Thursday, December 8, 2011

အာဏာရှင်ကို ဘယ်လိုဖယ်ရှားမလဲ (မောင်မောင်ဝမ်း )

အီဂျစ်အာဏာရှင် မူဘာရတ်ကို လူထုကဖြုတ်ချနိုင်ခဲ့တဲ့ အကြမ်းမဖက် လူထုဆန္ဒပြပွဲများမှာ လူမှုဆက်သွယ်ရေး ကွန်ယက်မီဒီယာတွေဖြစ်တဲ့ facebook တို့၊ twitter တို့ဟာ လူကြိုက်အများဆုံးဖြစ်ရုံမက အဲဒီ့တိုက်ပွဲတွေရဲ့ လက်နက်တန်ဆာပလာလည်း ဖြစ်ခဲ့ပါတယ်။ အီဂျစ်မှာရှိတဲ့ လူထုတင်မက ကမ္ဘာ့ အခြားအရပ်ဒေသတွေမှာရှိကြတဲ့ ပြည်သူလူထုဟာလည်း အာဏာရှင်တွေကိုဖယ်ရှား သုတ်သင်နိုင်ဖို့ အသုံးပြုဆဲပါ။ အဲဒီအထဲမှာ နောက်ထပ် မီဒီယာတခုကို အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် ကုမ္ပဏီတခုက ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ အာဏာရှင်များကို ပစ်မှတ်ထားပြီး အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်မယ့် အကြမ်းမဖက် နည်းဗျူဟာများကို အခြေခံထားတဲ့ ဂိမ်းအခွေများကို ထုတ်လုပ်လျှက်ရှိပါတယ်။

ဝါရှင်တန်အခြေစိုက် (The York Zimmerman) ဆိုတဲ့ ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှ ဖော်ပြပါ ဗွီဒီယိုဂိမ်းခွေများကို ထုတ်လုပ်ပေးလျှက်ရှိပါတယ်။ ထုတ်လုပ်သူဖြစ်တဲ့ York က ပြောတာကတော့ … သူတို့ကုမ္ပဏီမှ ဖော်ပြပါဂိမ်းများကို ကမ္ဘာတလွှား ဘာသာစကားပေါင်းများစွာနဲ့ ထုတ်လုပ်ပေးထားပါတယ်တဲ့။ အာရ်ဗစ် ဘာသာနဲ့တောင် ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။



အကြမ်းမဖက်လှုပ်ရှားမှုအတွက် နည်းစနစ်များကို လေ့ကျင့်နိုင်တဲ့ အဆိုပါ ဂိမ်းများကို ကမ္ဘာတလွှားမှာရှိတဲ့ လူများစွာ အသုံးပြုနေပါတယ်။ အဲဒီနည်းစနစ်များဟာ အာဏာရှင်ပဲဖြစ်ဖြစ် ဖိနှိပ်သူအစိုးရပဲဖြစ်ဖြစ် အကြမ်းမဖက်တဲ့ လူထု လှုပ်ရှားမှုတွေနဲ့ ဖြုတ်ချသွားနိုင်ဖို့ ဗျူဟာများကို မိမိကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။

York ကပြောတာကတော့ သူတို့ထုတ်လုပ်တဲ့အထဲမှာ လူကြိုက်အများဆုံး ဂိမ်းခွေကတော့ အာဏာရှင်ကိုဆွဲချခြင်း လို့ အမည်ရတဲ့ အခွေပါ။ အဲဒီ့ဂိမ်းခွေဟာ ယူဂိုဆလပ်နိုင်ငံက အာဏာရှင်သမ္မတ မီလိုဆီဗစ်ကို ဖြုတ်ချတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ အကြမ်းမဖက် လူထုတော်လှန်ရေး နည်းစနစ်တွေကို အခြေခံထားပါတယ်။ မီလိုဆီဗစ်ဟာ ယူဂိုစလပ်နိုင်ငံက သမ္မတဟောင်းတဦးဖြစ်ပြီး ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုများမှာ ရာထူးမှ နှုတ်ထွက်ပေးရသူပါ။ နောက်တော့ လူတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမှာ တာဝန်ရှိသူ တယောက်ဖြစ်တဲ့အတွက် နိုင်ငံတကာ စစ်ရာဇဝတ်ရုံးမှ ဖမ်းဆီးလိုက်ပြီး အမှုရင်ဆိုင်နေဆဲမှာပဲ သေဆုံးခဲ့ပါတယ်။

အဲဒီ့ ဗွီဒီယိုဂိမ်းထုတ်လုပ်ရေး ကုမ္ပဏီမှာ လုပ်ကိုင်နေသူတဦးကတော့ ယူဂိုစလပ်ဗီးယားနိုင်ငံက အာဏာရှင် မီလိုစီဗစ်ကို ဖြုတ်ချဖို့ အကြမ်းမဖက်လှုပ်ရှားမှုမှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ Ivan Marovic ပဲဖြစ်ပါတယ်။ အဲဒီ့အခါတုန်းက သူက တက္ကသိုလ်ကျောင်းသားတဦးဖြစ်ခဲ့ပြီး ဆန္ဒပြပွဲတွေပေါ်ပေါက်ဖို့ စည်းရုံးလှုံ့ဆော်ရသူပါ။ York ကုမ္ပဏီက သူ့ကို ဗွီဒီယို ဂိမ်းခွေတွေ ထုတ်လုပ်ဖန်တီးဖို့ ငှားရမ်းခဲ့ပါတယ်။ ဖိနှိပ်တဲ့အစိုးရတွေကို ဖယ်ရှားဖို့အတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှု နည်းဗျူဟာတွေ ပါဝင်ပါတယ်။ မကြာသေးခင်ကမှ ထုတ်လုပ်လိုက်တဲ့ ဂိမ်းခွေကတော့ (People power- The Game of civil Resistance) လို့ အမည်ရပါတယ်။ အဲဒီထဲမှာတော့ အကြမ်းမဖက် လူထုလှုပ်ရှားမှုမှာ လုပ်ကိုင်ဆောင်ရွက်ရမယ့် နည်းဗျူဟာတွေ၊ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ တီထွင်ကြံဆချက်တွေ မိမိအတွေးအခေါ်နဲ့ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ အခက်အခဲကို အန်တုကျော်လွှားခြင်းတွေ ပါဝင်ပါတယ်။ ဒီဂိမ်းခွေကို လူငယ်များနဲ့ ပညာတတ် အသိုင်းအဝိုင်းက ကြိုက်နှစ်သက်ကြတယ်လို့ ပြောပါတယ်။

Ivan က ပြောတာကတော့ ကမ္ဘာတလွှား အာဏာရှင်များရဲ့ ရက်စက်မှုကိုခံနေရတဲ့ နိုင်ငံများမှာရှိတဲ့ လူတွေအတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှုများကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ နည်းစနစ်တွေကို အထောက်အကူ ဖြစ်စေနိုင်မယ့်အရာ ဖြစ်လာနိုင်ပါတယ် တဲ့။

(International Center on Non-Violent Conflict in Washington) က အကြီးအကဲတဦးဖြစ်တဲ့ Jack Duvall ပြောတာကတော့ အခု ဗွီဒီယိုဂိမ်းခွေကို တက္ကသိုလ်များမှာတောင်မှ အသုံးပြုနေကြပါတယ်။ ရာပေါင်းများစွာသော နိုင်ငံရေးသိပ္ပံပညာရှင်တွေ၊ လူမှုဗေဒပညာရှင်တွေ၊ ဘွဲ့ကြို၊ ဘွဲ့ရကျောင်းသားတွေအတွက် သာမန်စာသင်ချိန်တွေမှာတော့ အခု ဂိမ်းခွေထဲမှာ အာရုံစူးစိုက်နေကြတယ်လို့ သူက ပြောပါတယ်။

People Power လို့ အမည်ရတဲ့ ဂိမ်းခွေကို အင်တာနက်ကနေ ဒေါင်းလုပ်လုပ်ယူလို့ ရပါတယ်။ တန်ဖိုးအားဖြင့်ကတော့ ၁၀ ဒေါ်လာ ကုန်ကျမှာဖြစ်ပေမယ့် မတတ်နိုင်သူများအတွက် အင်တာနက်ကနေ အခမဲ့ ဒေါင်းလုပ် လုပ်ယူလို့ ရပါတယ်။ လက်တင်အမေရိက၊ အရှေ့ဥရောပ၊ အာရှ အစိတ်ပိုင်းတချို့ကနေ ဒေါင်းလုပ် လုပ်ယူလို့ ရပါတယ်။ လောလောဆယ်မှာတော့ အင်္ဂလိပ်လိုပဲ ထုတ်လုပ်ထားပြီး နောင်အခါများမှာတော့ အာရ်ဗီ၊ ရုရှား၊ စပိန် ဘာသာစကားများနဲ့လည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

(ဖော်ပြပါ ဆောင်းပါးသည် ဗွီအိုအေ အင်္ဂလိပ်ပိုင်းအစီစဉ်မှ March 8, 2011 နေ့က ထုတ်လွှင့်သွားခဲ့သော How to Remove a Dictator ကို ဆီလျှော်အောင် ဘာသာပြန်ဆိုခြင်းသာ ဖြစ်သည်)

မူရင်းလင့် … http://www.youtube.com/watch?v=SFg5NczB5FA

ဂိမ်းခွေလင့် … http://www.peoplepowergame.com/
- http://api.ning.com/files/rKM7UhhUZBx9ydbKhzPgrjtjOBPWN*hrifsEA3WKiHv*G7SUIyix5z9yr3pERMlrzqEZwD*go7AdaFK4TUyV6riu5mT98LPq/PeoplePowerGameFlyerNov2010.pdf

အားလုံးကို လေးစားစွာဖြင့်
မောင်မောင်ဝမ်း 


 

No comments: