Friday, April 29, 2011

အကြမ်းမဖက်လှုပ်ရှားမှုများနဲ့ အာဏာရှင်စနစ် - ကိုမင်းထက် (ဘီဘီစီ)

"ဒီလိုရင်ဆိုင်ရတဲ့နေရာမှာ ပါးရိုက်ခံရရင် ကိုယ်က နောက် ပါးတဖက်ကို လှည့်ပေးလိုက်တာမျိုး မဟုတ်ပါဘူး။ လူတဦးချင်းစီက ခေါင်းမာမာနဲ့ သူတို့ကို လုပ်ခိုင်းနေတာတွေကို မလုပ်ဘူးလို့ ငြင်းတာမျိုးပါ။ နောက်ပြီးတော့ မလုပ်ရဘူးလို့ ပြောတာတွေကို ဖြစ်အောင်လုပ်ကြတာပါ။ ဒီနည်းက သိပ်အားကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရဆိုတာက သူတို့အုပ်ချုပ်တဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ခိုင်းတာကို လိုက်နာ လုပ်ဆောင်မှုတွေအပေါ်မှာ လုံးဝတည်နေလို့ပါ”

မော်ရိုကိုမှာ၊ ဘာရိန်းမှာ၊ အီဂျစ်မှာ၊ တူနီးရှားမှာနဲ့ အခုနောက်ဆုံး လစ်ဗျားမှာ အာဏာရှင်ဆန့်ကျင်ရေး လှိုင်းတံပိုးကြီးဟာ ကြီးကြီးမားမား ဆက်ပြီး ရိုက်ခတ်နေပါပြီ။ အီဂျစ်နဲ့ တူနီးရှားမှာတော့ သမ္မတတွေက လူထုအားကို မခံနိုင်တော့တဲ့အဆုံး ရာထူးက ဆင်းပေးလိုက်ကြပါတယ်။

အာဏာရှင်တချို့ကတော့ ဆက်ပြီးတင်းခံနေကြဆဲပါ။ တင်းခံရုံမကဘဲ လူထုကို အကြမ်းနည်းနဲ့ ဖိနှိပ်တာတွေလည်း လုပ်ခဲ့ပါတယ်။


လစ်ဗျားမှာတော့ ဆန္ဒပြသူတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလိုပဲ ဘာရိန်းမှာလည်း ဆန္ဒပြသူတယောက်က သူတို့ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်နေတုန်း လူအုပ်ထဲကို ရဲတွေက သေနတ်နဲ့ပစ်ခတ်လို့ ထွက်ပြေးလာရသူပါ။ သူကတော့ သူ့တိုင်းပြည်ကို ချစ်တဲ့အတွက် အသက်သေချင်သေပါစေ၊ ဆန္ဒဆက်ပြသွားအုံးမယ်လို့ ဆိုပါတယ်။

တကယ်တော့ ဒီဆန္ဒပြနေသူတွေ မျှော်မှန်းကြ၊ တောင်းဆိုကြတာတွေကလည်း ရှင်းရှင်းလေးပါ။ တရားမျှတမှု၊ လွတ်လပ်စွာ အကြောက်အလန့် ကင်းကင်းနေခွင့်ရလိုမှု၊ လူထုကို တာဝန်ခံပေးမယ့် အစိုးရတရပ်ရဲ့ အုပ်ချုပ်မှု၊ နောက်မိသားစု အသက်မွေးဝမ်းကြောင်းကို စိတ်အေးလက်အေး လုပ်ခွင့်ရလိုမှုတွေပါပဲ။

ဒီ မော်ရိုကိုက အမျိုးသမီးလေးတယောက်ကတော့ ဒီမိုကရေစီ လိုချင်တာပါ။ မျှတမှု လိုချင်တာပါ တဲ့။
လစ်ဗျားမှာ ဆန္ဒပြနေသူတယောက်ကလည်း …

“ကျနော်တို့မျှော်လင့်တဲ့ လစ်ဗျားက ဒီမိုကရေစီရှိတဲ့ လူ့အခွင့်အရေးရှိတဲ့ အများစုရဲ့သဘောနဲ့ အုပ်ချုပ်တဲ့ အစိုးရမျိုး လိုချင်တာပါ။ ကျနော်တို့ ဆန္ဒပြသူတွေအားလုံးအကြားမှာလည်း အဲဒီအနာဂတ်အကြောင်းပဲ ပြောနေကြပါတယ်”

အခုဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့ နိုင်ငံတိုင်းမှာ အုပ်ချုပ်သူတွေက အာဏာကို နှစ်ပေါင်းများစွာယူထားကြပြီး နိုင်ငံရေးအရ အတိုက်အခံတွေ ရပ်တည်ခွင့်မရှိ၊ လူ့အခွင့်အရေးတွေ မရှိဘဲ အုပ်ချုပ်နေခဲ့တာကို လူထုက ခုခံတော်လှန်နေကြတာပါ။ လူထုရဲ့ အကြမ်းမဖက်တဲ့ အာဏာရှင်ဆန့်ကျင်ရေး နည်းလမ်းတွေဟာ အဆုံးမှာ အောင်မြင်ရမှာလား။ ဒါမှမဟုတ် အာဏာရှင်ကပဲ အာဏာပြပြီး အဆုံးသတ် ချေမှုန်းသွားနိုင်မှာလား။

ဒီကိစ္စနဲ့ပတ်သက်လို့ အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေကို လေ့လာ သုတေသနပြု စာအုပ်တွေ ရေးသားခဲ့သူ ဟားဗတ်တက္ကသိုလ်က ပါမောက္ခဟောင်း ကမ္ဘာကျော်ပညာရှင် ဂျင်းရှပ်ကို ဘီဘီစီ ရေဒီယို 4 အစီအစဉ်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဂျင်းရှပ်ဟာ မြန်မာနိုင်ငံက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအကြောင်းနဲ့ တိုင်းရင်းသားတွေရဲ့ ခုခံစစ် အကြောင်းတွေကိုလည်း လေ့လာသုတေသန လုပ်ခဲ့သူပါ။ ဂျင်းရှပ်ဟာ အိန္ဒိယနိုင်ငံက မဟတ္တမ္မ ဂန္ဒီကြီးရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး နည်းလမ်းတွေကို သဘောကျပြီးတော့ စံတခုအဖြစ်နဲ့လည်း ရည်ညွှန်း ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ သူ ၁၉၉၃ ခုနှစ်က ရေးသားခဲ့တဲ့ From the detarship to democracy အာဏာရှင်မှ ဒီမိုကရေစီစနစ်ဆီသို့ ဆိုတဲ့ စာအုပ်ကိုလည်း အခုနောက်ဆုံး အီဂျစ်မှာဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက ရည်ညွှန်းကိုးကား သုံးစွဲခဲ့ကြတယ်လို့ သိရပါတယ်။

အခု အသက် ၈၃ နှစ်ရှိပြီး အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ပါမောက္ခ ဂျင်းရှပ်ကို ရေဒီယို 4 က အာဏာရှင်ကို အကြမ်းမဖက်နည်းနဲ့ ဘယ်လိုဖြုတ်ချနိုင်မှာလဲလို့ စပြီးမေးကြည့်ခဲ့ပါတယ်။

“ပထမဆုံးတော့ ကိုယ့်အခြေအနေကို အမှန်အတိုင်းသိရမယ်၊ နောက် ကိုယ်ရင်ဆိုင်ရမယ့် အာဏာရှင်ရဲ့ သဘာဝကိုလည်း အမှန်အတိုင်း သိရပါမယ်။ အာဏာရှင်ဆိုတာက သူတို့ဟာ သူတို့ ပြောနေ၊ ကြုံးဝါးနေသလောက်တော့ အားမကြီးပါဘူး။ သူတို့မှာလည်း အားနည်းချက်တွေ ရှိပါတယ်။ ပြည်သူတွေဘက်မှာလည်း စောစောပိုင်း သူတို့ထင်သလို အားက မနည်းပါဘူး။

ပြီးရင်တော့ အဲဒီအာဏာရှင်နဲ့ ရင်ဆိုင်ရတဲ့ပုံစံ ရှိလာပြီပေါ့။ ဒီလိုရင်ဆိုင်ရတဲ့နေရာမှာ ပါးရိုက်ခံရရင် ကိုယ်က နောက်ပါးတဖက်ကို လှည့်ပေးလိုက်တာမျိုး မဟုတ်ပါဘူး။ လူတဦးချင်းစီက ခေါင်းမာမာနဲ့ သူတို့ကို လုပ်ခိုင်းနေတာတွေကို မလုပ်ဘူးလို့ ငြင်းတာမျိုးပါ။ နောက်ပြီးတော့ မလုပ်ရဘူးလို့ ပြောတာတွေကို ဖြစ်အောင်လုပ်ကြတာပါ။ ဒီနည်းက သိပ်အားကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရဆိုတာက သူတို့အုပ်ချုပ်တဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ခိုင်းတာကို လိုက်နာ လုပ်ဆောင်မှုတွေအပေါ်မှာ လုံးဝတည်နေလို့ပါ”

- ဆိုတော့ အကြမ်းနည်းနဲ့တော့ လုပ်လို့မရဘူးပေါ့။

“ဒါပေါ့၊ အာဏာရှင်ကို ပြန်တိုက်ဖို့ အကြမ်းနည်းကို သုံးမယ်ဆိုရင် အဲဒီလောက်မိုက်တာ ဘယ်ရှိတော့မလဲဗျာ၊ ခင်ဗျားက ကိုယ့်ရန်သူရဲ့ အကောင်းဆုံးလက်နက်နဲ့ သူ့ကိုတိုက်မယ်လို့ ရွေးလိုက်သလိုဖြစ်နေတာကိုး။ အဲဒီနည်းက ဘယ်လိုမှ မနိုင် နိုင်ဘူးပေါ့ဗျာ”

- ဘာပဲပြောပြော အာဏာရှင်နဲ့ ရင်ဆိုင်ရတာဆိုတော့ လူထုမှာ ကြောက်စိတ်တွေရှိကြတယ်။ လူထုက မကြောက်အောင်၊ အကြောက်တရားကို ကျော်လွန်နိုင်အောင် ဘယ်လိုလုပ်ရမယ်လို့ အကြံပေးနိုင်လဲဗျ။

“ဂန္ဒီကြီးက အမြဲပြောလေ့ရှိပါတယ်။ ကိုယ့်မှာရှိတဲ့ ကြောက်တတ်တဲ့ စိတ်ကို ဖျောက်ကြပါတဲ့။ အခု အီဂျစ်မှာနဲ့ တူနီးရှားမှာက ပြည်သူတွေက ကြောက်စိတ်ကို လုံးဝ ဘေးဖယ်ထားလိုက်နိုင်တာကို တွေ့ရတယ်ဗျာ။ သူတို့ ဘယ်လိုလုပ်လိုက်ကြသလဲ၊ ကိုယ့်မှာရှိတဲ့ အခြေခံကြောက်စိတ်ကို ဘယ်လိုဖျောက်နိုင်သလဲ၊ ဘာက စေ့ဆော်ပေးသလဲ၊ ပညာရှင်တွေကလည်း ဒီအကြောင်းကို လေ့လာကြဖို့ကောင်းတယ်။ ကြောက်စိတ်ဆိုတာ ဖျောက်လို့ရတယ်၊ ဘယ်အချိန်မှာ ဘယ်လို ဖျောက်နိုင်ကြသလဲဆိုတာ လေ့လာဖို့ ကောင်းတယ်ဗျ”


ဆက်လက်ဖော်ပြပါမယ်။


 

No comments: