အဲဒီမှာ ထောက်ပြဝေဖန်စရာတွေကလည်း အများကြီးပါ။ တချို့ကို ကောက်နုတ်ပြရရင်တော့ လွှတ်တော် ၂ ရပ် ရှိတဲ့အထဲ အထက်လွှတ်တော်မှာ ရွေးကောက်ခံ အထက်လွှတ်တော်အမတ်က ၂၆ ယောက်ရှိမယ်၊ နောက်ထပ် ၉ ယောက်ကို ထပ်ထည့်ပါတယ်။
အဲဒါတွေ အားလုံးက ရွေးခန့်ပါ။ အဲဒီ ရွေးခန့်တွေထဲမှာ စစ်တပ်က ကြည်း၊ ရေ၊ လေ ဦးစီးချုပ်တွေ ရဲချုပ်တွေ ပါသလို တခြားအရပ်သားတွေကလည်း အစိုးရခန့် ပုဂ္ဂိုလ်တွေပါ။ အရေးကြီးတဲ့ ဥပဒေတခုကိုပြဋ္ဌာန်းဖို့ဆိုရင် အထက်လွှတ်တော်က မဲ ၄ ပုံ၊ ၃ ပုံလိုပါတယ်။
အခုရွေးခန့်ထားတဲ့လူတွေက မဲ ၄ ပုံ တပုံကျော်တာဆိုတော့ သူတို့ထဲက တယောက် သဘောမတူဘဲနဲ့ ဘာမှလုပ်လို့မရပါဘူး။ ဒါကတခု။ နောက် စစ်တပ် ခေါင်းဆောင်တွေဘက်ကို အာဏာ အကြီးအကျယ်ပေးထားတဲ့ အမျိုးသား လုံခြုံရေးကောင်စီဆိုတဲ့ ကိစ္စပါ။ အဲဒီကောင်စီမှာ သမ္မတက အကြီးအကဲ ဖြစ်တယ်။
အဲဒီမှာလည်း စစ်တပ်နဲ့ ရဲဘက်က အများစုပါ။ ဒါကြောင့်မို့လို့လည်း ချီလီက ဥပဒေပညာရှင် မစ္စတာ လူ့ကပ်စ်စီရာဒါက အခုလို မှတ်ချက်ပေးပါတယ်။
“သူတို့ကို သူတို့ကာကွယ်ထားတာရယ်၊ သူတို့ချမှတ်ထားတဲ့ နိုင်ငံရေးပုံစံ စနစ်တွေကို ရေရှည်ခိုင်မြဲအောင်ရယ်၊ နောက်တခါ နိုင်ငံ့အာဏာ ကိုလည်း သူတို့လက်ထဲမှာပဲ ရေရှည်ကိုင်ထားနိုင်အောင်ရယ်၊ ဒါတွေကိုလုပ်တဲ့ ရည်ရွယ်ချက်ပါပဲ။ အဲဒီဖွဲ့စည်းပုံအခြေခံကို ပြင်ရန် အင်မတန် ခက်အောင်လည်း လုပ်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံလို့တောင် မဆိုနိုင်ပါဘူးဗျ။ အမိန့်ပြန်တမ်း ထုတ်သလိုပါပဲ”
တဖက်မှာလည်း ချီလီမှာ အဲဒီကာလအတွင်းမှာပဲ ဒီမိုကရေစီတံခါးကို ကြိုးစားဖွင့်နေကြသူတွေရဲ့ အားထုတ်ချက်တွေကလည်း ရှိနေပါတယ်။ မစ္စတာ ရိုလီကိုဒီကတ်စရိုက ...
“တဖြည်းဖြည်းခြင်း နည်းနည်းခြင်းက စပြီးတော့ မဂ္ဂဇင်းတွေ ပြန်ထွက်လာပါ တယ်။ အပတ်စဉ် စာစောင်တွေ၊ ဂျာနယ်တွေလည်း ထွက်လာတယ်။ ကက်သလစ် ခရစ်ယာန်အဖွဲ့တွေကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တာ တွေရေးကြတယ်။ မဂ္ဂဇင်းတွေက ပထမပိုင်းတော့ အားပျော့ပျော့ပါပဲ။
ဆင်ဆာဘုတ်အဖွဲ့ကလည်း သူတို့မကြိုက်တာတွေဆို ပယ်တယ်။ တဖြည်းဖြည်းနဲ့ အစိုးရကို ဝေဖန်တာတွေ၊ တရားမျှတမှုဆိုင်ရာအကြောင်းတွေ၊ လူ့အခွင့်အရေး အကြောင်းတွေကို ရေးလာနေကြပါပြီ။ ဒါတွေက ၁၉၇၀ နှစ်တွေရဲ့ အနှောင်းပိုင်း ကာလတွေကတည်းကပါ။ ၁၉၈၀ နှစ်တွေပိုင်းရောက်လာတော့ အတော်ကို အားကောင်းလာနေတာကို တွေ့ရပါတယ်”
၁၉၈၂၊ ၁၉၈၃ မှာ ချီလီကို ရိုက်ခတ်လာတဲ့ ကမ္ဘာ့စည်းပွားရေးကျဆင်းမှုဒဏ် ကလည်း ချီလီစစ်အစိုးရအပေါ်မှာ လူမှုရေးဆိုင်ရာဘက်က လာတဲ့ ဖိအားတွေဖြစ်စေတဲ့အကြောင်း သူက အခုလို ဆိုပါတယ်။
“၁၉၈၂၊ ၈၃ မှာ တကမ္ဘာလုံးမှာလည်း စီးပွားရေးက အကျပ်အတည်းဆိုက်ခဲ့ သလိုပဲ ချီလီမှာလည်း ပြဿနာတွေ တက်ခဲ့တယ်။ ဘဏ်တွေပြိုလဲကုန်လို့ အစိုးရက ငွေ အကြီးအကျယ် ထောက်ပံ့ရတယ်။ အလုပ်သမားတွေ အလုပ်လက်မဲ့ နှုန်းက ၃၀၊ ၄၀ % အထိ ဖြစ်လာတယ်။ ဒီလို လူမှုရေးအရ ဖိအားတွေကြောင့် လူတွေ သိန်းနဲ့ချီပြီး လမ်းပေါ်တက် ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပါတယ်”
ဒီလိုနဲ့ တက်လာတဲ့ စစ်အစိုးရဆန့်ကျင်ရေး အရှိန်အဟုန်တွေအကြောင်းကို ဒေါက်တာ မာဆီးလာ ရီးရို့စ်က ၁၉၈၃ နဲ့ ၁၉၈၆ ကြားအခြေအနေတွေနဲ့အတူ အခုလို ပြောပြပါတယ်။
“အဲဒီ ၃ နှစ်ကာလအတွင်းမှာတော့ လူထုအကြား နိုင်ငံရေးနိုးကြားအောင် လှုံ့ဆော်နိုင်မှုတွေက အားကောင်းလာနေပါပြီ။ နိုင်ငံရေးအဖွဲ့အစည်းတွေ ကြားမှာလည်း ခရစ်ယာန် ဒီမိုကရက်ပါတီတွေကနေ လက်ဝဲပါတီတွေအထိ မဟာမိတ်လုပ်တဲ့ ပေါင်းစည်းမှုတွေရှိလာပါပြီ။ သူတို့နဲ့အတူ အလုပ်သမားသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေ အမျိုးသမီးအဖွဲ့တွေပါ ကျယ်ပြန့်တဲ့ စုစည်းမှုတွေရှိလာနေပါပြီ။
ဒါ့အပြင် Radical ကျတဲ့ သဘောထားပြင်းထန်တဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ၁၉၈၆ နှစ်မှာဖြစ်ခဲ့တဲ့ ပီနိုရှေးကိုလုပ်ကြံဖို့အတွက် ကွန်မြူနစ်အဖွဲ့ခွဲလေးတခုက ကြိုးစားမှုပါ။ ပီနိုရှေးက တနေရာအသွား သူ့ယာဉ်တန်းကို တိုက်ခိုက်လုပ်ကြံခဲ့တာပါ။ သူ့ယာဉ်တန်းမှာ ကား ၄ စီးပါပါတယ်။ ကြံရွယ်သူတွေက ကား ၂ စီးကို သိမ်းနိုင်ခဲ့ပါတယ်။ ပီနိုရှေးပါတဲ့ကားနဲ့ တခြားကားတစီးကတော့ လွတ်မြောက်သွားခဲ့ပါတယ်”
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment