“ကြောက်ရင် တော်လှန်ရေး မအောင်မြင်ဘူးဗျ၊ ဖိနှိပ်မှုနဲ့ရင်ဆိုင်ရတဲ့အခါ ထွက်ပြေးရင်လည်း ရည်မှန်းချက် မအောင်မြင်နိုင်ပါဘူး။ နောက်ပြီးတော့ ကိုယ့်မှာ စနစ်တကျ အစီအစဉ်ရှိဖို့လည်း လိုပါတယ်။ လှုပ်ရှားမှုကို ဘယ်လိုအရှိန် မြှင့်မလဲ၊ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဒါမျိုးကို သေသေချာချာ ပြင်ထားတာမရှိရင် အောင်မြင်ဖို့ခက်ပါတယ် ..."
- ကဲ အကြမ်းမဖက်လှုပ်ရှားမှုကို အာဏာရှင်က အကြမ်းဖက်တုံ့ပြန်ပြီ ဆိုပါစို့။ လူထုပဲ ခံရတာပဲ။ ကိုယ်လိုချင်တဲ့ ကိုယ့်လိုရင်းကို မရောက်ဘဲဖြစ်ကုန်ကြရော မဟုတ်လားဗျ။
“သိပ်တော့ မအနဲ့ပေါ့ဗျာ။ အာဏာရှင်ဆိုတာက အကြမ်းဖက်လို့သာ အာဏာရှင်ဖြစ်နေတာပေါ့။ မဟုတ်ဘူးလား၊ ဒီလိုလူတွေက အကြမ်းနည်းမသုံးဘဲ ဘယ်နေပါ့မလဲ။ ဒီလို အာဏာရှင်တွေကို လူထုက အင်နဲ့အားနဲ့ စုဝေးထွက်လာပြီးတော့ နည်းမျိုးစုံနဲ့ အာခံကြရတာပေါ့။
တော်လှန်ရေးကိုလည်း နေရာအနှံ့ပျံ့အောင် လုပ်ကြရမှာ ဖြစ်တယ်လေ။ အကြမ်းမဖက်ဘဲ အာဏာဖီဆန်တဲ့နည်းတွေနဲ့ ဆက်တိုက်လုပ်ကြရမယ်။ မြို့လယ် ရင်ပြင်လေးတခုကို သိမ်းထားနိုင်ရုံ ရည်မှန်းချက်ထားရင်တော့ အောင်ပွဲက မသေချာပါဘူး။ ဒီလို နေရာ ကွက်ကွက်လေးမှာ စုနေကြတာက တဖက်က ရဲတို့၊ စစ်တပ်တို့နဲ့ အင်အားနည်းနည်းပါးပါးလောက် သုံးပြီးတော့ ဖြိုခွဲလိုက်ရင် ပြိုကွဲသွားတာပဲလေ”
- အကြမ်းမဖက်တော်လှန်ရေးရဲ့ အကန့်အသတ်တွေကရော ဘာတွေလဲဗျာ။
“ကြောက်ရင် တော်လှန်ရေး မအောင်မြင်ဘူးဗျ၊ ဖိနှိပ်မှုနဲ့ရင်ဆိုင်ရတဲ့အခါ ထွက်ပြေးရင်လည်း ရည်မှန်းချက် မအောင်မြင်နိုင်ပါဘူး။ နောက်ပြီးတော့ ကိုယ့်မှာ စနစ်တကျ အစီအစဉ်ရှိဖို့လည်း လိုပါတယ်။ လှုပ်ရှားမှုကို ဘယ်လိုအရှိန် မြှင့်မလဲ၊ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဒါမျိုးကို သေသေချာချာ ပြင်ထားတာမရှိရင် အောင်မြင်ဖို့ခက်ပါတယ်"
- နောက် အီဂျစ်မှာဆန္ဒပြသူတွေက ဆရာကြီးရဲ့စာတွေကိုဖတ်ပြီး အားမွေးခဲ့ကြတယ်လို့ ပြောကြပါတယ်။ ဆရာကြီးရေးခဲ့တဲ့ စာအုပ်တွေတုန်းကတော့ လူထုကို ဦးဆောင်သွားနိုင်မယ့် ခေါင်းဆောင်တွေအတွက် ရည်ရွယ်ပြီး ရေးခဲ့တာလို့ မှတ်သားဖူးပါတယ်။ အခုဖြစ်နေတဲ့ လှုပ်ရှားမှုတွေမှာတော့ ဆန္ဒပြသူတွေမှာ တူညီတဲ့ ရည်မှန်းချက်တွေတော့ ရှိကြပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ဆိုတာကျတော့ မရှိကြဘူးလေ။ ဆိုတော့ ခေါင်းဆောင်မရှိတဲ့ လှုပ်ရှားမှုဟာ အောင်မြင်ဖို့ နီးစပ်နိုင်ပါ့မလား။
ဟားဗတ်တက္ကသိုလ်က ပါမောက္ခဟောင်း ကမ္ဘာကျော်ပညာရှင် ဂျင်းရှပ် (ဓာတ်ပုံ - အေပီ)
“ဂန္ဒီကြီးကတော့ သိပ်ထင်ရှားတဲ့ ခေါင်းဆောင်ပေါ့ဗျာ၊ ဒါပေမယ့် ဂန္ဒီကြီး ဦးဆောင်တဲ့လှုပ်ရှားမှုက ၂၀ ရာစုမှာ ပထမဆုံး ဖြစ်လာတဲ့ နိုင်ငံရေးအံတုမှု မဟုတ်ပါဘူး။ ၁၉၀၅ ခု၊ ၁၉၀၆ ခုမှာဖြစ်ခဲ့တဲ့ ရုရှက လူထုလှုပ်ရှားမှုတွေရယ်၊ ၁၉၁၇ ခု ဖေဖော်ဝါရီလ ရုရှတော်လှန်ရေး လှုပ်ရှားမှုတွေမှာက ထင်ရှားတဲ့ ခေါင်းဆောင်ဆိုပြီးတော့ သီးသီးသန့်သန့်ရှိခဲ့တာ မဟုတ်ပါဘူး။ လူတွေက စုဝေးကြ၊ အုံကြွခဲ့ကြတာပဲလေ။ တော်လှန်ရေးအတွက် မဟတ္တမဂန္ဒီ လို ခေါင်းဆောင် အမြဲတမ်း လိုတာတော့လည်း မဟုတ်ဘူးပေါ့ဗျာ”
- ဂန္ဒီအကြောင်းပြောတော့ ဒီကနေ့ လူထုက ဂန္ဒီရဲ့နည်းတွေကို ပြန်ပြီးတော့ ဖတ်ကြရမယ်လို့ ဆိုချင်တာပါလားဗျ။
“ပြန်ဖတ်ရမယ်လို့တော့ မဆိုချင်ပါဘူးဗျာ၊ ဒီကနေ့ဖြစ်နေတဲ့ အခြေအနေတွေကို ဂန္ဒီလည်း ကြိုခန့်မှန်းမိမယ် မထင်ပါဘူး။ ဒါပေမယ့် သူ သိရင်တော့ ဝမ်းသာမယ်ထင်ပါတယ်။ အခုဖြစ်နေတာက တားဆီးလို့မရတော့ပါဘူး။ လူထုရဲ့စိတ်ထဲမှာ အရင်တုန်းက တိတ်တိတ်ကလေး အတွေးထဲမှာပဲရှိခဲ့ဖူးတဲ့ ငါတို့မှာ အင်အားရှိတယ်၊ ဖိနှိပ်မှုတွေကို လူထုအားနဲ့ တွန်းလှန် ဖြိုဖျက်နိုင်တယ်ဆိုတဲ့ အသိက ကမ္ဘာကိုပြန့်သွားပါပြီ။ တချို့ကိစ္စတွေမှာ လူတွေအများကြီး အသေအပျောက် ရှိနိုင်တယ်။ တချို့နေရာတွေမှာ အရှုံးနဲ့ တွေ့ရနိုင်တယ်၊ ဒါပေမယ့် People Power လူထုအားနဲ့ အာဏာရှင်ကို ဆန့်ကျင် တော်လှန်နိုင်တယ်ဆိုတဲ့ အသိကတော့ လူတွေရဲ့ နှလုံးသားထဲမှာ စွဲပြီးတော့ ကျန်ခဲ့မှာပါ။ ဖျောက်လို့ မရနိုင်တော့ပါဘူး။
အကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာ ပညာရှင် ဂျင်းရှပ် ဖြစ်ပါတယ်။
အခု အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာ တွေ့နေရတဲ့ လူထုလှုပ်ရှားမှုတွေ၊ နောက် အစိုးရတွေရဲ့ တုံ့ပြန်မှုတွေကိုကြည့်ရင် အာဏာရှင်တွေဟာ ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ပုံ ရပါတယ်။ သူတို့ရဲ့ အာဏာပုလ္လင်ကို ထိပါးလာရင်တော့ မစဉ်းစားဘဲ တုံ့ပြန်မိကြတာလည်း တွေ့ပါတယ်။
အဲလိုမျိုးဖြစ်လာရင်တော့ သူတို့ကျဆုံးခန်းဟာ မဝေးတော့ပါဘူးလို့ အီဂျစ်က ဘီဘီစီ သတင်းထောက် ဂျွန်လိုင်းက သူမြင်နေရတဲ့ အခြေအနေတွေကို မူတည်ပြီး အခုလို သုံးသပ်ခဲ့ပါတယ်။
“အာဏာရှင်တွေက တဖြည်းဖြည်း အာဏာမှာကြာလာရင် ထောင်လွှားလာတယ်၊ လူထုကို အထင်သေးလာတယ်၊ လူထုက ဆန့်ကျင်လာရင် ဒီလိုအစိုးရတွေက ဘာလုပ်ရမှန်းမသိဖြစ်ကုန်တယ်။ အလျော့လေးပေးတဲ့အခါ ပေးလိုက်၊ နောက် အပြတ်နှိမ်နှင်းလိုက်နဲ့ ကြုံသလိုနည်းလမ်းတွေကို သုံးလာတယ်။ ဘာရိန်းမှာဆိုရင် ဘုရင်က ပထမ လူထုကို တောင်းပန်တယ်၊ လိုက်လျောမှုတချို့လုပ်တယ်။ ပြီးတာနဲ့ ချက်ချင်း ပစ်ခတ်တော့တာပါပဲ။ လစ်ဗျားမှာတော့ ခုထိ လိုက်လျောတာ မရှိသေးဘူး။ အစိုးရတွေက သူတို့ပြည်သူတွေကို ပစ်တာခတ်တာတွေလုပ်လာရင် ကိုယ့်ပြည်သူကို ပြန်သတ်နေပြီလို့ အများအမြင်မှာတွေ့လာရရင် ဒီအစိုးရတွေ ကြာကြာမခံတော့ပါဘူး။
သောတရှင်များ ခင်ဗျာ၊ အစိုးရဆိုတာလူထုကို တာဝန်ခံရတယ်။ လူထုက သူတို့ကိုယ်စား နိုင်ငံရဲ့အရေးတွေကို စီမံခန့်ခွဲဖို့ အတွက် သူတို့ရဲ့ဆန္ဒနဲ့ အစိုးရကို ခွင့်ပြုထားတယ်ဆိုတာက အပြည်ပြည်ဆိုင်ရာ စံနှုန်းပါ။ ဒီ အပြည်ပြည်ဆိုင်ရာ လက်ခံထားတဲ့ အခြေအနေတွေ၊ စံနှုန်းတွေကို ဆန့်ကျင်ပြီး ကိုယ့်ပြည်သူလူထုရဲ့ဆန္ဒတွေကို မျက်ကွယ်ပြုပြီး ဖိနှိပ်ချင်တဲ့ အာဏာရှင်တွေအတွက်တော့ ဇာတ်သိမ်းမကောင်းတဲ့ ဇာတ်လမ်းတွေဟာ သမိုင်းမှာ အများကြီးရှိခဲ့ပြီလို့ ဆိုရမှာဖြစ်ကြောင်းပါ ခင်ဗျာ။
၂၀၁၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့၊ ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) မှ ကောက်နုတ်ဖော်ပြပါတယ်။
No comments:
Post a Comment