Friday, September 24, 2010

မှာပါရစေ ပြောပါရစေ

(၁)

ကိုယ်သေရင် မငိုနဲ့
ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။

(၂)

ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။

‘ဘုရားရှင်ရဲ့ ဂုဏ်တော်’ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ဆက်ပြောပါရစေ...
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။

လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။


မိုးဟိန်း (သားဂျာနယ်ကျော်)
(၁၉၄၂-၂၀၁၀)

၁၃၇၂ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

(၂၀၁၀ ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်)


2 comments:

---- said...

ကိုမောင်ဦး

ဦးမိုးဟိန်းကြီး တကယ့်လူ့ဂွစာလားမသိဘူးနော်...။ ကဗျာက တော်တော်လက်တွေ့ကြတယ်ဗျာ..။ မိုက်တယ်...။ ဘယ်ကနေ သွားပြီးတွေ့လာတာလဲ။

Ko Oo said...

ဦးမိုးဟိန်းက အရမ်း သိမ်မွေ့ နူးညံ့ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်ကြီးပါ။ အမြဲတမ်းပြုံးနေတတ်ပြီး လူတဖက်သားကိုလည်း လေးလေးစားစား ဆက်ဆံတတ်သူပါ။ သူနဲ့ ဆန်ဖရန်စ္စကိုမှာ ပထမဆုံး စတွေ့တုန်းက စကားပြောဖြစ်ကြတော့ ပြည်တွင်းမှာ လူ့ဘောင်သစ်စဖွဲ့တုန်းက အများကြီး ကူညီခဲ့ဖူးတယ်လို့ သူက ပြောပြဖူးပါတယ်။
၈ နှစ် ကျော် ၈ ပါး သီလကို စောင့်ထိန်းသူ၊ အနှစ် ၂၀ ကျော် သတ်သတ်လွတ်စားသူ၊ မေမြို့အနီးတွင် (ဒဟတ်ပန်း) ပရဟိတကျောင်းတကျောင်းကို ပြုစုပျိုးထောင်သူ၊ နောက်ဆုံးအချိန်အထိ ကလောင်နဲ့ သေခြင်းနှင့် ကင်ဆာကို ရင်ဆိုင်သည့် ဘဝအတွေ့အကြုံ အတွေးအမြင်များကို ရဲရင့်တည်ငြိမ်စွာ ရေးသားထုတ်ဖော် မှတ်တမ်းတင်ခဲ့သူတဦးပါ။
လည်ချောင်းကင်ဆာ ဝေဒနာ၏ ဖိဆီးမှုကို ၂ နှစ် ကျော် ကြံ့ကြံ့ခံရင်ဆိုင်ပြီး နေ့စဉ်မပျက် လူမှုရေး၊ ဘာသာရေး ဝတ္ထရားများကိုမပျက် ဆောင်ရွက်ရင်း ဘဝနိဂုံးချုပ်ခဲ့သူ လူတဦးပါ။