Thursday, December 8, 2011

အရေးတော်ပုံကြီး .... လူများ၊ အဖြစ်အပျက်များ (၂) - ကမာပုလဲ

၁၉ ဇူလိုင် လူထုတိုက်ပွဲ တပ်ဦးကျိုးအပြီးမှာ စစ်အာဏာရှင် နဝတရဲ့ လူဖမ်းပွဲတွေ ခြိမ့်သဲကျင်းပပါတော့တယ်။ သမိုင်းအရ အစဉ်အလာလည်းရှိ၊ စစ်အုပ်စုကို သမိုင်းအရရော တိုက်ပွဲအရပါ အန္တရာယ်ပေးနိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို အဓမ္မ ဖျက်သိမ်းတာ၊ ဖမ်းဆီးတာတွေ လုပ်ပါတော့တယ်။ တချိန်တည်းမှာလို ပါတီစုံ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ပြင်ဆင်လာခဲ့ပါတယ်။

စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ်ကိုသာ စွဲစွဲမြဲမြဲ ကျင့်သုံးတယ်။ ပဲခူးတိုင်း ဝေါနယ်မှာ လယ်သမားတွေကို ရိုက်နှက်ဖမ်းဆီးကာ တာဝန်ကျေစပါးကို အတင်းအကျပ် ရောင်းခိုင်း ဝယ်ယူနေတယ်။ ဒါကို ကျောင်းသားပါတီ ဥက္ကဋ္ဌက ကန့်ကွက်စာကို ကိုယ်တိုင်လက်မှတ်ရေးထိုး ထုတ်ဝေပါတယ်။ အနယ်နယ် အရပ်ရပ်မှာ ဖွင့်လှစ်ထားတဲ့ ပါတီရုံးခွဲတွေကိုလည်း ကန့်ကွက်စာကို ကော်ပီကူးပြီး လူထုထံ ဖြန့်ဝေဖို့ ဌာနချုပ်မှ ညွှန်ကြားလာပါတယ်။ ညွှန်ကြားချက်အတိုင်းဆောင်ရွက်ခဲ့လို့ ဇာတိ နယ်မြို့ကလေးရဲ့ မြို့နယ် စီးရုံးရေးကော်မတီဝင် ၁၀ ဦးရှိရာမှာ မြို့နယ် ဥက္ကဋ္ဌ အပါအဝင် ၇ ဦး ဖမ်းဆီး ထောင်ချခံရပါတယ်။ ပုဒ်မတွေကတော့ ပုံနှိပ်ဥပဒေပုဒ်မ ၂၀ နဲ့ ၅၀၅ (ခ)ပါ။ ထိုအချိန်က မြို့ကလေးမှာ စစ်ခုံရုံး ဖွင့်မထားပါဘူး။ စစ်တပ် တပ်ရင်း အခြေစိုက်ရာမြို့ မဟုတ်လို့ ဖြစ်ပါလိမ့်မယ်။

ဗဟို ညွှန်ကြားချက်နဲ့ပတ်သက်လို့ မြို့နယ်က လိုက်နာဆောင်ရွက်ရာမှာ မြို့နယ်ပါတီ စည်းရုံးရေးကော်မတီအတွင်း အတွေးအခေါ် လှုပ်ရှားမှုလုပ်ခဲ့ပါတယ်။ တကယ်လို့ ရန်သူကဖမ်းဆီးခဲ့ရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာပါပဲ။ ဗဟို ညွှန်ကြားချက်က သဘောထား ဘယ်လိုရှိပါသလဲပေါ့။ ဒီအခါမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးလုပ်သူက ဖမ်းတာက ရန်သူ့ အလုပ်၊ ကန့်ကွက်စာ ဖြန့်ဝေရမှာက မြို့နယ် ပါတီရုံးတွေရဲ့အလုပ်လို့ ဆိုပါတယ်။ ဒါဟာ မြေပေါ်နိုင်ငံရေးရဲ့ ကျင့်ဝတ် ဖြစ်ပါလိမ့်မယ်။ စည်းရုံးရေး ကော်မတီဝင် အားလုံး သဘောတူကြတယ်။ ပထမ ဥက္ကဋ္ဌ အပါအဝင် ရဲဘော်လေးဦး ဖမ်းဆီးခံရတယ်။ (ဥက္ကဋ္ဌ ရဲဘော် အံ့ဇော်၊ ရဲဘော် ကျော်ကျော်မွှေး၊ ရဲဘော် ကျော်တင့်မောင်နဲ့ ရဲဘော် တင်နိုင်ထွန်း (လွတ်မြောက်နယ်မြေ ကျဆုံး) တို့ဖြစ်ပါတယ်။ ပုံနှိပ် ပုဒ်မ ၂၀ နဲ့ပါ။

နောက် တသုတ်က မိမိကိုယ်တိုင်ဖြစ်ပြီး မြို့နယ်မှာရှိတဲ့ မဟာမိတ်ပါတီတွေဖြစ်တဲ့ ပြည်သူ့တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ရဲဘော်အေးသန်း ရယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စည်းရုံးရေးမှူး ရဲဘော်ကျူရှင်ဆရာ ဦးထွန်းမြင့်အောင်ရယ် စုစုပေါင်း သုံးဦး အမှုတွဲ ဖြစ်ပါတယ်။ ပုဒ်မ ၅၀၅(ခ) ဖြစ်ပါတယ်။

နောက် တတိယအသုတ်ကျတော့ အထွေထွေအတွင်းရေးမှူး ရဲဘော် ကျော်တင့်ဦး အဖမ်းခံရပါတယ်။ သူကတော့ ပြည်သူ့တိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ရဲဘော် ဇော်ဖေနှင့် အမှုတွဲဖြစ်ပါတယ်။ ပုဒ်မ ၂၀ ဖြစ်ပါတယ်။ နောက်ဆုံး အသုတ်ကျတော့ မြို့နယ် စီးရုံးရေးကော်မတီဝင် ရဲဘော် ဂျပန်ကြီး (ခေါ်) ကျော်မျိုးသန့်နဲ့ ပြည်သူ့တိုးတက်ရေးပါတီက မြို့နယ်စည်းရုံးရေးမှူး ရဲဘော် ကျော်ဇံလှတို့ ဖြစ်ပါတယ်။ ရဲဘော် ဂျပန်ကြီး ခေါ် ကျော်မျိုးသန့်ဟာ မအူပင် အကျဉ်းထောင်ထဲမှာပဲ အသည်းထဲ ဝမ်းကိုက်ပိုးဝင် ရောဂါနဲ့ ကျဆုံးခဲ့သူ ဖြစ်ပါတယ်။ 

ဒီနေရာမှာ ပြောချင်တာက အတွေးအခေါ်ကိစ္စ ဖြစ်ပါတယ်။ ကျောင်းသားပါတီရဲ့ နယ်မြို့ကလေးက စည်းရုံးရေးမှူးတွေ အခုလို လယ်သမားတွေဖက်က ရပ်တည် စာဖြန့်ဝေလို့ ဆက်တိုက် ဖမ်းဆီးခံနေရတာကို အချို့က ဒီလုပ်ရပ်နဲ့ တိုက်ပွဲပုံသဏ္ဌာန်ဟာ မှားတယ်လို့ ဆိုပါတယ်။ ထောင်ထဲရောက်ရင် ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး။ အပြင်မှာ အများကြီး လုပ်လို့ရတယ်လို့ ဆိုပါတယ်။ ကျနော်တို့ကလည်း ဒါဟာ မြေပေါ်ပါတီတရပ်ရဲ့ ပါတီဝင်တွေဟာ ဒီမိုကရေစီ ဗဟိုဦးစီးစနစ်ကို နာခံပြီး အပြင်မှာ လုပ်ရမယ့်၊ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးအလုပ်ကို လုပ်တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ အဓိက အချက်ကတော့ ကိုယ့်ပါတီ၊ ကိုယ့်တာဝန်၊ ကိုယ့်လုပ်ဟန်အပေါ်မှာ အတွေးရှင်း၊ အမြင်ရှင်း ရပ်တည်ချက် ရှင်းနေဖို့လိုတယ်လို့ အားလုံးက ခံယူကြပါတယ်။ ကျန် သုံးယောက်က သူတို့လည်း စာ ဆက်ဖြန့်မယ်။ သူတို့လည်း ဖမ်းရင်ခံမယ်ဆိုလို့ တားရပါသေးတယ်။

အချုပ်ဝင်စာ လာတွေ့သူတွေနဲ့ အကျိုးအကြောင်း ရှင်းပြရတယ်။ ဒါလောက်ဆို ဒို့ မြို့နယ်က ဗဟို ညွှန်ကြားချက်အပေါ်မှာ တာဝန်ကျေပြီ။ ကျန်သုံးယောက်က ပါတီကို ဆက်သယ်ဆောင်ပါပေါ့။ သူတို့က အများဆုံးဖြတ်ချက်မို့သာ လိုက်နာကြတယ်။ စိတ်ထဲကတော့ သိပ်မကျေနပ်ချင်ကြပါဘူး။ ဒါဟာ သိပ်ချစ်ဖို့ကောင်း၊ တန်ဖိုးထားစရာကောင်းတဲ့ တိုက်ပွဲဝင်ကျောင်းသား စိတ်ဓာတ်လို့ ပြောရပါလိမ့်မယ်။ စီရင်ချက်ချပြီး ထောင်ဒဏ်ချမှတ်လိုက်တော့ မအူပင် အကျဉ်းထောင်မှသည် တွံတေး ရွှေသူဌေး ရဲဘက်စခန်း၊ ယင်းမှသည် အင်းစိန်ထောင်သို့ ရောက်ရှိခဲ့ပါတယ်။

ထောင်ထဲ စတင်ရောက်ရောက်ချင်း မိတ်ဆက်ခံရတာက အကျဉ်းသား မှတ်ပုံတင်ရာမှာ အမှုအမည်ကို အမေးခံရတာပါပဲ။ ဘာမှုလဲလို့ မေးတော့ နိုင်ငံရေးမှုလို့ဖြေတယ်။ တကယ်လည်း နိုင်ငံရေးလုပ်လို့ ထောင်ချခံရတာကိုး။ ဒါကို ဟေ့ ဒီမှာ နိုင်ငံရေးမှု မရှိဘူးကွ၊ နိုင်ငံရေးလုပ်တဲ့သူတွေကို မဖမ်းဘူး။ အပြစ်ရှိတဲ့သူတွေကိုသာ ဖမ်းတာတဲ့။ ဒါ့ကြောင့် ခု ဗိုလ်သိန်းစိန် ပြောနေတဲ့ နိုင်ငံရေးမှုနဲ့ ဖမ်းတာမရှိဘူးဆိုတာ သိပ်တော့ ဆန်းလှတယ် မဟုတ်ပါဘူး။ စစ်အာဏာရှင်ဆိုတာမျိုးက ဗြောင်လိမ်ရမှာကို မရှက်၊ မကြောက် လုပ်ဝံ့ကြသူတွေပဲ။ ဟစ်တလာမှ ဒီကနေ့ စစ်အာဏာရှင်တွေ အထိပါပဲ။

စိတ်မကောင်းစရာ ဖြစ်ခဲ့ရတာက မိမိရဲ့ ကျောင်းသားပါတီ ကိစ္စပါ။ ထောင်ထဲ မဝင်ရခင်မှာ ပါတီ နှစ်ခြမ်းကွဲဖို့ ဖြစ်လာခဲ့ပါတယ်။ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကြား (ရဲဘော် မိုးသီးဇွန်နဲ့ ရဲဘော် မိုးဟိန်း၊ ရဲနိုင်အောင်တို့ အကြား) ဖြစ်တဲ့ ပြဿနာမီးပွားကလေးတွေက စတယ်လို့ သဲ့သဲ့ကြားနေခဲ့ပါတယ်။ ဗဟိုကနေ ဥရောပက မီလိုဗန်ဂျီးလာစ်ရဲ့ လူတန်းစားသစ် (new class) ကို အခြေခံမှီငြမ်းထားတဲ့စာ နယ်တွေကို ဖြန့်ဝေလိုက်ကတည်းက တခုခုတော့ ဖြစ်တော့မယ်ဆိုတာ စိတ်ထဲက ထင်မြင်နေမိပါတယ်။ နောက်တော့ `ကြိုးမဲ့ လေတံခွန်´ စာတမ်း ထွက်လာပါတယ်။ ဥက္ကဋ္ဌ လုပ်သူမှာ ထောက်လှမ်းရေးက လိုက်ဖမ်းနေတဲ့အတွက် တောခိုသွားကြာင်း သိရတယ်။

၁၉၉၀ မေလမှာ ရွေးကောက်ပွဲ လုပ်ပါတယ်။ အင်နယ်ဒီ အပြတ်အသတ် နိုင်ပါတယ်။ မှော်ဘီ၊ ကိုကိုးကျွန်း၊ မင်္ဂလာဒုံ တို့လို စစ်တပ်အခြေစိုက် နယ်များမှာပါ ဒီမိုကရေစီက ပြတ်ပြတ်သားသား နိုင်ခဲ့တာပါ။ အင်းစိန်ထောင်ထဲက ထောင်ဝန်ထမ်းတွေရဲ့ တီးတိုးပေး သတင်းစကားတွေအရကို ဒီမိုကရေစီ အောင်ပွဲသတင်းတွေ ကြားနေရတာ ဖြစ်ပါတယ်။ သူတို့ကလည်း ခမောက်ကို မဲထည့်ခဲ့သတဲ့။ သူတို့လည်း ဒီမိုကရေစီ ငတ်မွတ်နေတဲ့ ပြည်သူတွေထဲက ပြည်သူတွေပါပဲ။ ညနေပိုင်းမှာတော့ စစ်အုပ်စုရဲ့ ဘီလူးဗီဇကို ကပြအသုံးတော်ခံပါတော့တယ်။ နိုင်ငံရေးအကျဉ်းသား အတော်များများကို အဆောင်၊ အကျဉ်းတိုက်တွေကနေ ခေါ်ထုတ်လာပါတယ်။ ခြေကျင်း ရိုက်တယ်။ ညပိုင်းမှာ သီးသန့်ဆောင်ကို ပို့တယ်။ မနက်မိုးမသောက်မီ မြို့၊ နယ် အကျဉ်းထောင် အသီးသီးဆီ ခွဲပြီး ပို့လိုက်ကြပါတယ်။ ဟိုတုန်းကလို ကိုကိုးကျွန်း အကျဉ်းစခန်းသာရှိနေခဲ့ရင် ကမ်းမမြင် လမ်းမမြင် ကိုကိုးကျွန်းကိုပို့မှာ သေချာပါတယ်။

ရွေးကောက်ပွဲ မတိုင်မီ နဝတ စစ်ခေါင်းဆောင် ဗိုလ်စောမောင်ရဲ့ ကမ္ဘာသိ ကတိစကားတွေဟာ ရွေးကောက်ပွဲအပြီးမှာတင် ယုံတမ်းပုံပြင်ဖြစ်သွားခဲ့ပါတယ်။ ခုခေတ် စကားနဲ့ပြောရရင် `အရူးသိုင်း ကတယ်´ လို့ ပြောရမှာပါပဲ။ မည်သို့ဖြစ်စေ ၁၉၉၀ ရွေးကောက်ပွဲဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့အဆက် လူထုရဲ့ ဒီမိုကရေစီ တိုက်ပွဲဖြစ်တယ်။ တပ်ဦးပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်တယ်။ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်သူဟာ နေအိမ်မှာ အကျယ်ချုပ် ချုပ်ခံထားရတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ လူထုကြီးရဲ့ တိုက်ပွဲဝင် အောင်သီးအောင်ပွင့် ဖြစ်တယ်။ ၁၉၉၀ အောင်ပွဲရလဒ်ကို မြဲမြဲခိုင်ခိုင်ကိုင်စွဲရင်း ဒီမိုကရေစီပန်းတိုင်ကို မရောက်ရောက်အောင် တိုက်ပွဲဝင် ချီတက်ဖို့ပဲ ဖြစ်ပါတယ်။

ထောင်ထဲမှာ ရွေးကောက်ပွဲရဲ့ အောင်ပွဲရလဒ်ကနေ ဒီမိုကရေစီကို အိပ်မက်မက်ခဲ့တယ်။ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လွှတ်တော်ကိုယ်စားလည်များဟာ လူထုအတွက် ဒီမိုကရေစီအရေးကို ဘယ်သို့ ဘယ်ပုံ တိုက်ပွဲဝင်ကြမလဲပေါ့။ ၁၉၉၀ ခုနှစ် ဇူလိုင်လ ဂန္ဓီခမ်းမမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အစည်းအဝေးခေါ်ထားပါတယ်။ အဲဒီ ဂန္ဓီခမ်းမ အစည်းအဝေးကနေ လူထုအတွက် လူထုတင်မြောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ ဒီမိုကရေစီ အစိုးရကို ဖွဲ့စည်းလေမလား ...။ နဝတရဲ့ ကတိစကားကို တရားမျှတတဲ့ ဒီမိုကရေစီ အစိုးရဖွဲ့စည်းခြင်းဖြင့် လူထုကို ဒီမိုကရေစီဘက်ကမ်းသို့ ဦးဆောင်ကာ ပို့လေမလား ... ။ လူထုကလည်း ၈၈၈၈ အရေးတော်ပုံကြီးတုန်းကလို ဒီမိုကရေစီ အစိုးရသစ်ကို ဝိုင်းရံဖို့ အသင့်၊ လိုအပ်ရင် လူထုတိုက်ပွဲတွေ ကျင်းပတိုက်ပွဲဝင်ဖို့ အဆင်သင့်ပါ။ ရင်ခုန်ရလွန်းတဲ့ အချိန်ကာလများ ....။

ဂန္ဓီအစည်းအဝေးဟာ လူထုရဲ့ ဒီမိုကရေစီအတွက် တိကျတဲ့ အဖြေထွက်မလာဘဲ ပြီးဆုံးသွားပါတယ်။ အာဏာရ စစ်အစိုးရကို ကတိအတိုင်း လွှတ်တော်ခေါ်ပေးဖို့ ... အချိန်သတ်မှတ်ချက် ပေးဖို့ အသံမျှသာ ...။ စစ်အုပ်စုကလည်း ၁/၉၀ အမိန့်ကြေညာချက်နဲ့ ပါတီတွေကို အကြပ်ကိုင် လက်မှတ်ထိုးခိုင်းစေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်လို့ ပါတီများ လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒီမိုကရေစီအစိုးရသစ် အိပ်မက်သည်ကား ရွှေပြည်တော် မျှော်တိုင်းဝေးခဲ့ပြီလား ...။ လွမ်းပါတယ် ထိုအချိန်က ရန်ကုန် ညများဆီ ...။ ။

ကမာပုလဲ
၀၇၊ ၁၂၊ ၂၀၁၁။

(ဓာတ်ပုံ - ရဲဘော် ဂျပန်ကြီး ခေါ် ကျော်မျိုးသန့် ရဲ့ ဈာပန)

အဲဒီအကြောင်းကို ရဲဘော် အံ့ဇော် ရေးထားတဲ့ ဆောင်းပါးကို ဒီနေရာတွေမှာ ဖတ်နိုင်ပါတယ် …




 

No comments: