Tuesday, July 3, 2012

ပြည်သူ့ဟစ်တိုင်တွေထားပေးရင် ဘယ်လိုနေမလဲ (မောင်ဝံသ)

ဆန္ဒပြပွဲနဲ့ ဒီမိုကရေစီ အလေ့အကျင့် 

မကြာသေးခင်က ဟိုနေရာ သည်နေရာတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်၊ ဆန္ဒပြပွဲတွေကြောင့် ဒီမိုကရေစီရှေ့ခရီးကို မထိခိုက်နိုင်ဘူးလားဆိုတဲ့မေးခွန်းကို အတော်များများက မေးလာကြတယ်။ ကျွန်တော်ကတော့ ဆန္ဒပြပွဲများကြောင့် ဒီမိုကရေစီအလေ့အကျင့်တွေကို လက်တွေ့ရရှိကြမှာဖြစ်လို့ ရှေ့ခရီးအတွက် စိုးရိမ်စရာ မရှိပါဘူးလို့ ဆောင်းပါးတချို့မှာ ရေးခဲ့တယ်ဗျာ။

ကျွန်တော်ဆိုလိုတဲ့ ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြကြတာကို ပြောနေတာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအဖို့လည်း မိမိတို့အချင်းချင်း စည်းကမ်းထိန်းတဲ့ အလေ့အကျင့်ရတယ်။ လမ်းသွားလမ်းလာပြည်သူများကိုလည်း အနှောက်အယှက် မဖြစ်စေဘူး။ ဆန္ဒပြတာကို လုံခြုံရေးအရ စောင့်ကြပ်သူတွေအဖို့လည်း ဆူပူမှုမပြုသူတွေကို စိတ်ရှည်ရှည်နဲ့ လိုက်ပါ စောင့်ရှောက်သလိုတောင်ဖြစ်သွားပြီး ပဋိပက္ခတွေကို ရှောင်လွှဲနိုင်တဲ့အကျိုးရရှိကြမှာ ဖြစ်တယ်ဗျာ။

အလုပ်သမားအချို့၊ လယ်သမားအချို့ ဘာကြောင့် ဆန္ဒပြကြသလဲ။ သူတို့အကျိုးစီးပွားတွေ ဆုံးရှုံးနစ်နာစရာများ ဖြစ်ပေါ်လာလို့၊ လှည့်စားခံရလို့၊ လိုလားချက်တွေ ဖော်ထုတ်ပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တောင်းဆိုချင်လို့ ဆန္ဒပြကြတာပဲဗျ။ အကြောင်းမရှိဘဲ ဘယ်သူက ဆန္ဒပြကြမှာလဲဗျာ။

အောက်ခြေမှာ ဖြေရှင်းနိုင်ရင်

ဇွန် ၁၉ ရက်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းတဲ့ မူဝါဒမိန့်ခွန်း ပြောကြားသွားရာမှာ ဆန္ဒပြခြင်းနဲ့ပတ်သက်လို့ အရေးပါတဲ့ သဘောထားတစ်ခုကို ကြားလိုက်ရတယ်ဗျ။

“ပြည်သူလူထု၏ အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ် ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင်သည်များကို ချက်ချင်း ဖြေရှင်းပေးခြင်းဖြင့် ယနေ့ လမ်းပေါ်ထွက်၍ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာ ဖြစ်ပါတယ်”

အခက်အခဲများကို ဖော်ထုတ် ဆွေးနွေး၊

အောက်ခြေမှာ ဖြေရှင်းနိုင်သည်များကို ချက်ချင်းဖြေရှင်းပေး

လမ်းမပေါ်ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဖြေရှင်းပေးနိုင်။

ကောင်းလိုက်တာဗျာ။ သည်နေရာမှာ အောက်ခြေမှာ ဖြေရှင်းပေးနိုင်တဲ့ အာဏာပိုင်များက သမ္မတကြီး ပြောတဲ့စကားတွေကို ကြားဖို့တော့ လိုမယ်ဗျ။ ကြားတယ်ဆိုရင်လည်း မှန်မှန်ကန်ကန် လိုက်နာကျင့်သုံးဖို့ လိုမယ်ဗျ။ အတော်များများနေရာတွေက ဒေသအုပ်ချုပ်ရေးသမားများဟာ ရေဒီယို မဖွင့်၊ ရုပ်သံ မကြည့်၊ သတင်းစာ မဖတ်၊ ဂျာနယ် မဖတ်ကြဘူးထင်ပါရဲ့ဗျာ။ သမ္မတကြီး မကြာမကြာပြောပြောနေတဲ့ ကောင်းမွန်သော အုပ်ချုပ်မှုတို့၊ သန့်ရှင်းသော အစိုးရတို့ဆိုတာတွေကိုလည်း မကြားဖူးသလိုပဲဗျ။ သူတို့ဆီမှာ မီးမလာလို့ ရေဒီယို မဖွင့်နိုင်၊ ရုပ်သံ မကြည့်နိုင်၊ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ သတင်းစာ၊ ဂျာနယ်လည်း မဖတ်နိုင်လို့ ဆင်ခြေပေးကြမလားတော့ မသိ။

သွေးနားထင်ရောက်နေသူများ

ပြည်သူလူထုရဲ့ ဆန္ဒသဘောထား (Public Opinion) တွေကို ဆွေးနွေးရယူခြင်းနည်းလမ်းနဲ့ အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ဆောင်ရွက်ရမယ်လို့ သမ္မတကြီးက လမ်းညွှန်ခဲ့တာလည်း များလှပါပြီ။ သို့ပေမယ့် ပြည်သူတွေဟာ အုပ်ချုပ်ခံတွေ၊ မိမိသည် ပြည်သူ့ဝန်ထမ်းမဟုတ်၊ အုပ်ချုပ်သူ(ruler) စစ်စစ် ဖြစ်တော့သကိုးလို့ သွေးနားထင်ရောက်နေသူများက အဆိုပါလမ်းညွှန်ချက်မျိုးကို လိုက်နာဖို့ အတော်ခက်ခဲနေကြပုံရပါတယ်ဗျာ။

သမ္မတကြီးကို အားနာတယ် 

“ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက် ရပ်တည်နိုင်အောင် စွမ်းဆောင်ရည်ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူအားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ပူးပေါင်းပြီး ညီညီညွတ်ညွတ် ခိုင်ခိုင်မာမာ လက်တွဲကာကွယ် စောင့်ရှောက်သွားရမှာဖြစ်ပါတယ်” ဆိုတဲ့စကားမှာ စတုတ္ထမဏ္ဍိုင်က ပါလာပြန်တယ်ဗျ။

သမ္မတကြီးကတော့ ရာထူးလက်ခံမိန့်ခွန်း ပြောခဲ့တဲ့ လွန်ခဲ့တဲ့ တစ်နှစ်နဲ့နှစ်လကျော်ကတည်းက စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာများကို အားကိုးခဲ့တာ ခုထိ အားကိုးချင်နေတုန်းပါပဲလားလို့ အားတုံ့အားနာ ဖြစ်သွားမိပါတယ်ဗျာ။

ငါဟဲ့ ဘီကျားဘဝပါပဲ 

ကျွန်တော်တို့မှာ အိပ်ချင်မူးထူးနဲ့ ဇာတ်ဝင်ခန်းအဝတ်အစား ကြုံသလိုဆွဲဝတ်ပြီး ထွက်ခဲ့ရတဲ့ ဇာတ်သမားလို ဖြစ်နေသေးတယ်ခင်ဗျ။ သူ့ခမျာ ခေါင်းမှာ ဆောင်းထားတာက ဘီလူးခေါင်း၊ ကိုယ်မှာဝတ်ထားတာက အစင်းအစင်းတွေနဲ့ ကျားဝတ်စုံ။ ဆိုင်းဆင့်အဆုံးမှာ သူ့ကိုယ်သူ ကြေညာရမှာက “ငါဟဲ့ ဘီလူး” ဆိုလည်း ဘီလူး၊ “ငါဟဲ့ ကျားမင်း” ဆိုလည်း ကျားမင်း။ အဲသလို ဖြစ်ရမှာ၊ ဘီလူးခေါင်းစမ်းကြည့်ပြီး ငါဟဲ့ဘီလူးလို့ ပြောမလို့လုပ်တုန်း ခါးမှာ ဝတ်ထားတဲ့ ကျားဝတ်စုံကိုတွေ့တော့ ကမန်းကတန်း ပြင်ပြောလိုက်တာက “ငါဟဲ့ ဘီကျား” တဲ့။ ကျွန်တော်တို့လည်း ငါဟဲ့ စတုတ္ထမဏ္ဍိုင်လို့ ကြုံးဝါးမယ်လုပ်တုန်း ကိုယ့်ဘာသာကိုယ် ပြန်ကြည့်မိပြီး ငါဟဲ့ ဘီကျားလို့ အော်ရမလို ဖြစ်နေတယ်ဗျ။

မည်သို့ရှိစေပေါ့ဗျာ၊ ကျွန်တော်တို့ကတော့ သမ္မတကြီး မိန့်ခွန်းကို မကြားသူတွေကို ကြားအောင် နည်းမျိုးစုံနဲ့ လုပ်ရမှာပဲဗျ။ တိုးတိုးပြောလို့မရရင် အော်လံသုံးပြီး အကျယ်ကြီး အော်ပြောရမှာပဲဗျ။ နှဖာချေးတွေ ပိတ်နေလို့ပါဆိုရင် နှဖာကလော်ကောင်းကောင်းနဲ့ ကော်ထုတ်ပေးရမှာပဲဗျ။

မမြင်လို မကြားလို မပြောလို 

ခုပုံက ဆရာမနိုင် နှစ်ဆောင်ပြိုင်လို့တောင် ပြောရမယ့်အခြေအနေရောက်နေတဲ့ ကိုယ့်ကိုယ်ကိုယ် Gsuler လို့ အထင်ရောက်နေသူများဟာ ဒဏ္ဍာရီလာ မျောက်သုံးကောင်လို ဖြစ်နေတယ်ဗျ။ မျက်စိနှစ်ဖက်လုံးကို ပိတ်ထားတဲ့ မျောက်၊ နားနှစ်ဖက်ကို ပိတ်ထားတဲ့ မျောက်နဲ့ ပါးစပ်ကို ပိတ်ထားတဲ့မျောက် သုံးကောင်တွဲရုပ်ပုံတွေကို တွေ့ဖူးကြမှာပါ။ မူရင်းသဘောကတော့ အကုသိုလ်တွေကို မမြင်လို၊ မကြားလို၊ မပြောလိုဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ကြားဖူးတယ်ဗျ။ အခု အောက်ခြေကအုပ်ချုပ်သူ ruler အချို့ကတော့ အဲသလို သဘောမဟုတ်ပါ။ သမ္မတကြီးရဲ့ အမှာစကားတွေကို မကြားလို၊ အပြောင်းအလဲဆိုတာတွေကို မမြင်လို၊ ပြည်သူများရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ဆိုတဲ့စကားမျိုး မပြောလိုဆိုတာပဲ ဖြစ်လိမ့်မယ်ဗျ။

ဟိုက်ပတ်စတိုင် ဟစ်တိုင်များ 

ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခက်အခဲများကို အာဏာပိုင်များ နားပေါက်အောင်ပြောဖို့ အခက်အခဲရှိမယ်ဆိုရင် လွတ်လွတ်လပ်လပ်ပြောဖို့ နေရာတော့ပေးသင့်တယ် ထင်တယ်ဗျ။ ဟိုယခင် ဒီမိုကရေစီအစိုးရတစ်ခေတ်က မဟာဗန္ဓုလပန်းခြံမှာ လန်ဒန်က ဟိုက်ပတ်စတိုင် ဟစ်တိုင်လုပ်ပေးထားသလို မြို့ကြီးတွေက မြို့လယ်ပန်းခြံများမှာ ပြည်သူ့ဟစ်တိုင်များ ဆောက်လုပ်ပေးထားရင် ပြည်သူများရဲ့ ရင်ဖွင့်သံတွေကို ယခုထက်ပို၍ ပွင့်ပွင့်လင်းလင်း ကြားရလိမ့်မယ်လို့ တွက်ဆမိကြောင်းပါဗျ။

၂၂၊ ၀၆၊ ၁၂ 
maungwuntha@gmail.com

ပြည်သူ့ခေတ် ဂျာနယ် ယခင်အပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။ 


 


1 comment:

Anonymous said...

ကျွန်မ အနေနဲ့ Myanmar distance education ကို ပပျောက်စေချင်တယ်
အဝေးသင် ဘွဲ့ရထားတဲ့ ကျောင်းသားတော်တော်များများဟာ
သူတို့ရထားတဲ့ ဘွဲ့ ကို ကောင်းကောင်း အသုံးမချတတ်ကြဘူး
အဲဒီ ဘွဲ့ က သူတို့ဘ၀အတွက် professional job တစ်ခု ရဖို့ ပြည့်စုံတဲ့ supporting တွေ မပေးဘူးလို့ ထင်ပါတယ်