ်သို့ ပြန်ခေါ်လာပါသည်။ ဘုန်းကြီးကျောင်း အရောက်တွင် ကျောင်းအောက်သို့ခေါ်သွားပြီး ဝိုင်းကန် ဝိုင်းရိုက်ကြသည်။ ကျနော့်ခြေသလုံးကို ၂ လက်မ မော်တာပြောင်းနှင့် လှိမ့်ပါသည်။ သုံးရစ်နှင့် တပ်ကြပ်ကြီးတယောက်က ကျနော့်လည်ပင်းကို တက်နင်းသည်။ ကျနော် အသက်ရှူ မရတော့ပါ။ သူ့ခြေတောက်ကို ကျနော် လက်မောင်းနှင့်ရိုက်ချ လိုက်သည်။

“ခင်ဗျားတို့ ကျနော်တို့ ဒီလိုမရိုက်နဲ့”

“ကျနော် ကောင်းကောင်းပြောမယ်၊ ခင်ဗျားတို့ဗိုလ်ကို မှာပေးပါ”

ခဏအကြာတွင် ဗိုလ်ဆိုသူက ဆင်းလာပါသည်။ ၎င်းမှာ ချင်းလူမျိုးဖြစ်သည်။ အရင်က နာမည်မှတ်ထားသည်။ ယခုတော့ မမှတ်မိတော့ပါ။ တပ်ခွဲမှူး ဖြစ်သည်။ ၎င်းစစ်ဗိုလ်က …

“မင်း ဘာပြောချင်သလဲ”

“ကျနော် သူပုန် မဟုတ်ဘူး၊ သေနတ်လည်း မရှိဘူး၊ ကျနော်ဟာ ကျောင်းသားပဲ၊ နိုင်ငံရေးအကျဉ်းသားတယောက် ဖြစ်တယ်။ အခု ကိုကိုးကျွန်းကထွက်ပြေးလာ တာ”

ဖထီးမန်းအောင်ကြည်က ပြောထားပါသည်။ ရန်သူပြန်မိရင် ကျွန်းကထွက်ပြေး လာတဲ့အကြောင်း အမှန်အတိုင်း ပြောလိုက်၊ သတ်ပစ်ရင်လည်း ရင်ကော့ပေးလိုက်၊ ဘယ်တော့မှာ ရန်သူကို မတောင်းပန်နဲ့။ သူက ဒီစကား အထပ်ထပ်ပြောခဲ့သည်။

၎င်းစစ်ဗိုလ်က …

“ကြေးနန်းရိုက်ကြည့်လို့မဟုတ်ရင် မင်းကို ဘယ်လိုလုပ်ရမလဲ”

“ခင်ဗျားတို့လက်ထဲမှာပဲ ခင်ဗျားတို့လုပ်ချင်သလို လုပ်ပေါ့”

“ဟ … ဒီကောင်စကားပြောတာ သိပ်မာတယ်ကွ၊ ဒီကောင် သူပုန်ပဲဖြစ်ရမယ်”

သူက ပြောပြီး…

“ကင်း ၃ ထပ်ချစမ်း၊ သေသေချာချာ စောင့်”

ဆက်လက်ဖော်ပြပါမည်။


ဖွဲ့လည်း ဖွဲ့နိုင်ကြပါတယ် … (ကာတွန်း စောငို)

Thursday, September 2, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန် (၂)

အပိုင်း (၂)

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုရှေး မသိနိုင်ခဲ့တဲ့ ၁၉၈၀ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၂ ပိုင်း ပါပါတယ်။ ၁၉၈၁ ကနေ ၁၉၉၀ အထိက အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ၊ အဲဒီကာလကို စစ်အစိုးရပဲ လုံးဝ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်း အရပ်သားအစိုးရ ဖြစ်လာမယ်၊ ဖြစ်လာရင်သုံးဖို့ ဖွဲ့စည်းပုံက တခုပါ။

အဲဒီမှာ ထောက်ပြဝေဖန်စရာတွေကလည်း အများကြီးပါ။ တချို့ကို ကောက်နုတ်ပြရရင်တော့ လွှတ်တော် ၂ ရပ် ရှိတဲ့အထဲ အထက်လွှတ်တော်မှာ ရွေးကောက်ခံ အထက်လွှတ်တော်အမတ်က ၂၆ ယောက်ရှိမယ်၊ နောက်ထပ် ၉ ယောက်ကို ထပ်ထည့်ပါတယ်။

အဲဒါတွေ အားလုံးက ရွေးခန့်ပါ။ အဲဒီ ရွေးခန့်တွေထဲမှာ စစ်တပ်က ကြည်း၊ ရေ၊ လေ ဦးစီးချုပ်တွေ ရဲချုပ်တွေ ပါသလို တခြားအရပ်သားတွေကလည်း အစိုးရခန့် ပုဂ္ဂိုလ်တွေပါ။ အရေးကြီးတဲ့ ဥပဒေတခုကိုပြဋ္ဌာန်းဖို့ဆိုရင် အထက်လွှတ်တော်က မဲ ၄ ပုံ၊ ၃ ပုံလိုပါတယ်။

အခုရွေးခန့်ထားတဲ့လူတွေက မဲ ၄ ပုံ တပုံကျော်တာဆိုတော့ သူတို့ထဲက တယောက် သဘောမတူဘဲနဲ့ ဘာမှလုပ်လို့မရပါဘူး။ ဒါကတခု။ နောက် စစ်တပ် ခေါင်းဆောင်တွေဘက်ကို အာဏာ အကြီးအကျယ်ပေးထားတဲ့ အမျိုးသား လုံခြုံရေးကောင်စီဆိုတဲ့ ကိစ္စပါ။ အဲဒီကောင်စီမှာ သမ္မတက အကြီးအကဲ ဖြစ်တယ်။

အဲဒီမှာလည်း စစ်တပ်နဲ့ ရဲဘက်က အများစုပါ။ ဒါကြောင့်မို့လို့လည်း ချီလီက ဥပဒေပညာရှင် မစ္စတာ လူ့ကပ်စ်စီရာဒါက အခုလို မှတ်ချက်ပေးပါတယ်။

“သူတို့ကို သူတို့ကာကွယ်ထားတာရယ်၊ သူတို့ချမှတ်ထားတဲ့ နိုင်ငံရေးပုံစံ စနစ်တွေကို ရေရှည်ခိုင်မြဲအောင်ရယ်၊ နောက်တခါ နိုင်ငံ့အာဏာ ကိုလည်း သူတို့လက်ထဲမှာပဲ ရေရှည်ကိုင်ထားနိုင်အောင်ရယ်၊ ဒါတွေကိုလုပ်တဲ့ ရည်ရွယ်ချက်ပါပဲ။ အဲဒီဖွဲ့စည်းပုံအခြေခံကို ပြင်ရန် အင်မတန် ခက်အောင်လည်း လုပ်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံလို့တောင် မဆိုနိုင်ပါဘူးဗျ။ အမိန့်ပြန်တမ်း ထုတ်သလိုပါပဲ”

တဖက်မှာလည်း ချီလီမှာ အဲဒီကာလအတွင်းမှာပဲ ဒီမိုကရေစီတံခါးကို ကြိုးစားဖွင့်နေကြသူတွေရဲ့ အားထုတ်ချက်တွေကလည်း ရှိနေပါတယ်။ မစ္စတာ ရိုလီကိုဒီကတ်စရိုက ...

“တဖြည်းဖြည်းခြင်း နည်းနည်းခြင်းက စပြီးတော့ မဂ္ဂဇင်းတွေ ပြန်ထွက်လာပါ တယ်။ အပတ်စဉ် စာစောင်တွေ၊ ဂျာနယ်တွေလည်း ထွက်လာတယ်။ ကက်သလစ် ခရစ်ယာန်အဖွဲ့တွေကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တာ တွေရေးကြတယ်။ မဂ္ဂဇင်းတွေက ပထမပိုင်းတော့ အားပျော့ပျော့ပါပဲ။

ဆင်ဆာဘုတ်အဖွဲ့ကလည်း သူတို့မကြိုက်တာတွေဆို ပယ်တယ်။ တဖြည်းဖြည်းနဲ့ အစိုးရကို ဝေဖန်တာတွေ၊ တရားမျှတမှုဆိုင်ရာအကြောင်းတွေ၊ လူ့အခွင့်အရေး အကြောင်းတွေကို ရေးလာနေကြပါပြီ။ ဒါတွေက ၁၉၇၀ နှစ်တွေရဲ့ အနှောင်းပိုင်း ကာလတွေကတည်းကပါ။ ၁၉၈၀ နှစ်တွေပိုင်းရောက်လာတော့ အတော်ကို အားကောင်းလာနေတာကို တွေ့ရပါတယ်”


၁၉၈၂၊ ၁၉၈၃ မှာ ချီလီကို ရိုက်ခတ်လာတဲ့ ကမ္ဘာ့စည်းပွားရေးကျဆင်းမှုဒဏ် ကလည်း ချီလီစစ်အစိုးရအပေါ်မှာ လူမှုရေးဆိုင်ရာဘက်က လာတဲ့ ဖိအားတွေဖြစ်စေတဲ့အကြောင်း သူက အခုလို ဆိုပါတယ်။

“၁၉၈၂၊ ၈၃ မှာ တကမ္ဘာလုံးမှာလည်း စီးပွားရေးက အကျပ်အတည်းဆိုက်ခဲ့ သလိုပဲ ချီလီမှာလည်း ပြဿနာတွေ တက်ခဲ့တယ်။ ဘဏ်တွေပြိုလဲကုန်လို့ အစိုးရက ငွေ အကြီးအကျယ် ထောက်ပံ့ရတယ်။ အလုပ်သမားတွေ အလုပ်လက်မဲ့ နှုန်းက ၃၀၊ ၄၀ % အထိ ဖြစ်လာတယ်။ ဒီလို လူမှုရေးအရ ဖိအားတွေကြောင့် လူတွေ သိန်းနဲ့ချီပြီး လမ်းပေါ်တက် ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပါတယ်”

ဒီလိုနဲ့ တက်လာတဲ့ စစ်အစိုးရဆန့်ကျင်ရေး အရှိန်အဟုန်တွေအကြောင်းကို ဒေါက်တာ မာဆီးလာ ရီးရို့စ်က ၁၉၈၃ နဲ့ ၁၉၈၆ ကြားအခြေအနေတွေနဲ့အတူ အခုလို ပြောပြပါတယ်။

“အဲဒီ ၃ နှစ်ကာလအတွင်းမှာတော့ လူထုအကြား နိုင်ငံရေးနိုးကြားအောင် လှုံ့ဆော်နိုင်မှုတွေက အားကောင်းလာနေပါပြီ။ နိုင်ငံရေးအဖွဲ့အစည်းတွေ ကြားမှာလည်း ခရစ်ယာန် ဒီမိုကရက်ပါတီတွေကနေ လက်ဝဲပါတီတွေအထိ မဟာမိတ်လုပ်တဲ့ ပေါင်းစည်းမှုတွေရှိလာပါပြီ။ သူတို့နဲ့အတူ အလုပ်သမားသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေ အမျိုးသမီးအဖွဲ့တွေပါ ကျယ်ပြန့်တဲ့ စုစည်းမှုတွေရှိလာနေပါပြီ။

ဒါ့အပြင် Radical ကျတဲ့ သဘောထားပြင်းထန်တဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ၁၉၈၆ နှစ်မှာဖြစ်ခဲ့တဲ့ ပီနိုရှေးကိုလုပ်ကြံဖို့အတွက် ကွန်မြူနစ်အဖွဲ့ခွဲလေးတခုက ကြိုးစားမှုပါ။ ပီနိုရှေးက တနေရာအသွား သူ့ယာဉ်တန်းကို တိုက်ခိုက်လုပ်ကြံခဲ့တာပါ။ သူ့ယာဉ်တန်းမှာ ကား ၄ စီးပါပါတယ်။ ကြံရွယ်သူတွေက ကား ၂ စီးကို သိမ်းနိုင်ခဲ့ပါတယ်။ ပီနိုရှေးပါတဲ့ကားနဲ့ တခြားကားတစီးကတော့ လွတ်မြောက်သွားခဲ့ပါတယ်”


ဆက်လက်ဖော်ပြပါမယ်။


Wednesday, September 1, 2010

ထပ်ကိန်းငင် ဝေဒနာ

(၁)

စိတ်၏ တုန်လှုပ်သံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ ကိုယ်ခန္ဓာသည်လည်း တည်ရာမရချင်။ ပဲ့တင်ထပ်ဆဲ သမားတော်ကြီး၏ စကားတို့ကား နားထဲမှ မောင်းနှင် ထုတ်၍မရ။ အခန်းနံပါတ် … သို့ လှမ်းရန် ခြေလှမ်းတို့မှာလည်း ထူးခတ်ခံထားရသည်သို့ ဧည့်များနားနေရန် ခင်းထားသော ပလတ်စတစ်ခုံပြားများတွင် ထိုင်ချလိုက်ရင်း မိန်းမောနေမိသည်။

ညိုလဲ့ … ညိုလဲ့ ။

ဟုတ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါ့မလား။ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေမိသည်။ ညိုလဲ့ … ညိုလဲ့နဲ့ ဒီရောဂါ။ မဖြစ်နိုင်လောက် ပါဘူး။ တခုခုမှား၊ အင်း … အားမဲ့သော အငြင်းဝါကျတို့သည်လည်း သက်တမ်းမရှည်။ အထူးကုကြီးတွေပဲလေ။ မသေချာဘဲနဲ့တော့ ဟူး … ဘုရား … ဘုရား။ ဒါဆို … ဒါဆို သူ … သူတို့ကို ဘယ်လို ... ပြောရပါ့။

ရန်ကုန်မြို့တော်ကြီးနှင့် မလှမ်းမကမ်း တွံတေးမြို့နယ်တွင်းက ရွာလေးတရွာ။ တောကြီးတန်းမှ စီးဆင်းလာသော မိုးရေနှင့် ရန်ကုန်မြစ်ဘက်မှ တက်လာတတ်သော ဒီရေတို့ အကြားဝယ် တည်နေသောကြောင့် စိုက်ရေးပျိုးရေး ခက်ခဲလှသည့် ရေနက်ကွင်း ရွာကလေး။ မိုးရေနှင့် ဆားငံရည်တို့ တလှည့်စီ ကလူနှိပ်စက်မှုကို အံတုရင်း လုပ်ကိုင်စားရသော ထိုရွာလေးတွင် ညိုလဲ့ ဘဝစခဲ့လေသည်။ အင်း .. ကိုယ်တိုင်လည်း ဒီလိုပဲ စခဲ့ရတာပါပဲလေ။ အစ်ကိုခမျာသာ ကျောင်းဆက်မတက်နိုင်ဘဲ သြော် … ခု သူ့သမီးလေးကျတော့လည်း ...။

မူလတန်းအောင်ပြီးကတည်းက ရွာရှိ ရှေးရှေ့က အစ်မများလို ပင်လယ်ထဲ ဆင်းခဲ့ရသူ။ လယ်နားချိန်များတွင် ရွာချောင်း ရိုးလေတလျှောက်ဝယ် ငါးရှာ၊ ဖားရှာရင်း အပျိုဖော်ဝင်ခဲ့ရသည်လေ။ လယ်သူရင်းငှား မိသားစုက ပေါက်ဖွားသည့် သားသမီး ငါးယောက်တွင် ညိုလဲ့က အကြီးဆုံး။

ဆယ့်ကိုးနှစ် ပြည့်သည့်နှစ်မှာတော့ ညိုလဲ့ဘဝ တဆစ်ပြောင်းခဲ့သည်။ ရွာ့ဝန်းကျင်ရှိ ရေနက်ကွင်းလယ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာက ငါးပုစွန် မွေးမြူရေး စခန်းများအဖြစ် ပြောင်းလဲလိုက်သောအခါ ထိုပြောင်းလဲမှုနှင့်အတူ ညိုလဲ့ဘဝကို ပြောင်းလဲစေသည့် အကြောင်းလည်း ပါလာခဲ့လေသည်။ ယန္တရားအဖွဲ့မှ မြေတူးစက်မောင်းသမားလေး ဖိုးသော်။

မိုးဆုတ်စ နေ့တနေ့တွင် သန်မာသော လုလင်နှင့် ပျိုရွယ်သော လုံမတို့၏ မင်္ဂလာပွဲတခုထက်ပိုသော အဓိပ္ပာယ်နှင့် ညိုလဲ့ရဲ့ လက်ထပ်ပွဲကို တက်ခဲ့ရသည်။ တရွာသား သတို့သားရဲ့ အသိုင်းအဝိုင်းဝယ် တူမငယ် မျက်နှာမငယ်ရေး ရန်ကုန်ဧည့် တဦးအနေဖြင့် ငါ့လက်ပေါ်မှာ ကြီးခဲ့တာဆိုသည့် သံယောဇဉ်ကလည်း တွန်းအားတခုပါပဲလေ။

ပကာသန သေးနုပ်ကလေးများဖြင့် မွမ်းမံထားသော ထိုမင်္ဂလာပွဲလေးသည် ရွှေရောင်၊ စိန်ရောင်တို့ဖြင့် မပြိုးပြက်သည့်တိုင် နှစ်ဖက်မျိုးဆွေတို့၏ အရယ်အပြုံးတို့ဖြင့် တောက်လက်ခဲ့သည်ကတော့ အမှန်ပင်။ ထိုအရယ်အပြုံးတို့ နောက်ဝယ် ဘယ်လိုမှ မမျှော်မှန်းနိုင်သော အရာသည် ဟူး ..။

ရုတ်ခြည်းထကာ ဆေးရုံရှေ့လမ်းမဆီ ထွက်လာလိုက်မိသည်။ ဟိုသည်ငေးရင်း ရပ်ကာ တွေဝေနေမိပြန်သည်။

“မင့်တူမ ဆေးကုချင်လို့ လာကြတာ။ အဲဒါ …”

တနေ့က ရောက်မဆိုက်ပြောလာသော အစ်ကိုတို့ ဇနီးမောင်နှံ၏စကားများ သာမန်အဖျားတခုဟု ထင်ခဲ့မိသည်။ ခုတော့မူ ... ။

“ခင်ဗျားနဲ့ ဘာတော်သလဲ”

စသည့် ဆရာဝန်ကြီး၏ စကားတို့သည် ပဲ့တင်ထပ်လာပြန်သည်။ လေးဖင့်စွာ ခြေဦးကို ပြန်လှည့်ခဲ့မိ သည်။ ပုဂ္ဂလိက ဆေးရုံဟောင်းကြီးတခု၏ အနိမ့်ဆုံးကြေးနှုန်းဖြင့် တက်ရောက်ကုသနိုင်သည့် အခန်းငယ်လေးများရှိရာ နောက်ဘက်ဆီသို့ ... ။

(၂)

အခန်းနံပါတ် ... ၏ ရှေ့အရောက်တွင်တော့ တံခါးကို ကိုင်ကာ ငိုင်နေမိပြန်သည်။ ဆွေထဲမျိုးထဲတွင် နောက်ပြီး ခမျာလေးမှာ ... မှ .. ဟူး ... ။

ဘာက ဘယ်လို စပြောရပါ့ဟု အတန်ကြာအောင် တွေနေမိသည်။ အခန်းတွင်းမှ စကားပြောသံနှင့် ခွက်ယောက် ရွှေ့သံ တချက်ကြားလိုက်ရမှ သတိဝင်ကာ တံခါးကို အသာတွန်း၍ ဝင်လိုက်သည်။ ထမင်းစားဖို့ ပြင်နေကြသော အစ်ကိုတို့ လင်မယားနှင့် ဒေါ်လေးစောတို့၏ လှမ်းအကြည့်များနှင့် ဆုံရသည်။ ခုတင်ပေါ်မှာတော့ ပက်လက်ကလေး လဲလျောင်းနေသော အရိုးပေါ်အရေတင် ဖြစ်ရလေ ...။

“အမေတို့ လိုက်ခဲ့ပါ၊ သမီးဖျားနေတာ ကြာပြီ။ ကျောက်တန်းဆေးရုံမှာ တက်တာလည်း မသက်သာဘူး။ အဖျားက မကျဘူး။ ညနေဆို ပုံမုန်တက်တယ်လို့ လူကြုံမှာလို့ လိုက်သွားကြတာ။ ဟိုလည်းရောက်ရော ခုလိုပုံ တွေ့ရတာပါပဲတော်” ဆိုသည့် ညိုလဲ့အမေ၏ မချိတင်ကဲသံကို ပြန်ကြားယောင်သည်။ ဟုတ်ပေမည်။ ရှေးနှင့်အကွာကြီးခြားနေသော သမီး၏ အသွင်သည် မြင်ရသူ မိဘတို့ရင်အား ...။

တရာ့နှစ်က မကျသော အဖျားနှင့်ပင် ဆေးရုံကဆင်းခဲ့ပြီး ကွင်းထဲက လယ်တဲလေးထဲမှာ နို့စို့ နို့ညှာသား နှစ်ယောက်နှင့် အဖျားတက်နေခဲ့သည် တဲ့။ သူ့ခင်ပွန်း ဖိုးသော်က ယန္တရားတွေ ရွှေ့ရာလိုက်ပါနေရသည် တဲ့။ လစာထုတ်မှ ပြန်လာရသတဲ့။

“ဟော .. ငါ့ညီ ဆရာဝန်ကြီးနဲ့ တွေ့ခဲ့လား”

“တွေ့ခဲ့တယ် အစ်ကို”

“ဘာရောဂါတဲ့လဲ”

ဖြေရန် အသင့်မပြင်နိုင်ခဲ့တာကို နောင်တရသည်။ ကြားသူအတွက် အလင်္ကာမြောက်စေမည့် မုသားတို့ကို အပြေးအလွှား ရှာဖွေနေမိသည်။ ထွက်လုလု ပင့်သက်ကို ကျိတ်မျိုလိုက်ရင်း ...

“အစာအာဟာရ ကောင်းကောင်းစားပြီး နားနားနေနေ နေရမယ်တဲ့။ တဖြည်းဖြည်း ကောင်းသွားမှာပါတဲ့”

အမေးနှင့် မစပ်သော အဖြေကြောင့် ရိပ်မိများသွားကြလေမလား။ မရိပ်မိကြပါစေနဲ့၊ မရိပ်မိကြပါစေနဲ့၊ အထူးသဖြင့် ...။

“ဟုတ်တယ်၊ ဦးဦးရဲ့။ ညိုလဲ့ ထမင်းမစားနိုင်တာ ကြာပြီ။ ရွာပြန်ရောက်မှ ငါးပိရည်ကို ငရုတ်သီးမှုန့်များများနဲ့ စားလိုက်ဦးမယ် နော် … အမေ”

ခုတင်ပေါ်မှ လှမ်းပြောလိုက်သော ညိုလဲ့၏အသံ ယဲ့ယဲ့ကြောင့် အာရုံပြောင်းသွားကြသည်ထင့်။ မေးခွန်းတွေ မဆင့်လာတော့။

“စားရမှာပေါ့ သမီးရယ်။ ငါးပိရည် ကြာရိုးဟင်းခါးပါ အမေ ချက်ကျွေးမယ် သိလား”

သြော် .. အားရှိတဲ့ အစားအစာ ငါးပိရည်နဲ့ ကြာရိုးဟင်းခါး၊ ငါးပိရည် ကြာရိုး … ဟင်း ...။

(၃)

သူတို့နားနှင့် စိမ်းနေနိုင်သည့် အင်္ဂလိပ်အက္ခရာလေးလုံးကို ရွတ်ကာ ညိုလဲ့၏ ရောဂါကို တီးတိုးပြောပြလိုက်တော့ အစ်ကိုမှလွဲ၍ ကျန်သူများက ဘာသိဘာသာပင်။ ထိုရောဂါသည် သူတိှု့နှင့် ရင်းနှီးနေသော အခြားဖျားနာများလိုပင် ဆေးရုံကဆင်းသည်နှင့် ပျောက်ကင်းသွားမည့်ရောဂါဟု ထင်နေကြဟန်။ အစ်ကိုကမူ …

“ဘာ .. ဘယ်လို သမီးရောဂါက ဟို .. အိပ်ရောဂါ ဆိုတာလား၊ ဟုတ်လား”

“......”

“မဖြစ်နိုင်တာကွာ။ မင်းအသိပဲ မောင်ဆွေ။ ငါ့သမီး မင်းတူမဟာ ဘယ်လောက် ရိုးသားတယ်ဆိုတာ။ ဒီလို လူမျိုးကို ...”

ပေါက်ကွဲသွားသော အစ်ကို၏ စောဒကသံကြောင့် ကျန်သူများပါ အလန့်တကြားဖြစ်သွားကြသည်။ အထိတ်တလန့်နှင့် စူးစမ်းကြည့် ကြည့်လာကြသည်။ ရှင်းပြနိုင်ဖို့ ထိုရောဂါနှင့် စပ်သည့် ဗဟုသုတ အတိုအထွာလေးများကိုပြန်လည် စဉ်းစားစစ်ထုတ်နေမိသည်။

“ကြံကြီးစည်ရာကွာ၊ မဟုတ်တရုတ် အသက်မွေးသူတွေမှာ ဖြစ်တဲ့ ဒီရောဂါက ရိုးရိုးအအ တောသူကို လာဖြစ်ရတယ်လို့ မဖြစ်နိုင်တာ”

အဲဒီ ရိုးအမှုတံခါးကလည်း ဝင်လာနိုင်တာပဲ အစ်ကိုဟု ပြောမိအံ့ဆဲဆဲတွင်နှုတ်ကို ချုပ်တည်းရသည်။ ဆရာဝန်ကြီး ပြောလိုက်သလို ဒါမျိုးဆိုတာ ဆေးထိုးအပ်တို့၊ သွေးသွင်းတာတို့၊ နောက်ပြီး ဟို … ဟူး .. ငါ … ငါ … ဘယ်လိုပြောရပါ့။

“ဟဲ့ .. မိအေးရီ၊ နင့်သမီးက ဟိုရောဂါတဲ့။ ဆေးမရှိတဲ့ ရောဂါတဲ့။ ဆေးမရှိတဲ့ ရောဂါ” တဲ့။

အခန်းတွင်းက ညိုလဲ့ကြားမှာ စိုးရိမ်မိသည်။ ပျာပျာသလဲ အစ်ကို၏ ပခုံးကိုဆုပ်ကာ သတိပေးမိသည်။ သူ့ဇနီးက မျက်တောင်ပုတ်ခတ်နှင့် ကြည့်နေသလို အဒေါ်လေးစောမှာလည်း ပါးစပ်အဟောင်းသားနှင့်ပင်၊ အစ်ကို၏ ကြေကွဲမှုသည်သူတို့ကို ကူးစက်ခဲ့လေပြီ။ ဆိုးဝါးသော ရောဂါနှင့် သမီးငယ်၏ နွယ်ဆက်မှုကို နားမလည်နိုင်ကြဟန်၊ လက်မခံလိုကြ ဟန်ပင်၊ ဟုတ်မှာပဲ။ သူတို့မပြောနှင့် ကြားစက ကိုယ်တောင် ...။

“ဒါမျိုးဆိုတာ အစ်ကို၊ မူးယစ်ဆေးသုံးတာတို့၊ ဟိုရောဂါရှိတဲ့သူနဲ့ ဟို … ဟို …”

စကားသည် ဆုံးခွင့်မရလိုက်။ ဧည့်သည်တသိုက် ရောက်လာကြသည်။

“ဟော .. မောင်သော်တို့ ရောက်လာကြပြီ”

မအေးရီ ဆီးကြိုနှုတ်ဆက်လိုက်မှ ညိုလဲ့ဆီလာကြသူများဟု သိလိုက်ရသည်။ ဟုတ်တာပေါ့။ ဒါ ညိုလဲ့ ယောက်ျားလေးပဲ။ အင်း … ဒီကောင်လေးကများ။ အို … မဟုတ်နိုင်ပါဘူး။ အင်း … မဟုတ်ပါစေနဲ့၊ မဟုတ် … ပါစေ ...။

“မနေ့ကတည်းက လာကြမလို့။ သမီးကို စောင့်နေရတာနဲ့။ ဒီနေ့မှ လာနိုင်တာ”

သူက ညိုလဲ့ ယောက္ခမကြီးပဲ။ ဟိုကလေးမက သူ့သမီး ထင်ရဲ့။ မြို့ရည် မြိုသွေးနဲ့ ဆိုတော့ … ကျောင်းသူ ... ။

“ကျုပ်ချွေးမလေး ဘယ့်နှယ့်နေသေးလဲ။ သက်သာရဲ့လားဟင်”

စဉ်းငယ် ကြာသည့်တိုင် အဖြေက မထွက်လာ။ ညိုလဲ့ယောက်ျားကတော့ သိလိုစောရှာထင့်။ အခန်းကို မေးကာ ဇနီးထံ ထွက်သွားတော့သည်။ ဒေါ်လေးစောက ထလိုက်သွားသည်။ စကားဆိတ်နေရာမှ ...

“ဆရာဝန်က ဘာတဲ့လဲ။ ဘယ်နေ့ဆင်းရမတဲ့လဲ ဟင်”

မည်သူ့ထံကမှ အဖြေမပေါ်ပြန်။ အဆင်ပြေဆုံး အဖြေကို စဉ်းစားနေစဉ် ...

“ဒီနေ့ပဲ ဆင်းရမယ်တဲ့။ ဆေးရုံမှာနေလည်း မထူးဘူးတဲ့။ ကျုပ်သမီးရောဂါက ဆေးမရှိတဲ့ ရောဂါတဲ့ဗျ”

မချိတင်ကဲ ဝင်ပြောလိုက်သော အစ်ကို၏ အဖြေကြောင့် ကြက်သေသေသွားကာ ...

“ဟောတော်၊ ဒါဆို ဟို ဟို ... ကူးစက်တတ်တဲ့ ရောဂါဆိုတာများလား၊ ဘုရား .. ဘုရား .. ဘယ်ကများ .. ကူး”

“ဘယ်က ကူးရမှာလဲ၊ ခင်ဗျားသားက နေမှာပေါ့ ဟင်း ..”

“အလိုတော်၊ ကျုပ်တို့သားက လူကောင်း ...”

“သြ ..ကျုပ်တို့ သမီးကတော့ မကောင်းဘူးပေါ့လေ။ တောက် … ဒီမယ် ဒေါ်သန်း”

သမီးဇောနှင့် ကြိတ်မနိုင်ခဲမရ ဖြစ်နေရှာသော အစ်ကို့ပခုံးအား ဖျစ်ကာ သတိပေးရပြန်သည်။ ဒေါ်သန်းကိုလည်း သူ့သမီးက တီးတိုးပြောပြနေသည်။ ကြားဝင်၍ ...

“ဒီရောဂါဆိုတာ မူးယစ်ဆေးတို့၊ ဆေးထိုးအပ်တို့၊ ရောဂါရှိသူရဲ့ သွေးကို သွင်းမိတာတို့ကနေ ကူးစက်တတ်သလို ဟို .. လိင် .. ကဲ .. ဟို လင်မယားဆက်ဆံရာကလည်း တဦးမှာရှိရင် တဦးကို ကူးနိုင်တယ်တဲ့။ ဘာပဲဖြစ်ဖြစ်လေ ဒီအချိန်မှာ သူ့ကြောင့် ၊ ငါ့ကြောင့် အငြင်းပွားနေရမယ့်အချိန် မဟုတ်တော့ပါဘူး။ ညိုလဲ့ကိုသာ …”

ညိုလဲ့ ယောက်မလေးက မျက်လွှာချနေပြီး အအေဖြစ်သူကတော့ မျက်လုံးအဝိုင်းသားနှင့် လှမ်းကြည့်နေသည်။ စကားတခုကို အမှတ်ရလာ၍ ...

“အဲ .. အစ်မကြီးသားကိုလည်း ဆေးစစ်ကြည့်သင့်တယ်။ ဆရာဝန်ကြီးကလည်း ရောက်ရင် ဆေးလာစစ်ပါတဲ့”

“ဆေးစစ်ဖို့ မလိုတော့ပါဘူး ဦး ...၊ မနှစ်နွေက အစ်ကို ရေယုန်တွေပေါက်ပြီး နေမကောင်းဖြစ်လို့ ကျွန်မလုပ်တဲ့ ဆေးခန်းကိုလာပြတော့ ဆရာဝန်က အစ်ကို့မှာ ပိုး …”

သူငယ်မ၏ စကားသည် တိုးတိမ်သွားပေမင့် ညိုလဲ့ထံ ရောဂါလာရောက်ရာ လမ်းကြောင်းကမူ ...။

(၄)

ထိုညနေမှာတော့ ညိုလဲ့ကို ရွာသို့ပြန်ခေါ်သွားကြသည်။ ရွာကို အားမွေးရအောင် ခဏသွားအနားယူမှာဟု လီဆယ်ကြရသည်လေ။ သူ့ယောက်ျား ဖိုးသော်ကတော့ ကျောက်တန်း ခဏပြန်မည် တဲ့။ တနေ့ သုံးထောင်ဆိုသည့် ဆေးရုံစရိတ်ကို လေးရက်စာ ရှင်းပေးလိုက်သည်။ လိုအပ်သော ဆေးဝါးနှင့် စားစရာ သင့်နိုးရာရာ ဝယ်ပေးလိုက်နိုင်ပေမင့် ရင်ထဲမူ အင်း .. ခမျာလေး ဒါ .. နောက်ဆုံး .. ခရီး ဟူး ...။

အရောင်းအဝယ်တွေက တဖက်နှင့်မို့ ရွာသို့ရောက်အောင်မူ လိုက်မပို့နိုင်ခဲ့။ အရေးရှိလျှင်မှာဖို့ အစ်ကို့ကို အားပေးလိုက်ရင်း ညို့လဲ့သတင်းကို နားစွင့်နေမိသည်။ မျှော်သော သတင်းသည် ထင်သည်ထက် စောစွာ ရောက်လာခဲ့လေသည်။ လေးရက်မြောက်နေ့တွင် ညိုလဲ့ မသက်သာ။ နေ့လား၊ ညလား ရောဂါသည်းနေပြီ။ မင်းကိုလည်း မေးနေသည်ဆိုသော သတင်းစကားသည် အစ်ကို အခေါ်လွှတ်သူနှင့် အတူရောက်လာ၍ ရွာသို့ ဆင်းခဲ့ရလေသည်။ အရက်လေး ထွေထွေနှင့် သမီးအကြောင်းကို တသသ ပြောနေသော အစ်ကို့ကို ရွာအဝင် ကြီးတော်ရီတို့အိမ်မှာပင် အသင့်တွေ့ရသည်။

“ငါ့ညီ၊ မင်းရောက်လာပြီ။ မင်းလာတာ ကျေးဇူးတင်တယ်။ ဒါပေမယ့် မင်းလည်း မင်းတူမကို မကယ်နိုင်ဘူး .. အေ့”

စိတ်ကို ထိန်းဖို့ နှစ်သိမ့်စကားအချို့ပြောကာ နှုတ်ဆက်ရှာသူတွေကို တုံ့ပြန်နှုတ်ဆက်ပြီး ရွာလယ်ချောင်းနံဘေး လမ်းလေး အတိုင်း ဝင်ခဲ့သည်။ ချောင်းလေး တဖက်တချက် စီရီနေသော ဝါးနှင့်ပြီးသည့် အိမ်လေးများထဲမှ အိမ်လေးတလုံးအတွင်း ဝင်လိုက်တော့ တွေ့ရသည်က ညိုလဲ့နှင့် အရင်းအဖျား ဆွေမျိုး မိန်းမကြီးငယ်တချို့။ သူတို့ထဲမှ ညိုလဲ့အမေ မအေးရီက ..

“ဟော ... မောင်ဆွေမြင့်”

ထို နှုတ်ဆက်သံကြောင့် ပက်လက်ကလေး မှိန်းနေသော ညိုလဲ့မျက်လုံးလေးများ ပွင့်လက်လာသည်။
“ဦး ... ရောက်လာပြီလား။ သားကြီးနဲ့ သူ့အဖေကော မပါလာဘူးလား”

တိုးသဲ့မေးသံကို ဘာဖြေရမှန်းမသိ။ မျက်လုံးဝေ့ကြည့်မိသောအခါ ဖြေသားရနေဟန်တူသော တယောက်က
“လာတော့မယ် တူမရဲ့၊ သွားခေါ်နေပြီ” ဟု ဝင်ဖြေလိုက်မှ “သြော်” ဟု တိုးသဲ့သံပြုရင်း ပြန်မှိန်းသွားပြန်သည်။
လွန်ခဲ့သော သုံးလေးနှစ်ခန့်က ညိုလဲ့သည် ယခု ညိုလဲ့ မဟုတ်တော့ပြီ။ ကြုံလှီသေးကွေးသော ကိုယ်နှင့် ပြာနှမ်းနှမ်း အသားအရေတို့သည် ...။

“သားကြီး ရောက်မလာသေးဘူးလား အမေ”

“ရောက်တော့မယ် သမီးရဲ့”

မနေ့ကတည်းက ညိုလဲ့ ယောက်ျားနှင့် နှစ်ခါလည်ရွယ် သူ့သားကြီးကို အခေါ်လွှတ်ထားသည်တဲ့။ ကျောက်တန်း ပါဒကြီး နှင့် တွံတေးသည် ပြောပလောက်အောင် ခရီးမကွာလှမ်း။ သို့သော် ဖိုးသော်တို့ကို နှောင့်နှေးစေသော အကြောင်းများသည် တခုမဟုတ်၊ တခု .. ဟူး .. ဆေးရုံကဆင်းတဲ့နေ့ကတည်းက တပါတည်းလိုက်ခဲ့ဖို့ ကောင်းတာ။ ဒီကောင့်နှယ် ...။

“အမေ လာကြပြီလား”

“လာနေပါပြီ သမီးရဲ့”

ဝင်သက်ကို ခက်ခဲစွာရှူရင်း ဖွဖွမေးနေသူကို မျက်ရည်ရွှဲနေသူတွေက ဟန်မပျက် ဖြေနေလေသည်။ အင်း ... သူ့သားကြီး ကို စောင့်နေရှာတာများလား။

“သား … သားလေးကော …”

“ဟိုမှာလေ သမီးရဲ့၊ သမီးအဖေ ထိန်းနေတယ်။ ကိုညိုရေ၊ ကလေးကို ခေါ်ခဲ့ပါဦး”

အစ်ကိုက သူ့မြေးလေးကို ပိုက်ချီလာကာ ညိုလဲ့ကိုပြတော့ မျက်နှာလေး သွေးရောင်လွှမ်းလာကာ မျက်လုံးလေးတွေ တောက်လာပြန်သည်။ မျက်ရည်တို့ စိမ့်ထွက်လျက်က ညိုလဲ့သားဆီ လက်ကမ်းသည်။ ကြည့်အားမရှိ၍ မြင်ကွင်းကို လွှဲရန် အသာထကာ ထွက်ခဲ့မိသည်။

“အမေ … သားကြီးတို့ မ …”

သဲ့သဲ့ ကြားလိုက်ရသော ထိုအမေးသည် ညိုလဲ့၏ နောက်ဆုံးမေးခွန်းဖြစ်ကြောင်း အဖြေက ...

“သမီး .. သမီး၊ အံမယ်လေး … ကယ်ကြပါဦး တော့်။ ကျွန်မသမီးလေး ရေတိမ်နစ်ပါပေါ့ .. အီး .. ဟီး ...”

ဝါးအိမ်ကလေးသည် ငိုသံတို့ဖြင့် သိမ့်သိမ့်ခါသွားသလားပင်။

(၅)

နောက်နေ့နံနက် စောစောတွင်မှ ညိုလဲ့ယောက်ျားနှင့် သားကြီးလေးတို့ ရောက်လာကြသည်။ ငွေလေးကြေးလေး ရှာဖွေနေရလို့ နောက်ကျခြင်းတဲ့။ ထိုအကြောင်းပြသည် ဆွေမျိုးတို့အား နှလုံးကြေကွဲမှုသာ ပို၍ဖြစ်စေပြန်သည်။ ငိုသံတွေ တကျော့ညံလာပြန်သည်။ သြော် … မပြည့်စုံခြင်းအနာဟာ တခြားဝေဒနာတွေကိုပါ ခံစားစေတဲ့ အရာပါလား။ ညိုလဲ့ကတော့ ဘာဝေဒနာမှ မခံစားရတော့ပြီ။

မောင်သော်သည်ရောက်သည်နှင့် ဇနီးအနားသွားကာ ငိုရှိုက်နေသည်။ သားကြီးလေးကတော့ အဒေါ်များ၏လက်ပေါ်မှာ သူ့မိခင်၏ ခရီးဆုံးကို သိရှာပုံမရ။ ဟူး … နှစ်ခါလည် ကျော်ကျော်ဆိုတော့လည်း သြော် ... ညိုလဲ့၊ တူမလေး သူ တဖွဖွမေးနေတဲ့ သား ရောက်လာတော့လည်း ခမျာ ...။

ချောင်းစပ်ဆီ ထွက်လာမိသည်။ အုန်းပင်တန်းမှာ ရပ်ရင်း အကြောင်းမဲ့ ဟိုသည်ငေးနေမိသည်။ ဖမျက်ဒူးဝန်း မြုပ်ခန့်ရေသည် လေးတွဲစွာ စီးဆင်းနေသည်။ သြော် ... လူတယောက်ရဲ့ ဘဝစီးဆင်းသွားပုံကဖြင့် မြန်ဆန်လှချည့်။

လွန်ခဲ့သော သုံးလေးနှစ်ခန့်က ရယ်မြူးနေခဲ့သော သတိုးသမီးလေးသည် ယခုမူ။ မနက်ဖြန်တွင် နိဂုံးတိုင်ပေတော့မည်။ နိဒါန်းနှင့် နိဂုံးသည် နီးကပ်လွန်းလှချည့်။ ထိုစဉ် အစ်ကိုသည် သူ့မြေးငယ်လေးကို ပိုက်ကာ တဖက်အိမ်မှကူးလာနေသည် ကိုတွေ့ရတော့ သြော် … ဥမမယ်ကလေး နို့မှ စို့ရရှာပါလေစ။ နို့ဘူးတို့ ဘာတို့မှ ရှိပါလေစ။ ဟူး … ဟော … ငိုရှာပြီ။ အင်း … သူကလေးရဲ့ နိဒါန်းကလည်း အား … ဒီခမျာလေးမှာကော ဖွဟဲ့ လွဲပါစေ။ ဖယ်ပါစေ ဘုရားသိကြားမလို့ လွဲပါစေ။ ကြည့်စမ်း၊ အပြစ်မဲ့တဲ့ရောက်သစ်စ ဘဝလေးကို စောင့်ကြိုနေတဲ့အရာက .. ဘုရား … ဘုရား ...။ မျက်စိကို မှိတ်ကာ အနားက အုန်းပင်ကို မှီလိုက်မိသည်။ ကိစ္စဝိစ္စတွေပြီးရင်တော့ ဆေးစစ်ပေး၊ ဟူး ...။

(၆)

မနက်ဖြန်တွင် ညိုလဲ့ကို သဂြုင်္ိဟ်တော့မည်။ ရွာမှာတော့ အပြင်းဖျားလို့ဆုံးတာဟု သတင်းထွက်သည်။ ဆွေရင်းမျိုးချာ တချို့သာ အမှန်ကို ရိပ်မိကြသည်။ ဒီရောဂါကို ရှက်စရာဟု ထင်၍လားမသိ။ ဖုံးကွယ်ထားလိုကြသည်။ ညိုလဲ့အမေ မအေးရီကဆို ခုထိလက်မခံ။ ပြောလာသူကို တွင်တွင်ငြင်းဆန်မြဲ။ မတတ်သာ။ တချိန်မှာတော့ ပြောပြရပေမည်။ အကူးစက်ရဲသော ထိုရောဂါသည် မသိနားမလည်ခြင်း တံခါးမှအလွယ် တကူဝင်ရောက်လာတတ်ကြောင်း။ ဒါကြောင့် ...။

အင်း ... အစ်ကိုတို့ မိသားစုကော ဆေးရုံကဆင်းတဲ့နေ့က ဆရာဝန်ကြီးမှာလိုက်တဲ့ ဆေးထိုးအပ်တို့ ဘာတို့ သီးသန့်သုံး ဆိုတာတွေ လိုက်နာကြရဲလား မသိဘူး။ သမီး သံယောဇဉ်နဲ့များ။ အို … အစ်ကို ဒါလောက် မအပါဘူးလေ။ ဟူး ... ။

အိပ်လို့မရသည့်အဆုံး ထထိုင်လိုက်မိသည်။ သိပ်သည်းသော အမှောင်ထုက ဝန်းကျင်မှာ ဘက်ထရီ မီးရောင်ဖြင့် လူတချို့ ကနားဖျင်းအောက်မှာ ဝိုင်းဖွဲ့နေကြသည်။ ပိုကာဆွဲနေကြသည်လား မသိ။ ထိုအနားတွင် ဖိုးသော်ကိုလည်း လှမ်းတွေ့ရသည်။ သူပါ ဝင်ကစားနေဟန်တော့ ဟုတ်ဟန်မတူ။ ဒီအချိန်တွင် သူ့မှာလည်း ...။
အင်း ... ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပျက်။ ခုရော မြေတူးစက်မောင်းသေးလား မသိ။ ကိုယ်ခန္ဓာကတော့ မကျသေးဘူး။ ဒါမျိုးဆိုတာ တဖြည်းဖြည်းမှ ... ဖြစ်မှ ဖြစ်ရပလေ။ အို … သနားစရာ မလိုပါဘူး။ သူမိုက်မဲလို့ အပြစ်မဲ့တဲ့ ငါတူမလေး ဟွန်း .. တကယ်ဆို ဒင်းသေရမှာ။

အေးလေ၊ ပညာကလည်း ကောင်းကောင်းမတတ်။ ဗဟုသုတကလည်း မရှိရှာဆိုတော့ ပြုမိကြမှာပဲလေ။ မျက်ကန်း တစ္ဆေ မကြောက်ဆိုသလို မသိတော့ မကြောက်။ မကြောက်တော့ မဆင်ခြင်၊ မဆင်ခြင်တော့ ဟူး ...။ နောက်ပြီး အလုပ်ကြမ်းသမားတွေဆိုတော့ ပင်ပန်းတာကို အကြောင်းပြုပြီး အရက်ကလေး သောက်ရလွယ်တာကို အကြောင်းပြုပြီး အပျော်လိုက်၊ လုပ်ဖော်ကိုင်ဖက်တွေကလည်း အရွယ်တွေက မတိမ်းမယိမ်း။ အသိကလည်း မယိမ်းမတိမ်းဆိုတော့ တဦးကို တဦး ထိန်းကွပ်ပေးနိုင်ကြမည်မဟုတ်။ အဲဒီအခါ ကာကွယ်ရအောင်မှန်း၊ ဆင်ခြင်ရကောင်းမှန်း သိကြမည်မထင်။ အို … ကာကွယ်ဖို့ အသာထား 'ကွန်ဒုံး' ဆိုတာတောင် ကြားမှ ကြားဖူးကြရဲ့မသိ။

သူများဆီမှာတော့ ငါစာထဲမှာ ဖတ်ဖူးတယ်။ ဒီရောဂါသည်တွေ မတိုးပွားဖို့ စေတနာ့ဝန်ထမ်းကာကွယ်ဖို့ ပစ္စည်းတွေကို အခမဲ့လိုက်ဝေတဲ့ အမဲသားသည် တယောက်ဆို သူ့နာမည်ရင်း ပျောက်ပြီး အဟင်း 'ဦးကွန်ဒုံး' လို့တောင် အများက ချစ်စနိုး ခေါ်ကြဆိုပဲ။

ကဲလေ … ဘာတတ်နိုင်မှာလဲ။ သတ္တဝါတခု ကံတခုပေါ့။ အိပ်မှ၊ အိပ်မှ။ မနက်ကျလည်း တရားနာရဦးမှာနဲ့ အိပ်ရာပေါ် ပြန်လှဲလိုက်သည်။ တဝီဝီကပ်လာသော ခြင်တို့ကိုမောင်းရန် အနီးက ယပ်ဟောင်းတတောင်ကို လှမ်းယူလိုက်သည်။ ဈာပနတခုတွင်ကမ်းခဲ့သော ယပ်တောင်လေးဖြစ်ပေမည်။ သံဝေဂ လင်္ကာလေးက မှုန်ဝါးဝါး။

သြော် … မနက် ကမ်းဖို့ ယပ်တောင်မပါပါလား။ အချိန်ကလည်း မရတော့။ ဒီယပ်တောင်ရှင်ကတော့ အသက် ဘယ်လောက်လဲ မသိဘူး။ ညိုလဲ့ကတော့ နှစ်ဆယ့်နှစ်နှစ်ပဲ။ သြော် .. အကြွေစောလှချည့်။ အင်း … ညိုလဲ့က နှစ်ဆယ့် နှစ်နှစ်ဆိုတော့ ဖိုးသော်ကတော့ ကွာလှ နှစ်နှစ် သုံးနှစ်ပေါ့။ ဒါဆို နှစ်ဆယ့်လေးငါးနှစ်လောက်ပေါ့။ ဟူး .. ဒီသူငယ် အရွယ်ရှိသေးတာပဲ။ တပင်လဲ တပင်ထူ တဲ့။ တနေ့နေ့မှာ တကယ်လို့များ သူ ... သူ .. တပင်ထူခဲ့ရင် ဘုရား … ဘုရား …။

[ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း။ ဖေဖော်ဝါရီ - ၂ဝဝ၆]

သရုပ်ဖော် - အောင်ထက်


မိုးကြိုး သတင်းစဉ် အမှတ် - ၁၁၂

Mojo_112