Friday, December 5, 2008

အံ့ဇော် (နေလှန်းခံ လယ်သမားတွေရဲ့ ရှေ့မှာ)




၁၉၈၉ ရဲ့ ဖေဖော်ဝါရီ ၁၂ နေ့ မနက်။


လက်ဖက်ရည်ဆိုင်ထိုင်ဖို့ မြို့နယ်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးမှာ ပါတီဝင်ရဲဘော်တွေ တယောက် တကျပ်၊ နှစ်ကျပ် စုကြတယ်။ ညနေကြရင် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပမှာဆိုတော့ အဲဒီနေ့မနက်က လူအတ်ာစုံပါတယ်။ ရှိနေတဲ့လူဦးရေနဲ့ စုမိတဲ့ငွေတို့ လောက်ငှလောက်ပြီဆိုတော့ ပါတီရုံးနဲ့မနီးမဝေးက လက်ဘက်ရည်ဆိုင်ကို ထွက်ခဲ့ကြပါတယ်။


လက်ဘက်ရည်ဆိုင်ထိုင်မိတယ်ဆိုရင်ပဲ တဖက်စားပွဲဝိုင်းက ရှေ့နေ ၂ ယောက်က … “ညီလေးတို့၊ ညက ငြိမ်ပိ အစည်းအဝေးမှာ ညီလေးတို့ကို ဘယ်လိုအရေးယူရင်ကောင်းမလဲလို့ ဥပဒေအကြံပေးတွေနဲ့တိုင်ပင်ပြီး ပုံနှိပ် ၂ဝ နဲ့ အရေးယူမယ်လို့ ပြောသံကြားတယ်။ သတိထားနေကြပါ” လို့ ပြောလာပါတယ်။


ဒီဖြစ်စဉ်ရဲ့အစကတော့ ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာရှိတဲ့ လယ်သမားတွေကို အာဏာပိုင်တွေက ရိုက်နှက်ပြီး အတင်းအဓမ္မ စပါးဝယ်ယူ ခဲ့တယ်။ ဒီကိစ္စကိုအရေးယူပေးဖို့ ပါတီဌာနချုပ်ကနေပြီး နဝတဥက္ကဋ္ဌဆီကို စာရေးတောင်းဆိုခဲ့တယ်။



ဒီလိုတောင်းဆိုတဲ့စာကို ဘိုကလေး လူ့ဘောင်သစ်တွေက မိတ္တူပွားပြီး မြို့နယ်အတွင်းမှာ ထောင်ချီဖြန့်ခဲ့တာပါ။ မြို့ထဲမှာ စက်ဘီးနဲ့ ကြဲဖြန့်တာမျိုးတို့၊ ဈေးထဲမှာလိုက်ဝေတာတို့၊ နယ်ထွက်မဲ့သင်္ဘောတွေကို ဆင်းဝေတာမျိုးတို့ လုပ်ခဲ့တယ်။


ဒီအရင်က တခြားစာတွေကိုလည်း ဖြန့်ဝေခဲ့ပေမယ့် ဘာဖြစ်လို့ဒီစာကိုမှ အရေးတကြီး ဖြန့်ဝေခဲ့ရတာလဲ။ ဘာကြောင့် အများအပြား ဖြန့်ဝေခဲ့တာလဲဆိုတော့ နောက်ခံအကြောင်းအရင်းတွေ ရှိပါတယ်။


ဘိုကလေးမှာလည်း ဝေါမြို့နယ်နဲ့ အလားတူတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်နေခဲ့လို့ပါပဲ။


ဝါးရင်းတုတ် … (နာမည်မမှတ်မိတော့) လို့တောင် အမည်တွင်နေတဲ့ စစ်အစိုးရလက်ကိုင်တုတ်တယောက်ဆိုရင် ရာထူးကသာ သုံးရစ်ပဲ ရှိတယ်၊ လယ်သမားတွေကို အတင်း စပါးလိုက်ရောင်းခိုင်း။ မရှိလို့ဘဲဖြစ်ဖြစ်၊ မရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ စပါးမထွက်သေးလို့ပဲဖြစ်ဖြစ် ချက်ချင်းမရောင်းနိုင်သေးရင် သဲသောင်ပြင်ပေါ်မှာ ဝမ်းလျှားမှောက်ခိုင်းပြီး ဝါးရင်းတုတ်နဲ့ ရိုက်ပါတယ်။ ရိုက်ပြီးတော့ မပြီးသေးဘူး။ နေပူမှာ ဝမ်းလျှားမှောက်လျက်နဲ့ နာရီများစွာ နေဆက်လှန်းပါတယ်။


ဒီကိစ္စကို ပါတီဥက္ကဋ္ဌကတဆင့် နဝတ ဥက္ကဋ္ဌ စောမောင်ဆီကို ကန့်ကွက်စာတင်မလို့ လုပ်နေတုန်းမှာပဲ ပါတီ ဌာနချုပ်ကနေ ပဲခူးတိုင်း၊ ဝေါမြို့နယ်ကိစ္စ စာထွက်လာပါတယ်။


ဒီတော့ ဥက္ကဋ္ဌကတဆင့် စာတင်နေရင်ကြာမယ်။ ဒီမှာ လောလောဆယ် ပြည်သူတွေ ခံနေရပြီ။ ဒါကြောင့် ပါတီ ဋ္ဌာနချုပ်ကစာကိုပဲ မိတ္တူကူးပြီးဖြန့်ရင် ဘယ်လိုပဲဖြစ်ဖြစ် အနည်းနဲ့အများဆိုသလို တန့်သွားမှာဖြစ်တယ်လို့ ဆွေးနွေးဆုံးဖြတ်ပြီး အဲဒီစာကို ဖြန့်ခဲ့တာပါ။ ဖြန့်ဝေရင်လည်း များများနဲ့ အကျယ်အပြန့်ဖြန့်မှဖြစ်မယ်ဆိုပြီး လုပ်ခဲ့ကြတာပါ။


အကျိုးသက်ရောက်မှုက ရှိလာတယ်။ စစ်တပ်က လယ်သမားတွေကို ရိုက်နှက်ပြီး စပါးဝယ်ယူနေတယ်။ ဖမ်းပြီး အချုပ်ထဲလည်း ထည့်နေတယ်။ ဒေါက်တာမောင်မောင်လက်ထက်ကတည်းက အစိုးရက စပါးမဝယ်တော့ဘူး၊ လွတ်လပ်စွာ စိုက်ပျိုးရောင်းချပိုင်ခွင့်ရှိ တယ်လို့ ကြေငြာထားခဲ့ပေမယ့် အခုတော့ ဥပဒေမဲ့ လုပ်နေကြတယ်။



ဒါကို လူ့ဘောင်သစ်က နဝတ ဥက္ကဋ္ဌကို စာတင်နေပြီ စသည်ဖြင့် မြို့ထဲမှာ သတင်းတွေပြန့်နှံ့လာတယ်။


ဒီအကြောင်းကို လက်ဘက်ရည်ဆိုင်တွေ၊ ဈေးဆိုင်တွေ၊ ရပ်ကွက်ထဲတွေသာမက နောက်ဆုံး အရက်ဆိုင်တွေမှာပါမကျန်အောင် ပြောဆိုလာရုံမှမကဘူး၊ နယ်ရော မြို့ရော လယ်သမားတွေ၊ အလုပ်သမားတွေ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတော့တယ်။ ဒီတော့မှ နယ်မှာ ဖမ်းထားတဲ့ လယ်သမားတွေကို ငြိမ်ပိက လွှတ်ပေးလိုက်ရပါတော့တယ်။


ငြိမ်ပိဘက်ကလှုပ်ရှားမှုကိုတော့ ကျနော်တို့ မသိခဲ့ရပါဘူး။ အဲဒီနေ့မနက် ရှေ့နေတွေပြောမှ သိရတာပါ။ အဲဒီနေ့ မတိုင်ခင် နှစ်ရက်သုံးရက်လောက်က သတင်းစာမှာ ‘နိုင်ငံရေးပါတီများ၊ ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ အက်ဥပဒေကိုချိုးဖောက်’ ခေါင်းစဉ်နဲ့ သတင်းတွေပါ လာတာရှိပါတယ်။ ဒါပေမယ့် ဒီစာဟာ စောမောင်ဆီကို တိုက်ရိုက်တင်ခဲ့တဲ့စာဖြစ်လို့ တရားဝင်စာဖြစ်နေပါတယ်။


လက်ဘက်ရည်ဆိုင်ကအပြန် ရုံးရောက်တယ်ဆိုရင်ပဲ ငြိမ်ပိက အစည်းအဝေးဖိတ်စာရောက်နေပါတယ်။ ဖတ်ကြည့်လိုက်တော့ နိုင်ငံရေး ပါတီများအားလုံး ခေါင်းစဉ်နဲ့ နိုင်ငံရေးပါတီများ စာရွက်စာတမ်းများ ဖြန့်ဝေနေသည့်ကိစ္စဆိုပြီး အကြောင်းအရာမှာ ရေးထားပါတယ်။


ဒီတော့ ကျနော်တို့အားလုံးဝိုင်းပြီး စဉ်းစားကြပါတယ်။


အခုသွားတဲ့လူဟာ အဖမ်းခံရဖို့ များတယ်။ မသွားရင် စာဝေတုန်းကဝေပြီး မလာရဲဘူးဆိုပြီး ပါတီ သိက္ခာကျမယ်။ အခြားပါတီတွေလည်း လာကြမှာဖြစ်တယ်။ ဥက္ကဋ္ဌက မဖြစ်မနေသွားရမှာဖြစ်တယ်။ ကျန်တဲ့သူတွေနေခဲ့ကြဆိုတော့ ပါတီမြို့နယ်ကော်မတီအားလုံး လိုက်မယ် ဖြစ်ကြပါတယ်။ အားလုံးအဖမ်းခံမယ် ဖြစ်ကြပါတယ်။ ဟိုလူ မလိုက်နဲ့၊ ဒီလူ မလိုက်နဲ့,နဲ့ အငြင်းပွားကြရင်း နောက်ဆုံး စုစုပေါင်း ၄ ယောက် အဲဒီအစည်းအဝေးကို တက်ခဲ့ကြပါတယ်။


အစည်းအဝေးကို တစည အပါအဝင် ဘိုကလေးမှာရှိတဲ့ နိုင်ငံရေးပါတီအားလုံး တက်ကြတာပါ။ အစည်းအဝေး စလျှင်စချင်းပဲ ဘိုကလေး ငြိမ်ပိဥက္ကဋ္ဌ ဗိုလ်မှူးစိန်သန်းက နိုင်ငံရေးပါတီတွေအနေနဲ့ စာရွက်စာတန်းတွေ မဖြန့်ဝေဖို့၊ ဖြန့်ဝေမယ်ဆိုရင် ဖြန့်ဝေမယ့်စာကို သူတို့ကို ကြိုတင်တင်ပြဖို့ အပြင်းအထန် သတိပေးတယ်ဆိုပြီး ကျနော်တို့စာကို ထောင်ပြတယ်။ ဒါမျိုးတွေ မဖြန့်ရဘူး၊ အခု သတိပေးတာကို သိရှိလိုက်နာပါမည့်အကြောင်း လက်မှတ်ထိုးပေးပါလို့ ပြောတယ်။


ကျနော်တို့က လက်မှတ်ထိုးမပေးနိုင်ဘူးပြောတော့ ဒါဆိုရင် သတိပေးတာကိုသိရှိကြောင်းတော့ ထိုးပေးပါလို့ ဆိုပြန်တယ်။ အဲဒီအခါမှာ ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌက စာရွက်စာတမ်းဖြန့်ဝေတယ်ဆိုတာ နိုင်ငံရေး ပါတီတွေရဲ့အလုပ်ဖြစ်လို့ ပါတီဗဟိုကော်မတီက တာဝန်ပေးရင် ကျနော်တို့က ဖြန့်ရမှာပဲ၊ သိရှိကြောင်းလည်း လက်မှတ်ထိုးမပေးနိုင်ဘူးလို့ ထပြောပါတယ်။ အခြေအတင် စကားများကြ ရတာကိုတော့ ထည့်မရေးတော့ပါဘူး။


(တစည)မှတပါး ဘယ်နိုင်ငံရေးပါတီမှ လက်မှတ်ထိုးမပေးကြပါဘူး။ ဒီအချိန်က ဘိုကလေးမှာရှိတဲ့ နိုင်ငံရေး ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့တိုးတက်ရေးပါတီ၊ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ဒီငြိမ်း၊ ဒီမိုကရေစီပါတီ၊ တစည စတာတွေဖြစ်ပါတယ်။


နောက်ဆုံး လူ့ဘောင်သစ်က ကျောင်းသားတွေနဲ့ သီးသန့်ဆွေးနွေးစရာရှိလို့ ခဏစောင့်ပါ။ ကျန်တဲ့ နိုင်ငံရေးပါတီတွေ ပြန်နိုင်ပါပြီ လို့ ပြောတော့ ကျနော်တို့လည်း စောင့်နေကြပါတယ်။


အဲဒီအချိန်မှာပဲ စခန်းမှူးနဲ့ ရဲတချို့ဟာ အစည်းအဝေးခန်းဝမှာ စောင့်နေကြပါပြီ။ ကျနော်တို့လည်း မဟာမိတ် ပါတီကလူတွေနဲ့ အခြေအနေ မကောင်းဘူး၊ ဖမ်းလိမ့်မယ်လို့ ဆိုပြီး အိမ်ကို မှာလိုက်ကြပါတယ်။


ငြိမ်ပိရုံးရဲ့ဆက်သွယ်ရေး စက်ခန်းထဲကနေ လူ့ဘောင်သစ်၊ လူ့ဘောင်သစ် ဆိုတဲ့အသံတွေ ညံနေအောင် ကြားနေရပါတယ်။ ခဏနေ တော့ အထက်အမိန့်စောင့်နေရလို့ပါ၊ ပြီးရင်ပြန်လို့ရပါပြီလို့ လာပြောပါတယ်။


ဒါဆိုရင် ရဲတွေကို ဘာလို့ ဒီမှာခေါ်ထားရတာလဲလို့ ကျနော် တို့ကမေးတော့ လုံခြုံရေးအတွက်ပါလို့ပဲ ပြန်ဖြေ တယ်။ ကျနော်တို့လည်း ဗိုက်ဆာလာတော့ လက်ဘက်ရည်ဆိုင်ထွက်ထိုင်တော့ စခန်းမှူးက လိုက်လာပါတယ်။ ပြီးတော့ ညီလေးတို့ပြန်လာကြနော် လို့လည်း လာပြောပါတယ်။ ကျနော်တို့က “စိတ်ချ၊ ခင်ဗျားတို့ဖမ်းလည်း ကျနော်တို့ ပြန်လာမှာပဲ”လို့ ပြောလိုက်တယ်။


ဒီလိုနဲ့ ညဆယ်နာရီထိုးလောက်အထိ ငြိမ်ပိရုံးမှာ စောင့်နေရပြီး နောက်ဆုံးမှာတော့ ညီလေးတို့ကို အထက်အမိန့်အရ အချုပ်ထဲကို ခဏ ထည့်ရမယ် လိုက်ခဲ့ကြပါဆိုပြီး လာခေါ်တယ်။



အစကတည်းကဖမ်းဖို့ဟာကို ဘာလို့အချိန်တွေ စောင့်နေရတာလဲလို့ ကျနော်တို့ကပြောပြီး ၄ ယောက်သား ချွတ်ထားတဲ့ ပင်နီလေး တွေပြန်ဝတ်ပြီး အချုပ်ထဲကို ဝင်ကြပါတယ်။ အဲဒီအချုပ်က လူ ၂၄ ယောက်သာ ထားရမယ်လို့ သတ်မှတ်ထားတာဖြစ်ပေမယ့် အထဲမှာ ၁၁ဝ-၁၂ဝ အထိ နေခဲ့ကြရပါတယ်။ ၂၄ ယောက်တောင် ချောင်ချောင်ချိချိ နေလို့မရတဲ့အချုပ်ကို လူ ၁၂ဝ လောက်နဲ့ဆိုတော့ ပြောစရာ တောင်မှ မလိုလောက်ပါဘူး။


အပြင်မှာ ကျန်ခဲ့တဲ့ရဲဘော်တွေ၊ မိဘတွေကလည်း စိတ်ပူကြပေါ့။ အဲ … နေ့ခင်းက ရဲဘော်တချို့အခြေအနေ လာကြည့်ပါသေးတယ်။ ငါတို့ကို ဖမ်းမှာပဲ။ အိမ်တွေကိုသာ အကြောင်းကြားလိုက်တော့လို့မှာပြီး အတင်းပြန် လွှတ်လိုက်ရတယ်။


အဲဒီနောက်ပိုင်း အဆက်အသွယ်ပြတ်သလောက် ဖြစ်သွားပါတယ်။ အချုပ်ထဲနဲ့ အပြင်ကို တခါတလေမှပဲ စာလေးဘာလေး ဆက်သွယ် လို့ ရပါတော့တယ်။ သိရသလောက် အပြင်မှာကျန်ခဲ့တဲ့ ရဲဘော်တွေလည်း တိုက်ပွဲစတင်နေပါပြီ။


ပဲခူးတိုင်း၊ ဝေါမြို့နယ် တောင်သူလယ်သမားများကိစ္စစာကို ပါတီရုံးရှေ့ကြော်ငြာသင်ပုန်းမှာ ကပ်ထားပါတယ်။ အောက်ကနေ “ဤ စာကြောင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ရဲဘော် ၄ ယောက်ကို ငြိမ်ပိက ဖမ်းထားပါသည်” ဆိုပြီး နာမည်တွေနဲ့ သတင်းထုတ်ပြန် ချက် လုပ်ပါတယ်။ အဖမ်းခံရတဲ့လူတွေကို လူသိဖို့ထက် စာကိုသာ လူထုသိစေချင်တာ အဓိကပါ။


ဆက်လက်ဖော်ပြပါမယ်။


No comments: