Tuesday, November 10, 2009

အိုဘယ့် တို့မီဒီယာ (၁)


ဘီအိုင်အေ၊ ဘီဒီအေ ခေတ်ကလည်း တော်လှန်ရေး လိုအပ်ချက်အရ၊ တော်လှန်ရေးတပ်များကို ဖုတ်ပူမီးတိုက် ဖွဲ့ခဲ့ကြရသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ကိုသာအခြေခံလျှက် ဖွဲ့ခဲ့ကြခြင်းဖြစ်ပြီး စည်းရုံးရေးအတွေ့အကြုံနှင့် စည်းကမ်းပိုင်းများမှာ အားနည်းခဲ့ကြပါသည်။ well trained army ကြီးလုပ်ဖို့ အချိန်များစွာ မရခဲ့ကြပါ။ သည့်အတွက် အမှားအယွင်းအချို့ရှိခဲ့သည်။ သို့သော် ယင်းကိစ္စများကို နယ်ချဲ့မှတပါး မည်သူကမျှ ရေးကြီးခွင်ကျယ် Highlight မလုပ်ခဲ့ကြ။ တခုချင်းကိစ္စထက် တခုလုံးကိစ္စကိုသာ ပိုမိုဦးစားပေးခဲ့ ကြပါသည်။

နောက်ပိုင်း တစုံတရာပွင့်လင်းခဲ့သော ခေတ်များတွင်မူ ရေးနိုင် သလောက် ပြန်ရေးကြတာ တွေ့ရှိခဲ့ပါသည်၊ ကျနော်တို့လည်း ဖတ်ခဲ့ရပါသည်။ ပြဿနာ မရှိလှပါ။ တိုက်ရိုက် ပတ်သက်သူများက သို့မဟုတ် သေသေချာချာသိသူများက တစုံတရာ ပြန်လည် ခုခံဖြေရှင်းနိုင်၊ ငြင်းခုံနိုင်သောဝန်းကျင်အောက်တွင် ကိုယ့်တာဝန် ကိုယ်ယူနိုင်ကြပါသည်။

သည်လိုပြောသည့်အတွက် ကျနော်တို့အင်အားစုများအား Watch မလုပ်ရဘူးဟု ဆိုလိုခြင်းမဟုတ်ပါ။ ကျနော်တို့ Movement မှာလည်း အားနည်းချက်များ ရှိပါသည်။ တပြိုင်နက်ထဲမှာပင်လျှင် မီဒီယာ၏ အားနည်းချက်များကိုလည်း ကျနော်တို့က တွေ့ပါသည်။ တခါတရံ ကျနော်တို့ လူတွေက Activist လို လုပ်ကြပါသည်။ တခါတရံ Acadamic လိုလုပ်ကြပါသည်။ တခါတရံ Journalist လို လုပ်တာတွေလည်း တွေ့ပါသည်။ တဦးထဲက သုံးမျိုး လေးမျိုးစလုံး လုပ်ကြတာလည်း တွေ့ပါသည်။ ဒီကနေ့ မီဒီယာသမားတွေရဲ့ Role က ဘာလည်းဆိုတာ လေ့လာရပါဦးမည်။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့လည်း Audience ပရိတ်သတ်တွေဖြစ်သောကြောင့် ဖြစ်ပါသည်။

နောက်တချက် ‘ဘက်’ကိစ္စဖြစ်ပါသည်။ ‘ဘက်’ ရပ်တည်မှုမရှိသော မီဒီယာမျိုးဖြစ်လာအောင် ကြိုးစားချင်သူများ ရှိကြပါသည်။ ကျနော်တို့တိုင်းပြည် ဒီမိုကရေစီအလင်းရောင်အောက်မှာ လင်းလင်းချင်းချင်း ရှိလာမည့် တချိန်ချိန်တွင် ဒီကိစ္စကို ကျနော်တို့ အားကို အားပေးကြရပါမည်။ ကိုယ့်ဘာသာကိုယ် ဘယ်ဘက်ကပဲ ရပ်ရပ်၊ အဲ့သည်လို မီဒီယာမျိုး ခိုင်ခိုင်မာမာရှိလာဖို့လည်း ကျနော်တို့ လိုလားပါသည်။

ယခုလောလောဆယ်မှာတော့ ကမ္ဘာပေါ်မှာ ဘက်မရှိသော မီဒီယာမျိုးကတော့ ကျနော်တော့ မမြင်မိသေးပါ။ (ကျနော် ညံ့တာလည်း ဖြစ်နိုင်ပါသည်) အစိုးရတခုခု၊ နိုင်ငံရေး အဖွဲ့အစည်းတခုခု၊ ဘာသာရေး အဖွဲ့အစည်းတခုခု၊ စီးပွားရေးအုပ်စု တခုခု၊ အင်ဂျီအို တခုခု … တခုခုသော တခုခု၏ဘက်တွင် ရှိနေကြသည်သာဖြစ်သည်ဟု မြင်နေရပါသည်။ ‘ဘ-ခြောက်လုံး’ အခြေခံပေမင့် ဖွဲ့စည်းထားသော နာမဝိသေသနများ၊ ကြိယာဝိသေသနများ၊ ခေါင်းစဉ်တပ်ပုံများကို ကြည့်လိုက်ရုံနှင့်ပင် ဘယ်ဘက်ကရပ်ပြီး ပြောချင်နေတာလဲဆိုတာ ရိပ်မိရပါသည်။

သို့သော် သူတို့နှုတ်ဖျားက လွတ်လပ်ချင်စိတ်များကိုတော့ တပြားသားမျှ မလျှော့ကြပါ။ အချို့သတင်းများဆိုလျှင် သတင်းသမား၏ Preconceived idea ကို ရုပ်လုံးမပေါ်ပေါ်အောင် ဖော်ထားမှန်း သိသာလှပါသည်။ သတင်းသမားများ သည် Comment ပေးလို့ရပါသည်။ News Commentary ဆရာကြီးတွေကို ကျနော်တို့တွေ့ဖူးပါသည်။ အားလုံးက လေးစားရသော ဆရာကြီးများလည်း ရှိပါသည်။ သူတို့မှာ သင့်တင့် လုံလောက်သော အတွေ့အကြုံနှင့် ဗဟုသုတ၊ ရိုးသားသော စိတ်နေသဘာဝတို့ ရှိပုံရပါသည်။ သည့်အတွက်လည်း အောင်မြင်ကြပုံ ပေါ်ပါသည်။

ငွေတမတ်နှင့် ငါးကြင်းခေါင်းကိုင်သူများကိုလည်း တွေ့ဖူးပါသည်။ ငါ့မှာလည်း ပြောခွင့်ရှိတယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ အလကားလူကြီးပါဟု လက်လွတ်စပယ် ပြောကြလျှင်ရပါရိုးလား။

ကျနော်တို့ အင်အားစုများက ကိုယ့်အမြင်ကို ကိုယ်ပြောလျှင် အဆိုးမြင်လွန်းသည်၊ Negative တွေများလွန်းသည်ဟု တံဆိပ်ကပ်လေ့ ရှိကြပါသည်။ သို့သော် မိမိကိုယ်မိမိ ကြားနေများဟု ကြွေးကြော်သူများကိုယ်တိုင် တင်ဆက်သည့် သတင်းများ၊ ဆောင်းပါးများ၊ အစီအစဉ်များကို လေ့လာကြည့်သောအခါ တခါတရံ၊ သူတို့ကပင် နိုင်ငံရေးသမားတွေထက် ပိုပြီး ကဲနေကြတာကိုလည်း ဖတ်ရ၊ ကြားရပါသည်။ အော် … သည်လိုတော့လည်း လုပ်လို့ရပေကသားပဲဟု တွေးမိခဲ့ပါသည်။

မနှစ်က ကျနော့်ကို ဖုန်းဖြင့် အင်တာဗျူးတခု လုပ်ခဲ့ပါသည်။ မြန်မာပြည်တွင်း အခြေအနေတချို့နှင့်ပတ်သက်ပြီး ကျနော့် အမြင်ကို ပြောပြပေးဖို့ဖြစ်ပါသည်။ မပြောပြခင် ကြိုတင်စည်းကမ်းတခု သတ်မှတ်ပေးပါသည်။ အခြားသူများ၏ Comment နှင့် မတူအောင် ပြောပေးဖို့၊ အခြားသူတွေ ဘာပြောထားတယ်ဆိုတာကိုလည်း ကျနော့်ကိုပြောပြပါသည်။ မေးသူမှာ လူချင်းကလည်း အတော်ခင်နေသူဖြစ်သည့်အတွက် ကျနော် စိတ်အနှောင့်အယှက် ဖြစ်သွားပါသည်။

“ကျနော်မြင်တာ ကျနော်ပြောလို့မရဘူးလား။ အခြားသူတွေနဲ့ တူချင်လည်း တူမှာပေါ့” ဟု ပြန်ပြောမိပါသည်။ “သတင်းတွေက လှအောင် လုပ်ရတာဗျ၊ ဘာပဲဖြစ်ဖြစ် ပြောကြည့်ပေါ့” လို့ သူက ကျနော့်ကိုပြောခွင့်ပြုခဲ့ပါသည်။ ကျနော်က အခြားခေါင်းဆောင် တယောက်နှင့် တူကောင်းတူနေနိုင်မည့်အမြင်ကိုပင် ပြောပြမိပါသည်။ သို့အတွက် ကျနော့်အသံကို သူ မသုံးခဲ့ပါ၊ ဒါက သူ့လုပ်ပိုင်ခွင့်ထဲက ကိစ္စဖြစ်သော်လည်း တခုခုတော့ မှားနေသလို ကျနော်ခံစားရပါသည်။ သတင်းတွေကို ဘာကြောင့် လှအောင်လုပ်ဖို့လိုသလဲဆိုတာ ကျနော် တကယ်မသိပါ။

တခါကလည်း Economic sanction ကိစ္စနှင့်ပတ်သက်ပြီး ကျနော့်ကို မေးရာ ကျနော်က sanction လုပ်ကို လုပ်ရမယ်၊ ထောက်ခံတယ်လို့ ပြန်ပြောခဲ့ပါသည်။ ကျနော့် အင်တာဗျူးအပြီးမှာ အင်တာဗျူးလုပ်သူက ကျနော့်ကို ဝမ်းသာကြောင်း ပြောခဲ့ပါ သည်။ “ကျေးဇူးပဲဗျာ … တချို့လူတွေက sanction လုပ်တာ မကောင်းဘူးလို့ပြောထားတာရှိတော့၊ ခင်ဗျားပြောလိုက်တာ သိပ်ကောင်းသွားတယ်၊ ကျနော့်သတင်းကို Balance လုပ်ဖို့ ကောင်းသွားတာပေါ့ … ဒါမှ မျှသွားတယ်”ဟု ပြောခဲ့ပါသည်။

သတင်းသမားဟာ တကယ်ကော Balance ဖြစ်အောင်လုပ်ပေးဖို့ တာဝန်ရှိလို့လား၊ ကျနော် စဉ်းစားခဲ့ဖူးပါသည်။ နောက်တကြိမ် အကြောင်းတိုက်ဆိုင်၍ ဖုန်းပြောကြရသောအခါ ထိုကိစ္စကို ကျနော်က အရင်ဆွေးနွေးခဲ့ပါသည်။ သူက ကျနော့်ကို ကောင်းကောင်းမွန်မွန်ပဲ ပြန်ရှင်းပြပေးပါသည်။ “ကျနော်တို့က သတင်းသမားဆိုတော့ ကြားလူတွေ ဖြစ်သွားပြီ၊ နှစ်ဘက် စလုံးကို တတ်နိုင်သလောက် မျှအောင်စဉ်းစားပေးရတာတွေ ရှိလာတယ်”ဟု သူ့ခံယူမှုကို ရိုးရိုးသားသား ပြောပြခဲ့ပါသည်။

လူတဦးချင်းစီ၏ စိတ်ဓာတ်ခံယူမှု၊ ယုံကြည်မှုများကို ကျနော်တို့က ဘာမျှကန့်ကွက်လိုစိတ် မရှိပါ။ ကန့်ကွက်လျှင်လည်း တရားမျှတမှာ မဟုတ်ပါ၊ ပြဿနာက ကျနော့်ရင်ထဲမှာ ကိုယ့်ဘာသာကိုယ် ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။ ကျနော်တို့က သူ့ကို တင်းပုတ်နဲ့ သွားကြားထိုးတံ တိုက်တဲ့တိုက်ပွဲမှာ၊ ရှေ့တန်းစစ်မျက်နှာက ကျနော်တို့ရဲ့ မီဒီယာတပ်မှူးလို သဘောထားခဲ့ တာ ဖြစ်ပါသည်။

သူက ‘တပ်မှူး’ မလုပ်ချင်တော့ဘဲ ‘ဒိုင်လူကြီး (ကြားလူ)’ ပဲ ဖြစ်ချင်သည်ဟု ပြောလာသောကြောင့် ဖြစ်ပါသည်။ ကျနော့် မိတ်ဆွေ ထိုသူသည် တသက်လုံး အဖိနှိပ်ခံနှင့် ဖိနှိပ်သူတို့၏ပဋိပက္ခတွင် အဖိနှိပ်ခံဘက်ကသာ ပြတ်ပြတ်သားသား ရပ်ခဲ့သူဖြစ်ပါသည်။ သူ ‘တပ်မှူးဘဝ’ ကနေ၊ ‘ဒိုင်လူကြီး’ ဘယ်အချိန်က ဖြစ်သွားခဲ့မှန်း ကျနော်ပင် သေသေချာချာ မသိခဲ့ပါ။ အခြားသူတွေရော သိခဲ့ပြီလား ကျနော် မသိပါ။ ကျနော်ဆိုခဲ့ပါပြီ၊ တဦးချင်း၏ ကိုယ်ပိုင်ရွေးချယ်မှုများကို ကျနော် အလေးထားပါသည်။

သို့သော် ကျနော် ကြားလူပဲ လုပ်တော့မယ်ဆိုပြီး ကျနော်တို့ရဲ့ ကတုတ် ထဲကနေ သူထွက်သွားတာကိုလက်ခံနိုင်အောင် ကျနော် အချိန်အတော် ယူခဲ့ရပါသည်။ သူ့ ဖြတ်သန်းမှု၊ သူ့ ကျွမ်းကျင်မှုနှင့် အတတ်ပညာ၊ သူ့ စိတ်စေတနာကောင်းတွေကို ကျနော်တို့ အပြည့်မရနိုင်တော့ဘူး ဆိုသောအသိသည် ကျနော့်စိတ်ကို အနှောင့်အယှက်ဖြစ်စေခဲ့တာ အမှန်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမယ်။


1 comment:

Moe Cho Thinn said...

ကျမလဲ ထပ်တူ ခံစားရဖူးပါတယ်။
ဒီဆောင်းပါး (၁)ကို စာဖတ်သူအကြိုက် အဆင့်သာ ရှိရင် ၅ မှာ ၅ ပေးလိုက်ပါတယ်။