Sunday, September 26, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၂)

ဆက်တိုက်ရမယ်

ဦးအောင်ငွေက ခေါင်းငြိမ့်ပြီး “ဆက်တိုက်မယ်” ပြန်ပြောသည်။ မနေ့ညက လာသည့် စစ်ဗိုလ်အကြောင်း ဦးအောင်ငွေအား ပြန်ပြောပြရာ …

“ဒါ ကျနော့်တူ ဗိုလ်ကြည်ဝင်းပဲ၊ သူက မုန်းကပဲ၊ ကိုသက်ဝင်းတို့အိမ်မှာ လာနေပြီး ကျောင်းတက်တယ်၊ သူ အရင်က တကသမှာ လုပ်ခဲ့သေးတယ်”

နောက်တနေ့မနက် ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ မနက် ၇ နာရီ လောက်ရှိမည်။ ရေး ပုလိပ်အချုပ်သို့ စစ်သား ၂ ယောက်ရောက်လာသည်။ တာဝန်ကျပုလိပ်က ကျနော်တို့ ၂ ယောက်နာမည်ခေါ်ထုတ်ပြီး စစ်သားလက်သို့ အပ်ပါသည်။ စစ်သား ၂ ယောက်က ကျနော်တို့ ၂ ယောက်ကို မေးသည်။ ဦးအောင်ငွေကို …

“ခင်ဗျားက ဘာအလုပ်လုပ်လဲ”

ဦးအောင်ငွေက …

“ကျနော် ကျောင်းဆရာပါ”

ကျနော့်ကို ဆက်မေးပြန်သည်။

“မင်းကရော ဘာလုပ်သလဲ”

“ကျနော်က ကျောင်းသားပါ”

စစ်သားက …

“ခင်ဗျားတို့ကို ကြိုးနဲ့မတုပ်ဘူး၊ ကောင်းကောင်းမွန်မွန် လိုက်ခဲ့ပါ”

ဦးအောင်ငွေက …

“စိတ်ချပါ၊ ကျနော်တို့လမ်းမှာ ထမင်းငတ်လာတော့ အားပြတ်နေတာပါ”

ကျနော်တို့ကို ဂါတ်တဲပေါ်မှခေါ်ချလာပြီး ရေး ဘူတာရုံသို့ ရောက်လာပါသည်။ မကြာမီ ရထားပေါ် တက်ကြပါသည်။ တွဲမှာ အစောင့်တွဲဖြစ်သည်။ အစောင့်ပုလိပ် ၅ ယောက်ပါသည်။ ဦးအောင်ငွေကို ကျနော်က ပြောသည်။

“အခြေအနေပေးရင် အလုပ်လုပ်မယ်”

သူက “လုပ်မယ်၊ စိတ်ချ” ပြန်ပြောသည်။

ခဏအကြာတွင် ရထားသည် ရေးမှ မော်လမြိုင်သို့ စတင်ထွက်ခွာလာပါသည်။ ရထားပေါ်ရောက်သောအခါ ကျနော်တို့က အစောင့်စစ်သားထံ ထမင်းတောင်း စားသည်။ လမ်းကျမှ ပြန်ဝယ်ပေးမည် ပြောသည်။ အစောင့် စစ်သားတွေက ဟန်းကောနှင့်ထည့်လာသော ထမင်းကို ကျွေးသည်။

သူတို့ထမင်းကို ကျနော်တို့စားပစ်လိုက်သည်။ ကျနော်တို့က ဗိုက်ပြည့်ဖို့ လိုသည်။ ရထားသည်ဆက်လက်၍ တဘူတာပြီး တဘူတာ ဝင်ရပ်လိုက်၊ ဆက်ထွက်လိုက် မောင်းနှင်နေသည်။ လမိုင်းဘူတာသို့ရောက်လျှင် ဦးအောင်ငွေက ထမင်းပြန် ဝယ်ကျွေးသည်။ ကျနော်က စတင်၍ အခြေအနေကို ဖန်တီးယူသည်။

“အကိုကြီး ခင်ဗျားသေနတ်က ဘေးကအပေါက်တွေက များလှချည်လား၊ အဲဒီအပေါက်တွေထဲက ကျည်ဆံထွက်သလား”

“မင်းကလည်းကွာ ပေါက်ပေါက်ရှာရှာ သေနတ်ပြောင်းမပူအောင်၊ အေးအောင် အပေါက်ဖောက်ထားတာ”

“အကိုကြီးသေနတ်က ဘယ်လိုခေါ်လဲ”

“ဒီသေနတ်ဟာ ဂျီသရီးလို့ခေါ်တယ်ကွ၊ ဂျာမဏီကနေ စက်ရုံလာတည်ပြီး ဒီမှာလုပ်တာ၊ မြောက်ပိုင်းမှာ ဗကပတွေနဲ့ တိုက်တာ ပစ်ရလွန်းလို့ သေနတ်ပြောင်းတောင် ပြတ်ထွက်တယ်။ ဒီသေနတ်က ပေါ့ပေါ့ကလေး ကိုင်ကြည့်ပါလား”

“ဟာ နေပါစေ၊ ကျနော်မကိုင်ရဲဘူး၊ ကျနော်က သေနတ်ဆိုရင် သိပ်ကြောက်တတ်တယ်၊ ငယ်ငယ်ကလေးထဲကပဲ”

ဦးအောင်ငွေက ပြောပြန်သည်။

“ဒီတွဲက မြင့်လွန်းအားကြီးတယ်ဗျာ၊ တွဲဆောင့်တော့ ခေါင်းသိပ်မူးတာပဲ၊ နောက်တွဲကို ပြောင်းစီးရအောင်”

ရထားသည် ရှေ့ဘူတာတွင် ရပ်သည်။ နောက်ဆုံးတွဲ ဂါတ်ဗိုလ်တွဲသို့ ပြောင်းစီးပါသည်။ ဂါတ်ဗိုလ်တွဲသည် နောက်ဆုံးတွဲ ဖြစ်သည်။ ကုန်တွဲရထားများတွင်လိုက်ပါသည့် ဂါတ်ဗိုလ်တဲမျိုးဖြစ်သည်။ တွဲ၏ရှေ့တွင် ကွက်လပ်၊ နောက်တွင် ကွက်လပ်၊ အလယ်တွင် အိမ်သာတွဲနှင့်တူသော တဲကလေးတလုံး၊ ထိုတွဲထဲတွင် ကျနော်နှင့် အစောင့်စစ်သားတယောက်၊ ရှေ့ ကွက်လပ်တွင် ဦးအောင်ငွေနှင့် အစောင့်စစ်သားတယောက်။

ကျနော်နှင့်အတူ တွဲကလေးထဲတွင် ထိုင်နေသော စစ်သားသည် သူ့ဂျီသရီး သေနတ်ကို ဘေးတွင်ထောင်ထားပြီး အေးအေးလူလူ လိုက်ပါလာသည်။ သူထောင်ထားသော သေနတ်သည် သူနှင့်ကျနော် ၂ ယောက်ကြားတွင် ရှိသည်။ ဦးအောင်ငွေကိုစောင့်သော စစ်သားသည် သူ့ဂျီသရီးကို ကြမ်းပြင်တွင် ချထားပြီး ပေါင်တဖက်နှင့် ဖိထားသည်။ သူတို့ ၂ ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး ခြေထောက် တယောက် တဖက်စီ အောက်သို့ တွဲလောင်းချထားသည်။

ဤစစ်သား ၂ ယောက်သည် ကျနော်တို့ကို ယုံနေပါပြီ။ သူတို့စောင့်ပြီးခေါ်လာ ရသည့် အချုပ်သား ၂ ယောက်သည် ပင်လယ်ထဲတွင် ငတ်ပြတ်ပြီး အားပြတ်နေကြသူ ပြီးတော့ တယောက်က ကျောင်းဆရာ၊ တယောက်က ကျောင်းသား၊ သူတို့ အတော်လျှော့တွက်ထားပုံရပါသည်။

ကျနော့်၏ ငယ်ရုပ်မပျောက်သေးသော ပုံဟန်သည် သူတို့အတွက် မှုလောက်စရာ မဟုတ်ပါ။ ဒါပေမယ့် သူတို့ မသိလိုက်တာတခုကတော့ ဤကျောင်းသားသည် တောခိုကျောင်းသား၊ သေနတ်တလက်ကို ကျွမ်းကျင် သွက်လက်စွာ ပစ်ခတ်တိုက်ခိုက်တတ်သော ကျောင်းသားတယောက်မှန်း သူတို့ မသိလိုက်ပါ။

ဆက်လက်ဖော်ပြပါမည်။

No comments: