၁၉၆၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့၏ ညဥ့်နက်ချိန်တွင် မမျှော်လင့်ဘဲ ကျနော်အဖမ်းခံလိုက်ရသည်။ ကျနော့်ကို လက်ထိပ် ခတ်လိုက်ပြီး မျက်လုံးကို ပိတ်စည်းလိုက်သည်။ မာဇဒါပစ်ကပ်နှင့် ခေါ်လာသည်။ စစ်ထောက်လှမ်းရေးမှ အရာရှိ တယောက်နှင့် နောက်လိုက် ၄ ယောက်ဖြစ်သည်။ ရန်ကုန်တမြို့လုံး လှည့်ပတ်မောင်းနေသည်ဟု ထင်ရသည်။ သည့်နောက် အဆောက်အဦတခုထဲ ရောက်လာသည်။ ကျနော့်မျက်လုံးကို စည်းထားသည့် အဝတ်ကို မဖြေပါ။ လူ ၄ ယောက်ခန့်ရှိမည်ဟု ထင်ရသည်။ ကျနော့်ကို အလယ်မှာထားပြီး ထိုးလိုက် ကန်လိုက်လုပ်ပါတော့သည်။ လက်သီးချက်သည် မည်သည့်ဘက်က လာသည်ကို မသိရ၊ သူတို့ ထိုးကြိတ်ကန်ကျောက်မှုကို ခဏရပ်လိုက်သည်။
ကျနော့် စာရွက်စာတမ်း၊ ကျနော့် အဆက်အသွယ်၊ ကျနော့် လှုပ်ရှားမှု စသည် အမျိုးမျိုးမေးသည်။ သူတို့လိုချင်သည့် အဖြေမရသောအခါ အခန်းတွင်းတွင် ရှိသော စားပွဲပေါ်သို့ဆွဲတင်ပြီး အင်္ကျီ၊ လုံချည် ဆွဲချွတ်လိုက်သည်။ ကျနော့် အတွင်းခံ ဘောင်းဘီတိုလေး သာရှိသည်။ ကျနော့်လက်နှင့် ခြေထောက်ကို စားပွဲအောက်မှ ချုပ်ပြီး ချည်လိုက်ပါသည်။
ညဥ့်သည် နက်လှပါပြီ။ အခြားဘက် အခန်းများမှ ထုသံ၊ ရိုက်သံ၊ အော်ဟစ်ဆဲဆို ကြိမ်းမောင်းသံ၊ ညည်းညူသံများနှင့် ဖုံးလွှမ်းလျက် စိတ်ခြောက်ခြားဖွယ်ရာ ရှိလှပါသည်။ ခဏအကြာတွင် လူ ၃-၄ ယောက်သည် အရက်နံ့တထောင်းထောင်း နှင့် ပါးစပ်ကလည်း အမေ နှမ မိုးမွှန်အောင်ဆဲဆိုလျက် ကျနော့်ကို ချုပ်ထားသောအခန်းတွင်းသို့ ဝင်လာကြသည်။ တယောက်က ပလပ်စတစ်ကြိမ်လုံးနှင့် တရွှမ်းရွှမ်းရိုက်ပါတော့သည်။ ကျနော့်မှာ မဖော်ပြနိုင် လောက်အောင် နာကျင်လှသည်။ တယောက်က မေးသည်။
“ဟေ့ကောင်၊ မင်း စာရွက်စာတမ်းတွေ မင်း အဆက်တွေ ပြောစမ်း၊ တို့ အထောက်အထား အကုန်ရထားတယ်။ မပြောရင် မင်းသေဖို့သာပြင်ထား၊ ပြောပြော အချိန်မရှိဘူး။ မင်းတို့ကောင်တွေကို နေ့တိုင်း ရက်ဆက် ဖမ်းစစ်ရတာနဲ့ နေ့ရော ညရော သိပ် ပင်ပန်းတယ်ကွာ၊ အချိန်မရှိဘူး၊ မြန်မြန်ပြောစမ်း”
“ဘာစာရွက်မှ မရှိဘူး၊ ဘာမှလည်း မရှိဘူး”
ရိုက်သူက ဆက်ရိုက်ပြန်သည်။ ရိုက်လိုက် မေးလိုက်၊ မသိဘူး ဘူးခံဖြေလိုက်နှင့် ရိုက်ချက်ပေါင်းမှာ မရေတွက်နိုင်တော့ပါ။ မေးတဲ့ကောင်က ဆက်မေးသည်။
“ဟေ့ကောင် မင်း ခုရောက်နေတာ ဘယ်နေရာလဲဆိုတာ သိရဲ့လား”
“မသိဘူး”
“မင်း မှတ်ထားကွ၊ အခု မင်းရောက်နေတဲ့နေရာဟာ ယောယူဝ ငရဲခန်းပဲ၊ အရှင်လတ်လတ် အရေခွံခွာတယ်ဆိုတာ ဒီမှာကြည့်”
ဆိုပြီး ပလတ်စတစ်ကြိမ်လုံးတွင်ကပ်နေသော ကျနော့် အရေခွံကို ခွာပြပါသည်။
ပလတ်စတစ်ကြိမ်လုံးမှာ အရင်းတွင် လက်မအရွယ်ခန့်ရှိပြီး အဖျားဘက်သို့သေးသွယ်ကာ ၂ ပေခန့် ရှည်သည်။ အဖျားမှာ လက်သန်းအရွယ်ခန့်ရှိသည်။ စိမ်းညိုရောင်ရှိလျက် ပျော့ညွတ်ပါသည်။
ခဏအကြာတွင် အရပ်မြင့်မြင့် မျက်မှန်တဝင်းဝင်းနှင့်သူတဦး ကျနော့်အားနှိပ်စက်နေသော အခန်းထဲသို့ဝင်လာသည်။ သူ့ပုခုံးထက်တွင် ဒုဗိုလ်မှူးကြီး အဆောင်အယောင် တပ်ထားသည်။ သူက …
“မင်းက မင်းကိုယ်မင်း ဘယ်လောက်များ ယုံကြည်မှုရှိလို့လဲ။ မင်းပဲ ခေါင်းမာနိုင်မလား၊ တို့ကပဲ နှိပ်စက်နိုင်မလား ကြည့်ကြ သေးတာပေါ့ကွာ။ ဟုတ်တဲ့ မှန်တဲ့ လူတယောက်မိ ဖို့အတွက် မဟုတ်တဲ့လူ ၁၀၀ ကို ဖမ်းပစ်မယ်။ ဘာမှ ပြဿနာမရှိဘူး၊ နောက်မှ စစ်ထုတ်ပစ်မယ်။ မင်း သေသေချာချာ စဉ်းစားထား၊ မင်းအဖြေဟာ မင်း ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ်”
သူတို့အားလုံးထွက်သွားကြသည်။ ၁၅ မိနစ်လောက်ကြာမည် ထင်ပါသည်။ မျက်မှန်နဲ့ လန်ဘားကြီး ဦးဆောင်ပြီး ပြန်ဝင်လာသည်။ မျက်မှန်နှင့် လန်ဘားကြီးက သူ့လူတွေကို အမိန့်ပေးလိုက်သည်။
“သူ့ကို ဆေးထည့်ပေးလိုက်ပါကွာ”
သူ့အသံက ဟန်ဆောင်ထားသည့် ဂရုဏာသံ၊ သူပြောပြီး ခဏအကြာတွင် ကျနော့်ခြေရင်းဘက်တွင် ရေတပုံးလာချပြီး မွှေနေပါသည်။ ပြီးတော့မှ စားပွဲပေါ်တွင် မှောက်ခုံကြီးဖြစ်နေသော ကျနော့်ကို ဘာမှန်းမသိသော ပုံးထဲကရေနှင့် ဝုန်းခနဲ လွှဲပတ်လိုက်ပါသည်။
စပ်လိုက်သည့်ဖြစ်ခြင်း။ အသားဆတ်ဆတ်တုန်အောင် ထွန့်ထွန့်လူးပါတော့သည်။ ခြေထောက်၊ ကျောပြင် တကိုယ်လုံး စိုရွှဲ ကုန်ပါသည်။ ကျနော့်ခေါင်းမှစီးကျလာ သောရေသည် ကျနော့်ပါးစပ်ထဲသို့ဝင်လာမှ ငန်တူးနေသော ဆားရေအဖြစ်မှန်း သိရသည်။ နှိပ်စက် ခံထားရမှုကြောင့် နာကျင်နေသည့်အတွက် ဆတ်ဆတ်တုန်နေသည်။ မလှန်နိုင်သည့်ဘဝကြောင့် ဒေါသနှင့် ဆတ်ဆတ်တုန်နေသည်။
စိတ်ထဲမှာ ကြိတ်ခဲလိုက်ပါသည်။
“တကွေ့တော့ တွေ့ကြသေးတာပေါ့ကွာ”
တယောက်က …
“ဟေ့ကောင် စားပွဲပေါ်က ဆင်း”
ကျနော် အားယူ၍ဆင်းပါသည်။ ဆင်း၍မရပါ။ လှုပ်၍မရပါ။ ရှိသမျှအားနှင့် နောက်ထပ်အားယူ၍ ဆင်းပါသည်။ နည်းနည်း နည်းနည်း ရွှေ့သည်။ ကျနော် ခြေတွဲလောင်းနှင့် ပြီးတော့မှအားယူပြီး ရွှေ့ဆင်းလိုက်ရာ သမံတလင်းကြမ်းပြင်ပေါ် ဝုန်းခနဲ ပုံရက်သားအတိုင်း ခွေခွေလေး၊ လှုပ်လို့မရပါ။ ဒေါသနှင့် ဝမ်းနည်းမှုတို့က မရှိုက်သော မျက်ရည်များသည် ကျနော့် မျက်လုံးအိမ်မှ စိမ့်ယိုစီးကျနေသည်။
လန်ဘားကြီးနှင့်ငရဲသားများ ပြန်ဝင်လာပြန်သည်။ ဘေးမှ သူ့လူတွေက ကျနော့်ကို ဆွဲထူသည်။ လန်ဘားကြီးက ကျနော့် ရှေ့ တလှမ်းကွာလောက်သာရပ်ပြီး ကျနော့်ကို စိမ်းစိမ်းကြည့်နေသည်။ ပါးစပ်က ဘာမှမပြောပါ။ သူ့ပါးစပ်က အရက်နံ့ လှိုင်နေသည်။ ကျနော့်မျက်နှာကို သူ သောက်လက်စ စီးကရက်တိုနှင့် တဖြည်းဖြည်း လှမ်းထိုးသည်။
ကျနော် မျက်နှာလွှဲ၍ ရှောင်လိုက်ပါသည်။ ဤမှာတင် လန်ဘားကြီးက ကျနော့်မျက်နှာကို တအားစွတ်ထိုးတော့သည်။ ကျနော် ပုံရက်သားကျသွားပါသည်။ ကျနော့်ရင်ဘတ်ကို ဖိနပ်ဦးနှင့်ဆောင့်ကန်ပြီး အခန်းထဲမှ သူတို့အားလုံး ထွက်သွား ကြသည်။
ကျနော့်အား နှိပ်စက်စစ်ဆေးရာတွင် ဦးဆောင်ညွှန်ကြားသည့် မျက်မှန်တဝင်းဝင်းနှင့်လန်ဘားကြီးမှာ မဆလ တခေတ် တွင် တလက်မခွဲ (ဝမ်းအင်ဟတ်) ဆိုပြီး တန်ခိုးထွားခဲ့သည့် ထောက်လှမ်းရေး မျက်မှန်တင်ဦးဖြစ်ပါသည်။ သူသည် ထိုစဉ်က ဒုဗိုလ်မှူးကြီးအဆင့်သာ ရှိပါသေးသည်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment