ကျနော်လည်း မှောင်ကြီးမဲမဲထဲမှာ ဘယ်ကိုထွက်လျှင် ကောင်းမလဲ၊ ကျနော်တို့ ၂ ယောက် အချီအချ တိုင်ပင်နေစဉ် ခြံအပြင် လမ်းမပေါ်တွင် စကားသံတိုးတိုး ပြောသံ ကြားရသည်။ လူရိပ်လူယောင်လို့ ထင်ရသည်။ ကျနော်က ဖထီးမန်းကို အိမ်နောက်ဖေး ခြံတဖက်သို့ ပြန်သွားခိုင်းသည်။
မကြာချေ၊ ဓာတ်မီး လေးငါးလက်ခန့် တပြိုင်တည်း လင်းလာသည်။ ကျနော်တို့နေသော အိမ်ခြံဝင်းသို့ ဝင်လာသည်။ ဓာတ်မီးရောင်အောက်တွင် ဂျီးသရီး၊ ဂျီဖိုး သေနတ်ကို အသင့်အနေအထားနဲ့ ချိန်ပြီး ဝင်လာသည်။
ကျနော်လည်း ခြံစည်းရိုး ချုံကွယ်တွင် ဒူးထောက်ထိုင်လိုက်သည်။ ခြံထဲသို့အဝင် လမ်းနှင့် ကျနော်ထိုင်နေသည့် ချုံကွယ်မှာ လက်တကမ်းသာ ရှိသည်။ စစ်သား ၆ ယောက် ၇ ယောက်ခန့် ကျနော်ဘေးမှ လွန်သွားသည်။ ကျနော့်ကို မတွေ့ကြပါ။
နောက်ဆုံးလူတယောက်တွင် သူ့ခါးမှာ ရှေ့ကစစ်သားများကဲ့သို့ သေနတ် မပါပါ။ ကျနော်အထင်တွင် ရွာသားပဲ ဖြစ်ရမည်။ ကျနော် ပိုပြီးလုံခြုံသည့် ချုံအကွယ်သို့ နေရာရွေးလိုက်သည်။ ထိုအချိန်တွင် ဓာတ်မီးတလက်သည် ဝှေ့ပြီး ကျနော့်ကို တွေ့သွားသည်။
သေနတ်မပါဟု ကျနော် ထင်ရသူမှာ သူ၏ပုခုံးပေါ်တွင် ကာဘိုင်သေနတ်ကို ထမ်းပြီးကိုင်လာခြင်းဖြစ်သည်။ ကျနော်နှင့် အနီးဆုံးပင်။ သူက ကာဘိုင်နှင့် ကျနော့်ခေါင်းကို ထိုးချိန်လိုက်သည်။
“ဟေ့ကောင် မလှုပ်နဲ့၊ ဓားချ၊ ဓားချ”
ပါးစပ်က ပြောပါသည်။
ဘေးမှ စစ်သားတယောက်က ဂျီသရီးနှင့် ကျနော့်ကို တအားလွဲရိုက်လိုက်သည်။ စစ်သားများ ဝိုင်းလာသည်။ ကျနော့်ကို လက်ပြန်ကြိုး တုပ်၊ သေနတ် တွင်တွင် တောင်းပြီး သေနတ်ဒင်နှင့် ဝိုင်းဆောင့်ကြပါသည်။ ၎င်းတို့ပါးစပ်က …
“ဒီကောင် ပြည်ပြေးအဖွဲ့ကပဲ၊ သေနတ် ဘယ်မှာဖွက်ထားလဲ”
တွင်တွင်မေးပြီး ရိုက်တော့သည်။ ကျနော်က သေနတ်မရှိကြောင်း၊ ပြည်ပြေး မဟုတ်ကြောင်း ပြောပြသည်။
ထိုစစ်သားများ က ကျနော့်ကို ရွာလယ်သို့ ပြန်ခေါ်လာပါသည်။ ဘုန်းကြီးကျောင်း အရောက်တွင် ကျောင်းအောက်သို့ခေါ်သွားပြီး ဝိုင်းကန် ဝိုင်းရိုက်ကြသည်။ ကျနော့်ခြေသလုံးကို ၂ လက်မ မော်တာပြောင်းနှင့် လှိမ့်ပါသည်။ သုံးရစ်နှင့် တပ်ကြပ်ကြီးတယောက်က ကျနော့်လည်ပင်းကို တက်နင်းသည်။ ကျနော် အသက်ရှူ မရတော့ပါ။ သူ့ခြေတောက်ကို ကျနော် လက်မောင်းနှင့်ရိုက်ချ လိုက်သည်။
“ခင်ဗျားတို့ ကျနော်တို့ ဒီလိုမရိုက်နဲ့”
“ကျနော် ကောင်းကောင်းပြောမယ်၊ ခင်ဗျားတို့ဗိုလ်ကို မှာပေးပါ”
ခဏအကြာတွင် ဗိုလ်ဆိုသူက ဆင်းလာပါသည်။ ၎င်းမှာ ချင်းလူမျိုးဖြစ်သည်။ အရင်က နာမည်မှတ်ထားသည်။ ယခုတော့ မမှတ်မိတော့ပါ။ တပ်ခွဲမှူး ဖြစ်သည်။ ၎င်းစစ်ဗိုလ်က …
“မင်း ဘာပြောချင်သလဲ”
“ကျနော် သူပုန် မဟုတ်ဘူး၊ သေနတ်လည်း မရှိဘူး၊ ကျနော်ဟာ ကျောင်းသားပဲ၊ နိုင်ငံရေးအကျဉ်းသားတယောက် ဖြစ်တယ်။ အခု ကိုကိုးကျွန်းကထွက်ပြေးလာ တာ”
ဖထီးမန်းအောင်ကြည်က ပြောထားပါသည်။ ရန်သူပြန်မိရင် ကျွန်းကထွက်ပြေး လာတဲ့အကြောင်း အမှန်အတိုင်း ပြောလိုက်၊ သတ်ပစ်ရင်လည်း ရင်ကော့ပေးလိုက်၊ ဘယ်တော့မှာ ရန်သူကို မတောင်းပန်နဲ့။ သူက ဒီစကား အထပ်ထပ်ပြောခဲ့သည်။
၎င်းစစ်ဗိုလ်က …
“ကြေးနန်းရိုက်ကြည့်လို့မဟုတ်ရင် မင်းကို ဘယ်လိုလုပ်ရမလဲ”
“ခင်ဗျားတို့လက်ထဲမှာပဲ ခင်ဗျားတို့လုပ်ချင်သလို လုပ်ပေါ့”
“ဟ … ဒီကောင်စကားပြောတာ သိပ်မာတယ်ကွ၊ ဒီကောင် သူပုန်ပဲဖြစ်ရမယ်”
သူက ပြောပြီး…
“ကင်း ၃ ထပ်ချစမ်း၊ သေသေချာချာ စောင့်”
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment