ကျနော် အိမ်က ထွက်ပြေးလာကတည်းက တောခိုဖို့ ထွက်ပြေးလာတာပါ။ ဒါပေမယ့် အခုအထိဆိုရင် ၉ လလောက်ရှိ သွားပါပြီ။ အစိုးရအုပ်ချုပ်တဲ့ နယ်မြေထဲမှာပဲ ပြန်ရောက်နေရပါတယ်။ မဲနယ်တောင်က ထွက်လာပြီးတဲ့နောက် ရှမ်းပြည်နယ် တောင်ပိုင်းထဲက နေရာတနေရာမှာ ကျနော် ဝပ်နေရပါတယ်။ သုံးလေးလ ကြာတယ် ထင်ပါတယ်။ ဒီလိုနဲ့ တနေ့မှာတော့ မြေအောက်တာဝန်ယူထားတဲ့ ရဲဘော်တယောက် ရောက်လာပြီး ကျနော်တို့ကို ခေါ်သွားတော့မယ့်အကြောင်း ပြောပါတယ်။
အမေက အိမ်ကိုပြန်ခဲ့လို့ ခေါ်လိုက်တာကို ကြားလိုက်ရတာလို ချက်ခြင်းပဲ ထွက်ခဲ့ပါတယ်။ ကန်တော့ထိုက်သူကို ကန်တော့၊ နှုတ်ဆက်တန်သူကို နှုတ်ဆက်ပြီး လွယ်အိတ်ကလေး ပုခုံးပေါ်တင် ထွက်ခဲ့ပါတယ်။ ကျနော်ရယ်၊ ကိုတော်ဝင်းရယ်၊ မြေအောက်က ရဲဘော်ရယ်၊ ကားမောင်းသူရယ်။ ဒတ်ဆန်းကား နောက်ပွင့်လေးနဲ့ပါ။
ဦးတည်ချက်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၁၀၈ စစ်ဒေသ။ စခန်းထောက်က ဗထူးမြို့နဲ့ ကျောက်ဂူ။ သူတို့ နှစ်ယောက်က ကားရှေ့ခန်းထဲမှာထိုင်၊ ကျနော်တို့ နှစ်ယောက်က ကားနောက်ပိုင်းမှာ ထိုင်။ ဘယ်သူ့ဘယ်သူမှ စကား မပြောကြပါဘူး။ ကားအပြင် ရှုခင်းက ခြောက်သယောင်းလှတယ်။
တနာရီကျော်လောက် မောင်းမိတော့ သာစည် ရွှေညောင် မီးရထားလမ်းအကူးမှာ မီးရထားလာကာနီးလို့ မောင်းတံကြီး ချပိတ်ထားတာ တွေ့ရပါတယ်။ နောက်ပြီး အဲဒီအနားမှာ ကိုယ့်အရင်ရောက်နှင့်နေသူတွေ စောင့်နေကြတာကိုလည်း တွေ့ရပါတယ်။ သူတို့ အနားနီးတော့မှ သတိပြုမိတယ်၊ ဆင်အက အဖွဲ့တဖွဲ့။ ဆင်ရုပ်ကြီးကျောပေါ်က နာမည်ကို ကြည့်လိုက်တော့ ‘ရတနာမင်း’ တဲ့။ အဲဒါမှ ဒုက္ခ။
ရတနာမင်း ဆိုတာက မန္တလေး တမာကုန်းက၊ နောက်ပြီး ကျနော့်မိဘများဆီ မကြာခဏ ဝင်ထွက်သွားလာနေကြသူတွေ။ အဲဒီ အရင်တနှစ်တုန်းကပဲ ဒီအဖွဲ့အကြောင်း ကျနော့်မိဘတွေက ဦးနေဝင်းကိုပြောပြတော့ သူက ကြည့်ချင်တယ်ဆိုလို့ ပုဂံသီရိပစ္စယာမှာ သွားဖျော်ဖြေနိုင်အောင် စီစဉ်ပေးခဲ့ရသေးတယ်။ ကိုယ့်ကို မှတ်မိတဲ့လူများပါနေရင် ဒုက္ခပဲ။ ကိုတော်ဝင်းကလည်း တမာကုန်းအရပ်ထဲမှာ အသိမိတ်ဆွေတွေပေါသမို့ နှစ်ယောက်စလုံး မီရထားဂိတ်မှာ ခေါင်းတွေ ငုံ့နေကြရတယ်။
ဗထူးမြို့ကို ရောက်တော့ နေအတော် စောင်းနေပါပြီ။ ကျနော်တို့ကတော့ ထားရာနေ၊ ကျွေးတာစား၊ ခင်ပေးရာအိပ် လိုက်ကြပါတယ်။ နောက်တနေ့က ကျောက်ဂူဈေးပါ။ ကျနော်တို့က ဈေးကားနဲ့ ကျောက်ဂူကို လိုက်သွားပြီး ဟိုက လာကြိုတဲ့လူနဲ့အတူ သူတို့ဈေးပြန်တွေ အထဲရောပြီး လိုက်သွားကြတာပါ။ တောဈေးဆိုတော့ ဈေးသယ်တွေ ဈေးဝယ်တွေဟာ အစောကြီးလာ၊ အစောကြီး ပြန်ကြပါတယ်။
ဒါကြောင့် ဗထူးမြို့ကနေ စောစောထပြီး သုံးတန်ကားကြီး တစင်းပေါ်မှာ လူ ၄-၅၀ နဲ့ ရောပြီး လိုက်သွားကြတာပါ။
ကျောက်ဂူ ဈေးကွဲချိန်ကျတော့ ဈေးပြန် ဒေသခံတွေနဲ့ရောပြီး လှည်းပေါ် ထိုင်လိုက်သွားကြပါတယ်။ အင်ပင်ကြီးတွေ၊ ကျွန်းပင်ကြီးတွေ ထီးထီးမားမား အပြိုင်းအရိုင်းနဲ့၊ ချိုးသံ၊ ငှက်တော်သံ၊ ယောက်ဖခွေးခေါ်သံတွေနဲ့။ သာယာချင်တိုင်း သာယာနေတဲ့ တောကြီးပါ။ ကျနော်သာအဖြစ်ရှိရင် တောလား လှလှတပုဒ်တောင် ရေးထွက်လာနိုင်လောက်ပါတယ်။
လှည်းပေါ်မှာတော့ သူတို့ချင်းပြောနေတဲ့ ဓနုစကား၊ ရှမ်းစကားကိုလည်း ကျနော်တို့က နားမလည်၊ ကိုယ်က ပြောရင်လည်း ဗမာမှန်းပေါ်သွားမှာမို့ တောအလှ၊ ငှက်ဂီတကို ခံစားရင်းသာ လိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ညနေ သုံး-လေးနာရီလောက်မှာ ရွာတရွာကိုရောက်လို့ ကျနော်တို့ ဆင်းလိုက်ကြပါတယ်။ ရေးမထားတဲ့ စည်းကမ်းအတိုင်း ရွာနာမည်ကို ကျနော် စနည်း မနာမိပါ။ လိုက်ပို့တဲ့လူ၊ လာကြိုတဲ့လူတွေရဲ့ နာမည်ဆိုတာတော့ ဝေလာဝေး။ ပြောမထွက်တဲ့ ကျေးဇူးတင်စကားတွေကို မျက်လုံးက ပြောရင်းသာ နှုတ်ဆက်ခွဲခွာရတာချည်းပါပဲ။
ကျနော်တို့ ရွာထဲက အိမ်တအိမ်မှာ ထိုင်စောင့်ကြပါတယ်။ အဲဒီက အိမ်တွေဟာ ဗမာပြည် ကျေးလက်အနှံ့အပြားက အိမ်တွေလိုပါပဲ၊ ခြေတံရှည်၊ ဝါးကပ်ကာ အိမ်တွေပါ။ ပျဉ်ထောင်အိမ်လည်း ရှိသလောက် ရှိပါတယ်။ ညနေစောင်းတော့ အိမ်ရှင်များနဲ့အတူ ထမင်းစားရပါတယ်။ အဲဒီနောက် အခန်းအလယ်က မီးဖိုဘေးမှာထိုင် စကားစမြည် ပြောကြပါတယ်။ ပြောတယ်ဆိုတာ သူတို့ချင်းပါ။ တခြားအိမ်တွေကလူတွေ ထင်ပါတယ်။ လူကြီး လူငယ် ၇ ယောက် ၈ ယောက်လောက် တက်လာပြီး ဝိုင်းဖွဲ့စကားပြောကြပါတယ်။ သူတို့ အစဉ်အလာအတိုင်း ဖြစ်ပါလိမ့်မယ်။
ကျနော်တို့ကိုတော့ ဘယ်သူကမှ မမေးပါဘူး။ နောက်နားမှာ ထရံမှီပြီး တေမိဇာတ်ခင်းနေသူ နှစ်ယောက်အကြောင်းကို သူတို့က မစပ်စုပါဘူး။ သူတို့အဖို့ ရိုးနေပြီဆိုတဲ့ သဘောများလား မသိပါ။
ဒီလိုနဲ့ ညဘက် ကူးလာပါတယ်။ အခန်းထဲမှာ ဘာမှ အပြောင်းအလဲမရှိပါ။ စကားဝိုင်းကတော့ လူတိုးလိုက်၊ လျော့လိုက်နဲ့ပါပဲ။
ကျနော့်အထင် ည ၈ နာရီလောက် ဖြစ်ပါမယ်။ သေနတ်ထမ်းထားတဲ့ လူငယ်နှစ်ယောက် အိမ်ပေါ်ကို တက်လာပြီး စကားဝိုင်းထဲ ဝင်ထိုင်လိုက်ပါတယ်။ အိမ်ရှင်နဲ့ သူတို့ချင်း တီးတိုးပြောပြီး အိမ်ရှင်က ကျနော်တို့ဘက်ကို မေးထိုးပြလိုက်ပါတယ်။ နောက်ပြီး ကျနော်တို့ကိုလည်း တချက်ကြည့်ပြီး ‘သူတို့ပဲ’ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ခေါင်းညိတ်ပြပါတယ်၊ ကျနော်တို့ကလည်း ထိုင်ရာကနေ ငေါက်ခနဲ ထလိုက်ပါတယ်။ နောက်ပြီး အားလုံးကို လေးစား ကျေးဇူးတင်တဲ့သဘော ခါးညွှတ်ပြုံးပြပြီး ရှေ့က လူနှစ်ယောက် - အော် ရဲဘော်နှစ်ယောက်ရဲ့နောက်ကနေ ကောက်ကောက်ပါ လိုက်သွားခဲ့ကြပါတယ်။
အပြင်မှာ လသာနေပါတယ်။ လပြည့်မဟုတ်လို့ ထိန်ထိန်လင်းနေတာတော့ မဟုတ်ပါဘူး။ ညီအစ်ကို သဲသဲကွဲကွဲ မြင်နိုင်တဲ့ အလင်းရောင်မျိုး ရှိနေပါတယ်။ ကျနော်တို့ စကားတခွန်းမှမပြောဘဲ သုတ်သုတ်လျှောက်ကြပါတယ်။ ရွာက ထွက်တယ်ဆိုတာနဲ့ တောတန်းထဲကို တန်းဝင်တာပါပဲ။ တောလမ်းလေးတခုအတိုင်း ခပ်ပြေပြေ တက်ခဲ့ကြပါတယ်။ လမ်းကလေးဖုံဖုံက လရောင်အောက်မှာ ကိုယ့်ကို ခေါ်သွားပါတယ်။
နာရီဝက်လောက် လျှောက်မိတော့ လမ်းအတိုင်း ထိုင်စောင့်နေကြတဲ့ သေနတ်ကိုင် ရဲဘော် ၇ ယောက် ၈ ယောက်ကို ဘွားခနဲ တွေ့ရပါတယ်။ ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲကလို အချက်ပေးသံတို့ ဘာတို့ ဘာမှ သတိမထားမိပါဘူး။ ကျနော်တို့ အဲဒီနေရာမှာပဲ ထိုင်ချလိုက်ပြီး လက်ဆွဲ နှုတ်ဆက်ကြ၊ မိတ်ဆက်ကြပါတယ်။
ကျနော့်ကိုလာကြိုတဲ့အဖွဲ့ကို ခေါင်းဆောင်လာသူက ၁၀၈ စစ်ဒေသ ကော်မတီ ရဲဘော် (ဦး)သောင်းတင် ဖြစ်ပါတယ်။ အဲဒီအချိန်က အသက် ၅၀ ကျော်ပြီဖြစ်တဲ့ သူ့ကို အများက ဦးလေးသောင်းလို့ ခေါ်ကြပါတယ်။ ကျနော်တို့ကို ရွာမှာလာကြိုတဲ့ ရဲဘော်နှစ်ယောက်ရဲ့ နာမည်တွေက ရဲဘော်ဝင်းအောင်နဲ့ ရဲဘော်လှတင့်တို့ ဖြစ်ပါတယ်။
သူတို့နဲ့ အဲဒီလို စကားပြောနေကြတုန်းမှာ ကျနော့် မျက်စိတွေက သူတို့ ဦးထုပ်ပေါ်က ကြယ်နီနဲ့ သူတို့ လက်ထဲက သေနတ်တွေဆီကိုပဲ ရောက်နေပါတယ်။ ဒါကို သတိထားမိတဲ့ ဦးလေးသောင်းက ပြုံးပြီး သူ့ရဲ့ ဦးထုပ်ကို ချွတ်ပေး၊ ရဲဘော်တယောက်ဆီက အမ် -၂၃ သေနတ်တလက်ကို ယူပေးပါတယ်။ လရောင်လေး မှိန်မှိန်အောက်မှာပေမယ့် ကြယ်နီရော သေနတ်ရောပါ တလက်လက် တောက်နေတယ် ထင်ရပါတယ်။ အင်မတန် ထူးခြားတဲ့ ခံစားမှုတခု ပေါ်လာပါတယ်။
ကျနော် တောခိုခဲ့ပါပြီ။ သူပုန် - အဲ - လက်နက်ကိုင်တော်လှန်ရေးသမား ဖြစ်ပါပြီ။ ။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment