ပါတီရုံးကလည်း ရုပ်ရှင်ရုံလမ်းဆိုတော့ လူသွားလူလာ အလွန်စည်ကားပါတယ်။ ရုပ်ရှင်ချိန်တွေဆိုရင် လူတွေအုံနေအောင်ကို ဝိုင်းပြီး ဖတ်ကြ ပြောဆိုကြနဲ့ ဖြစ်ပါတယ်။
ဒီမှာတင် ဗိုလ်မှူးစိန်သန်းက စာထုတ်တယ်။ ပါတီရုံးရှေ့မှာ ကပ်ထားတဲ့စာတွေကို ပယ်ဖျက်ပေးပါပေါ့လေ။ ဒီတော့ မူလရေးထားကပ်ထားတဲ့ စာတွေအောက်မှာ ငြိမ်ပိရဲ့စာကိုထပ်ကပ်ပြီး ငြိမ်ပိ၏စာကြောင့် အထက်ပါစာများကို ရုပ်သိမ်းလိုက်သည်ဆိုပြီး ထပ်ကပ်ထားလိုက်တယ်။
ဒီတော့ လူတွေက ပိုပြီးစိတ်ဝင်တစားဖြစ်လာကြပြန်ပါတယ်။ နောက်ဆုံး ငြိမ်ပိက ကြော်ငြာသင်ပုန်းမှာ မည်သည့်စာမျှ မကပ်ရဆိုပြီး ဖြစ်လာပြန်ပါတယ်။ ဒီတော့ ရဲဘော်တွေလည်း တလှမ်းဆုတ်ပါတယ်။
အပြင်မှာ ရဲဘော်တွေ အနုနည်းနဲ့ဆန့်ကျင်နေစဉ်မှာ ကျနော်တို့ကို တရားစွဲထားပါပြီ။ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေပုဒ်မ ၂ဝ နဲ့ ဖြစ်ပါတယ်။ ကျနော်တို့ကို ရှေ့ပိုင်းမှာပြောခဲ့တဲ့ ရှေ့နေနှစ်ယောက်က အခမဲ့ အကူအညီပေးပါတယ်။ တရားလိုက ငြိမ်ပိအတွင်းရေးမှူး ဖြစ်ပါတယ်။
ကျနော်တို့ရှေ့နေက ကျနော်တို့ကို ဖမ်းဆီးထားတာဟာ ဥပဒေနဲ့ မညီညွတ်ကြောင်း၊ ပုံနှိပ်အက်ဆိုတာကို ဘာမှန်းမသိဘဲနဲ့ ဖမ်းတာဖြစ်ကြောင်း၊ ပုံနှိပ်အက်နဲ့ ဖမ်းမယ်ဆိုရင် ရဲတွေ၊ ငြိမ်ပိတွေအနေနဲ့ ဖမ်းလို့မရကြောင်း၊ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးရဲ့ခွင့်ပြုချက်နဲ့သာ ဖမ်းလို့ရမှာဖြစ်ကြောင်း၊ အခု ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးရဲ့ခွင့်ပြုချက် လုံးဝ မပါကြောင်း၊ နောက်ပြီး စာရွက်စာတမ်းထုတ်ဝေတယ်ဆိုတာ နိုင်ငံရေးပါတီတွေရဲ့အလုပ်ဖြစ်တဲ့အပြင် အခုစာဟာလည်း နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်စောမောင်ဆီကို တိုက်ရိုက်တင်ပြတဲ့ စာဖြစ်လို့ တရားဝင်စာဖြစ်ကြောင်း၊ ကျောင်းသားတွေကို အစည်းအဝေးလို့ညာခေါ်ပြီး ငြိမ်ပိအနေနဲ့ သိက္ခာမဲ့စွာ ဖမ်းဆီးခဲ့တာကို ငြင်းလို့မရကြောင်း စသည်ဖြင့် မေးခွန်းတွေထုတ်တဲ့အခါ တရားလိုဖြစ်တဲ့ မဝတ အတွင်းရေးမှူး ဟာ ခေါင်းငိုက်စိုက်ချပြီး ဘာမှ အဖြေမပေးနိုင်ဖြစ်နေပါတယ်။
ဒီမှာတင် မဝတဥက္ကဋ္ဌ ဗိုလ်မှူးစိန်သန်းက ရပ်ကြည့်နေတဲ့နေရာကနေ ဒေါသတကြီးနဲ့ တရားရုံးထဲကိုဝင်လာပြီး “ဟေ့ ငါတို့အုပ်ချုပ်နေတာ၊ ငါတို့ ဖမ်းချင်လို့ ဖမ်းတယ်လို့ ပြောလိုက်ကွာ”ဆိုပြီး ဝင်ပြောပါတယ်။ နောက်က သူ့တပည့်တွေက ဝိုင်းဆွဲကြနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတယ်။
ကျနော်တို့ရှေ့နေက “တရားသူကြီး ခင်ဗျား၊ ရုံးတော်ကို မလေးမစားလုပ်နေပါတယ်” လို့ ပြောပေမယ့် တရားသူကြီးက မတုန်မလှုပ်နဲ့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။
ကျနော်တို့ကို စွဲချက်တင်တဲ့အခါမှာတော့ ရှေ့နေတွေက စွဲချက်မတင်ထိုက်ဘူးဆိုပြီး အယူခံဝင်ပါတယ်။ ဗဟိုတရားရုံးအထိ အယူခံဝင်တာ ဖြစ်ပါတယ်။ ကျနော်တို့ အယူခံတင်ပြီး မကြာခင်မှာပဲ ပုံနှိပ်အက် ၂ဝ ကို ပြင်ဆင်တဲ့အကြောင်း သတင်းစာမှာ ပါလာတော့တယ်။
ထောင်ထဲမှာ ရဲဘော်ဂျပန်ကြီး (ခေါ်) ကျော်မျိုးသန့် ကျဆုံးခဲ့ပါတယ် ...
အပြင်က ရဲဘော်တွေရဲ့လှုပ်ရှားမှုကိုပြန်ကောက်ရရင် ကျနော်တို့ အချုပ်ထဲမရောက်ခင်မှာ ဌာနချုပ်က တပ်ပေါင်းစုတွေဖွဲ့ဖို့ လှုပ်ရှားနေပါပြီ။ ကျနော်တို့လည်း ကျနော်တို့မြို့နယ်မှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေကို ဖိတ်ခေါ်ညှိနှိုင်းပြီး အလုပ်အတူတူလုပ်ကြဖို့၊ အပြန်အလှန် အကူအညီပေးကြဖို့ ဆွေးနွေးညှိနှိုင်းသဘောတူ ထားကြပါတယ်။
ကျနော်တို့နဲ့အတူ အဓိက လှုပ်ရှားခဲ့တဲ့ပါတီတွေကတော့ ပြည်သူ့တိုးတက်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်ပါတယ်။
ရဲဘော်တွေက အထက်မှာဖော်ပြခဲ့သလို နောက်တလှမ်းဆုတ်ပြီး NLD၊ ပြည်သူ့တိုးတက် ရေးပါတီတို့နဲ့တိုင်ပင်ပြီး ကျနော်တို့ကို ဖမ်းဆီးထားတာဟာ တရားမဝင်ကြောင်းနဲ့ အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ကန့်ကွက်စာ တင်ပါတယ်။ ပါတီတံဆိပ်သုံးခုနဲ့ လက်မှတ်ထိုးပြီး တင်တာပါ။ သက်ဆိုင်ရာ ပါတီဗဟိုကော်မတီတွေကိုလည်း မိတ္တူပေးပို့ပါတယ်။
ကန့်ကွက်စာမှာ လက်မှတ်ရေးထိုးတဲ့ ၃ ယောက်ကို အာဏာပိုင်တွေက ဖမ်းပါတယ်။ အဲဒီလိုဖမ်းပြီး မကြာခင် မှာပဲ နောက်ထပ် ဖမ်းဆီးခံရသူတွေနဲ့ ပထမ အဖမ်းခံနေရသူတွေကိုပါ ပြန်လွှတ်ပေးဖို့၊ တရားမဝင်ဖမ်းဆီးမှုတွေကိုရပ်တန့်ဖို့ ထပ်ပြီး ကန့်ကွက်စာတင်ပြန်ပါတယ်။ အဲဒီအခါမှာလည်း ကန့်ကွက်စာ တင်သူတွေကိုလည်း ဖမ်းပြန်ပါတယ်။
တတိယ ကန့်ကွက်စာတင်လို့ အဖမ်းခံရပြီးတဲ့အခါမှာတော့ အချုပ်ထဲက ရဲဘော်တွေတိုင်ပင်ပြီး ရဲဘော်တို့ဟာ အဖမ်းခံရမယ်ဆိုတာသိရက်နဲ့ အခုလို ရဲရဲဝံ့ဝံ့ ကန့်ကွက်စာမှာ လက်မှတ်ရေးထိုးတာကို ဂုဏ်ယူကြောင်း၊ ဒါပေမယ့် ပါတီမှာလုပ်ဆောင်နိုင်တဲ့သူတွေ နည်းသွားမှာစိုးရိမ်ရတဲ့အတွက် ဆက်မလုပ်ကြဖို့ အချုပ်ထဲမှာရှိနေတဲ့ မြို့နယ်ကော်မတီတွေအနေနဲ့ အကြံပြုလိုကြောင်း စာပေးပို့လိုက်ရပါတယ်။
ဒီတော့မှ ကျနော်တို့ပါတီက ရဲဘော်တွေရော၊ မဟာမိတ်ပါတီတွေပါ တိုက်ပွဲအစီအစဉ်ကို ရပ်လိုက်ကြပါတယ်။ မူလရည်ရွယ်တာက အစဉ်လိုက် ဆက်တိုက်, တိုက်ခိုက်ဖို့ဖြစ်ပါတယ်။
ထောင်ပို့တော့ ကျနော်တို့ဟာ ပင်နီအင်္ကျီကလေးတွေ ဝတ်ကြပါတယ်။ ရုံးထွက်ရင်လည်း ပင်နီ အင်္ကျီ၊ ရှပ်အင်္ကျီလည်ကတုံး၊ ကချင်လုံချည်နဲ့ထွက်ကြတာပါ။
ရဲတွေက “ညီလေးတို့ဒီဝတ်စုံတွေနဲ့ အကိုတို့ လက်ထိပ်ခတ်ရတာ မကောင်းပါဘူး”ဆိုတော့ “အဲဒါ ခင်ဗျားတို့ ကိစ္စပဲ။ ကျနော်တို့ကတော့ ကျနော်တို့မှာ အပြစ်မရှိတော့ ဝတ်ရဲတယ်”လို့ ပြန်ပြောပါတယ်။ ကျနော်တို့က ဝတ်စုံကိုမချွတ်တော့ သူတို့လည်း ဆက်မပြောကြတော့ပါဘူး။
ကျနော်တို့ကို လက်နောက်ပြန် နွားနဖားကြိုးတွေနဲ့ချည်ပြီး တသီတတန်းကြီး တခြားတရားခံတွေနဲ့အတူ သင်္ဘောဆိပ်ကိုပို့တာပါ။ ရဲစခန်းကထွက်တယ်ဆိုရင်ပဲ မြို့ထဲက ကြီးကြီးငယ်ငယ်၊ ရွယ်ရွယ်လတ်လတ် လူပေါင်းစုံဟာ လမ်းတလျှောက် ရောက်နေကြပါတယ်။
တရားခံကို ထောင်ပို့ဆိုတာ ရဲစခန်းရဲ့ လျို့ဝှက်ကိစ္စတခု ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့က လူတွေကတော့ ကန္နားလမ်းတလျှောက် ပြည့်နေတာပါပဲ။
မုန့်တွေလက်ထဲကို အတင်းလိုက်ထဲ့ကြ၊ ရဲတွေကတားပေမယ့် မရဘူး၊ စားစရာတွေ၊ ဆေးပေါ့လိပ်တွေ၊ ဒူးယား စီးကရက်တွေ၊ ပိုက်ဆံတွေကို အလုအယက် လိုက်ထည့်ပေးကြတာမှ ကျနော်တို့ သယ်တောင် မသယ်နိုင်ကြပါဘူး။ ရဲဘော်တွေအားလုံး မျက်ရည်ဝိုင်းကြရပါတယ်။ လူတွေများလွန်းလို့ ဆိပ်ခံဘောတခြမ်းစောင်းပြီး သင်္ဘောကို အချိန်မတန်ခင် ထွက်ခဲ့ရပါတော့တယ်။
နောက်ဆုံးမှာတော့ ပထမ အဖမ်းခံရတဲ့ ကျနော်တို့တွေကို ထောင် ၁ နှစ်၊ နောက်အဖမ်းခံရတဲ့သူတွေကို ထောင်၂ နှစ် ချလိုက်ပါတယ်။ စုစုပေါင်း လူ ၁၇ ယောက်ဖြစ်ပါတယ်။ ထောင်ထဲမှာ ရဲဘော်ဂျပန်ကြီး (ခေါ်) ကျော်မျိုးသန့် ကျဆုံးခဲ့ပါတယ်။
သူ့ဈာပနကို မအူပင်က လူ့ဘောင်သစ်ရဲဘော်တွေက ခွပ်ဒေါင်းအလံနဲ့ မီးသင်္ဂြိုလ်ပေးခဲ့ကြပါတယ်။ တကယ့်ကို ဆန္ဒပြပွဲတခုလို စီမံဆောင်ရွက်ခဲ့ကြတာပါ။ သူ့ဈာပနဟာ မအူပင်သမိုင်းတလျောက် အစည်ကားဆုံးပဲလို့ မြို့ခံတွေကပြောကြရလောက်အောင်ကို စည်ကားခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ ရဲဘော်ဂျပန်ကြီး (ခေါ်) ကျော်မျိုးသန့်ကျဆုံးခဲ့ရတာဟာ ကျနော်တို့ပါတီရဲ့လုပ်ဆောင်မှုတွေ၊ မူဝါဒတွေ မှားယွင်းခဲ့လို့လား။ ကျနော်တို့ ဒီစာကို မထုတ်ဘဲနေခဲ့ရင် ဘယ်လိုဖြစ်မလဲ။ မဝတ ဥက္ကဋ္ဌ ဗိုလ်မှူး စိန်သန်းက လက်မှတ်ထိုးခိုင်းတဲ့အချိန်မှာ လက်မှတ်ထိုးပေးလိုက်ရင် ဘယ်လိုဖြစ်မလဲ။ မြို့နယ်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကိုဖမ်းတာ ဘာမှမပြောဘဲ ဒီအတိုင်းထိုင်ကြည့်နေရင် ဘယ်လိုဖြစ်မလဲ၊ ဒီတိုက်ပွဲကိုမဆင်နွှဲခဲ့ရင် ဘယ်လိုဖြစ်မလဲ။ အခုလို ၁၆ နှစ်ကျော်ကြာတဲ့အခါမှာ ကျနော် စဉ်းစားကြည့်ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံထဲမှာဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲမှာ ဒုတိယ အင်အားအကြီးမားဆုံး ပါတီ၊ ကျောင်းသားလူငယ် ပါတီတွေထဲမှာ အင်အားအကြီးမားဆုံးပါတီတခုဖြစ်တဲ့ ကျနော်တို့ပါတီအနေနဲ့ အဲဒီအချိန်က ဆုံးဖြတ်မှုတွေဟာ ဒီနေ့ပြန်စဉ်းစားကြည့်တဲ့အခါမှာလည်း မှန်နေတုန်းပဲလို့ ကျနော်မြင်ပါတယ်။
တချို့ကိစ္စတွေမှာ နုနယ်စဉ်ကဖြစ်လို့ လုပ်နည်းကိုင်နည်းတွေမှာ ချို့ယွင်းချက်ရှိချင် ရှိနိုင်ပါတယ်။ ဒါပေမယ့် အဓိက,က ကျနော်တို့ပါတီနဲ့ ကျနော်တို့ရဲ့ မဟာမိတ်ပါတီတွေဟာ မတရားတာကို ခေါင်းငုံ့မခံတတ်ကြဘူး။ ပြည်သူကို နှိပ်စက်ရင် ခေါင်းငုံ့လက်ပိုက်ကြည့်နေလေ့မရှိဘူးဆိုတာဟာ အဓိကဖြစ်ပါတယ်။
ကျနော်တို့ပါတီရဲ့ အလံတော်မှာရှိနေတဲ့ ကြယ်လေးလုံးဟာ လူထု လူတန်းစား ၄ ရပ်ကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။ အဖမ်းခံ၊ အရိုက်ခံနေရတဲ့ လယ်သမားတွေအတွက် ကျနော်တို့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒီလိုမတရားမှုမျိုးကို ဆန့်ကျင်ဖို့ ကျနော်တို့ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်ရမှာဖြစ်ပါတယ်။ မတရားမှုမှန်သမျှကို ပါတီဝင်တွေဟာ မဟာမိတ် လက်တွဲဖော်ပါတီတွေနဲ့ပူးပေါင်းပြီး ပြည်သူတွေဘက်ကရပ်တည်ကာ စစ်အာဏာ ရှင်တွေနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တန်ဖိုးရှိတဲ့ ဘယ်အရာမှ စွန့်လွှတ်မှု တစုံတရာမရှိဘဲနဲ့၊ နာကျင်မှု တစုံတရာမရှိဘဲနဲ့ မရနိုင်ပါဘူး။
ကျနော်တို့ဘက်ကပေးရတဲ့ အရင်းအနှီးကတော့ ကျနော်တို့ဘဝထဲက အချိန်တချို့နဲ့ ရဲဘော် ကျော်မျိုးသန့် (ခေါ်) ဂျပန်ကြီးရဲ့ အသက်ပဲဖြစ်ပါတယ်။ ရဲဘော်ဂျပန်ကြီးဟာ ရုပ်ရည်ရော၊ ငွေရေးကြေးရေးကော၊ နောက်ပြီး လူငယ်တိုင်း လိုချင်တောင့်တတဲ့ အချက်အလက်များနဲ့ ပြည့်စုံသူဖြစ်ပါတယ်။
သူ့ဘဝမှာ လယ်သမားတွေ အရိုက်ခံရသည်ဖြစ်စေ၊ အရိုက်မခံရသည်ဖြစ်စေ ကိစ္စမရှိပါဘူး။ အားလုံး ပြည့်စုံနေသူတဦးဖြစ်ပါတယ်။
ဒါပေမယ့် လယ်သမားတွေက္စိအတွက် အဖမ်းခံနေရတဲ့ပါတီက ရဲဘော်တွေ အဖမ်းခံနေရတာကို ကန့်ကွက်စာတင်ရင် အဖမ်းခံရမယ်ဆိုတာသိရက် နဲ့ဒီတိုက်ပွဲမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ သူ့မိသားစုဝင်တွေအနေနဲ့ အဓိက ထိခိုက်ခံစားကြရတာကတော့ သူ ဟာ သူတို့မိသားစုမှာ သူ့အဖေမှ တပါး တဦးတည်းသော ယောက်ျား လေးတယောက် ဖြစ်နေတာပါပဲ။
ကျနော်တို့ ဒီအရင်းအနှီးကိုပေးရတာ တန်ပါရဲ့လား။
အကျိုးသက်ရောက်မှုကတော့ ဒီတိုက်ပွဲစစဉ်မှာပဲ ဘိုကလေးမှာ စပါးမရောင်းနိုင်လို့ ဖမ်းထားတဲ့ လယ်သမားတွေ ကို အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ရတာပါပဲ။ ဒါဟာ ဘာနဲ့မှမလဲနိုင်ခဲ့တဲ့ အောင်မြင်မှုဖြစ်ပါတယ်။
အာဏာပိုင်တွေဟာ ဒီကိစ္စအတွက် တော်တော်ကို သိက္ခာကျခဲ့ရပါတယ်။ အဲဒါထက်ပိုအရေးကြီးတာက လူ့ဘောင်သစ်ဟာ လယ်သမားတွေဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တယ်ဆိုတာ ကျနော်တို့မြို့မှာ သမိုင်းတခုဖြစ်ခဲ့ရပါတယ်။
နောက်ပြီး လူ့ဘောင်သစ်ဟာ ပြည်သူလူထုအကျိုးစီးပွားအတွက် မဟာမိတ်ပါတီတွေနဲ့ ရင်းနှီးချစ်ကြည်စွာ ရပ်တည်တိုက်ပွဲဝင်ခဲ့တယ် ဆိုတဲ့အချက်ကိုလည်း ပိုမိုခိုင်မာစေခဲ့တာပါ။
ရဲဘော်ဂျပန်ကြီးဟာ ဝေဒနာခံစားနေရချိန်မှာပဲ ထောင်ဆေးရုံမှာ လက်ထိပ်ခတ်လျှက်တန်းလန်း နေထိုင်ခဲ့ရပေမယ့် သူ့ရဲ့ အနေမချောင်မှုအတွက် ဘယ်ထောင်အာဏာပိုင်တွေကိုမှ အောက်ကျမခံခဲ့ပါဘူး။
လာဘ်ထိုးမှုမရှိခဲ့ဘဲ ဝေဒနာကို ကြိတ်မှိတ်ခံစားခဲ့တယ်။ သူရဲ့နောက်ဆုံးအချိန်မှာ သူ့ အဖေ အမေကိုလည်း မမေးခဲ့ပါဘူး။ သူ့အမနဲ့ ညီမကိုလည်း မမေးခဲ့ပါဘူး။ နောက်ဆုံး သူ့ချစ်သူကိုတောင်မှ မမေးခဲ့ပါဘူး။
သူ တောင့်တောင့်တတ ပြောသွားခဲ့တဲ့စကားကတော့ “အမေ ကျနော်လွတ်ရင် ကျနော်တို့ရဲဘော်တွေ ဆုံပြီး ဝက်သားဟင်းကိုမြေအိုးနဲ့ ချက်စားကြမယ်”လို့သာ ပြောခဲ့ပါတယ်။
ဒါကို တချို့လူတွေနားလည်နိုင်မှာမဟုတ်ပေမယ့် သူ့တောင့်တချက်ဟာ အဓိပ္ပာယ်အများကြီး လေးနက်ခဲ့ပါတယ်။ ကျနော်တို့ဟာ အဲဒီအချိန်က စိတ်ဓာတ်ရေးရာအရသာ နိုင်ငံရေးလုပ်နေကြတာဖြစ်ပေမယ့် အားလုံးဟာ မိမိရဲ့မိသားစုမှာ မှီခိုသူတွေဖြစ်တော့ ငွေရေးကြေးရေး ပြည့်စုံသူတွေ မဟုတ်ကြပါဘူး။
စာရွက်စာတန်းဖြန့်ဝေဖို့၊ ပါတီလုပ်ငန်းတွေလုပ်ဖို့၊ အခမ်းအနားတွေကျင်းပဖို့ စတာတွေကို ပါတီဝင်ရဲဘော်အား လုံးက ကိုယ့်ပိုက်ဆံကိုယ် စိုက်ပြီးလုပ်နေကြရတဲ့အခါဆိုတော့ လက်ဘက်ရည်တောင်မှ တယောက် တကျပ် နှစ်ကျပ်စုပြီး သောက်ခဲ့ကြရတာ မျိုး ဖြစ်ခဲ့ကြရပါတယ်။
ထမင်းလည်း အမြဲလိုလို တနပ်ပဲစားခဲ့ရတဲ့ အခြေအနေမျိုးပါ။ ဝက်သားချက်စားဖို့ဆိုတာ အလွန် မလွယ်ကူခဲ့တာပါ။ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ။
တနေ့မှာတော့ ပါတီရဲဘော်တယောက်ရဲ့အိမ်မှာ ဝက်သားချက်စားဖြစ်ခဲ့ကြပါတယ်။ ကျနော်တို့ပါတီက ရဲဘော်တွေ စုံစုံလင်လင်နဲ့ နိုင်ငံရေးအကြောင်းတွေပြောကြ၊ တယောက်နဲ့ တယောက် နောက်ကြ။ ရီမောကြနဲ့ တကယ့်ကိုပျော်စရာကောင်းခဲ့တဲ့ ငြိမ်းချမ်းရေး ညစာစားပွဲကလေး ဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ရဲဘော်တွေဟာ ထောင်ကျတဲ့လူကျ၊ ရဲဘက်စခန်းရောက်တဲ့လူရောက်၊ လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ တောခိုတဲ့လူခိုနဲ့ မစုံလင်တော့ပါဘူး။ ဒီလို စုံစုံလင်လင်နဲ့နေရမယ့် အချိန်လေးကိုတောင့်တပြီး သူ ပြောခဲ့တာပါ။
ဒါပေမယ့် သူ့ဆန္ဒမပြည့်ဝခဲ့ပါဘူး။ တကယ်လို့ အခုလို ထောင်ထဲမှာ မကျဆုံးခဲ့ဘဲ သူပြန်လွတ်ခဲ့ရင်တောင် ဒီနေ့အထိ သူ့ဆန္ဒပြည့်ဝဦးမှာ မဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့မြို့မှာတော့ လူ့ဘောင်သစ်က ရဲဘော်တွေဟာ မည်သည့်အခါမှ တိုက်ပွဲကို ရှောင်လွှဲလေ့မရှိဘဲ ပြည်သူကို အမှန်တကယ်ကာကွယ်ရဲတဲ့ ရဲဘော်တွေဖြစ်ကြတယ်ဆိုတာကို ဒီနေ့အထိ မမေ့ကြသေးပါဘူး။
ဒီလိုပဲ တခြားမြို့နယ်တွေမှာလည်း တောက်ပြောင်တဲ့ သီးခြားစာမျက်နှာတွေရှိခဲ့တယ်ဆိုတာကို မမေ့ကြဖို့ ရဲဘော်ကျော်မျိုးသန့် (ခေါ်) ဂျပန်ကြီးကျဆုံးခဲ့တဲ့ ၁၅ နှစ်မြောက်နေ့မတိုင်ခင် လပိုင်းအလိုမှာ သူ့ကို လွမ်းဆွတ်ရင်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းတစိတ်ဒေသကို တင်ပြလိုက်ပါတယ်။
အံ့ဇော်
လူ့ဘောင်သစ်ဂျာနယ်
အတွဲ ၉ အမှတ် ၃
ဇန်နဝါရီလ ၂၀၀၅ ခုနှစ်
No comments:
Post a Comment