Wednesday, November 11, 2009

ကျောင်းသား ထောင် တော်လှန်ရေးသမား (၁၃)

ရွှေဂုံမေ-ပြည်တော်ညွန့်

ဒီမှာတိုက်ဆိုင်တုန်း ရယ်စရာတခု ပြောရဦးမယ်။ အဲဒီတုန်းက ကျနော်တို့ထောင်ထဲမှာ ထိန်းသိမ်းတွေကိစ္စကို ကိုင်ဖို့ဆိုပြီးတော့ ထောက်လှမ်းရေးကလူ ၃ ယောက် ပို့ထားတယ်။ အဲဒီတော့ ကျနော်တို့ အဲဒီကျမှ သတိထားမိတာက ဒီထောင်ကို ထောက်လှမ်းရေးက လူပို့တယ်ဆိုလို့ရှိရင် အဲဒီလူဟာ ပြဿနာရှိတဲ့လူတွေကြီးပဲ၊ ရိုးရိုး လူကောင်း ပို့ခဲတယ်။ သူတို့ဆီမှာ ပြဿနာတခုဖြစ်တဲ့လူကို အပြစ်ပေးတဲ့ သဘောမျိုးဆန်ဆန် ပို့တဲ့ဟာတွေ လိုပဲ။

အဲ … ကျနော်တို့ရှိတုန်းက ပို့ထားတာက ၃ ယောက်။ အဲဒီမှာ အကြီးဆုံးအကောင်က ဗိုလ်သိန်းနီဆိုတာ ဝရမ်း အော်ဖစ်ဆာပါ။ ဒုတိယကောင်ကလည်း စကားတောင် သိပ်ပြောတာမဟုတ်ဘူး။ အဲဒီလူကတော့ နည်းနည်း ဦးနှောက်ပျက်နေတယ် ထင်တယ်။ ဆေးတံကြီးခဲပြီးတော့ မျက်မှန်အနက်ကြီးတပ်ပြီးတော့ ယူနီဖောင်း အပြည့်နဲ့။ သူက ဟို ၃ ရစ်လား ဘာလား မသိဘူး။ အဲဒါကိုပဲသူက ဂိုက်ကြီးထုတ်နေတာ သူက ဘဝင်ရူး ရူးနေတာနဲ့ တူပါတယ်။ အဲဒီ တယောက်။ နောက်တယောက်ကတော့ လူလည်၊ သိပ်လည်တယ်၊ လည်လွန်းလို့ နောက်ကျတော့ အဲဒီလူကို ဖြုတ်ပြီးတော့ တပ်ကပါထုတ်ပြီးတော့ ဟံသာဝတီ သတင်းစာတိုက် ပို့လိုက်တယ်လို့ ကြားတယ်။

အဲဒီတော့ ကျနော်ပြောချင်တာက ခုန ဗိုလ်သိန်းနီ။ တနေ့ကျတော့ ကျနော့်ကို ၂ တိုက်မှာထားတုန်း ကျနော့် ဘေးမှာ ဒီလိုပဲ ကျောင်းသား လှုပ်ရှားမှုနဲ့အဖမ်းခံရတဲ့ ကိုသိန်းဦးဆိုတာ ရှိတယ်။ ကိုသိန်းဦးက အဆောင်ပေါ်မှာ နေတာ နဂိုက။ အဲဒီပေါ်မှာ၊ အဆောင်ပေါ်မှာ ပြဿနာဖြစ်လို့ သူ့ကို တိုက်ထဲပိတ်ထည့်လိုက်တာ။ ပိတ်ထည့်ပြီး နောက် တရက်နှစ်ရက်နေတော့ အဲဒီဗိုလ်သိန်းနီတို့ကတော့ လိုက်ကြည့်တာ။

လိုက်ပြီးတော့ အဲဒီ ကိုသိန်းဦးအခန်းကို ရောက်တဲ့အခါကျတော့ သူက အပြင်ကနေပဲ “ဟေ့ကောင် သိန်းဦး … ဘယ့်နဲ့လဲ၊ မင်း … ထောင်ထဲမှာ ကောင်းကောင်း မနေတော့ တိုက်ထဲ ရောက်လာပြီမို့လား၊ ဘယ်သူမပြု မိမိမှု ပေါ့ကွ။ အေး … ငါပြောမယ် … ဥပဒေဆိုတာ လူလုပ်တာကွာ။ ငါတို့ လုပ်တာ မဟုတ်ဘူး၊ ဟား … ဟား … ဟား” ဆိုပြီး အဲလိုပြော တော့ ကျနော်ဘေးကနေ နားထောင်ပြီးတော့ ရယ်ချင်လိုက် တာလေ။ “ဥပဒေဆိုတာ လူလုပ် တာ၊ ငါတို့လုပ်တာ မဟုတ်ဘူး” သူတို့က လူမဟုတ်ဘူးလေဗျာ။

အဲဒါ တကယ်ပဲ။ လူလုပ်တဲ့ ဥပဒေမှန်သမျှကို စစ်အစိုးရ ဖျက်ပစ်တာပဲ။ ထောင်ထဲမှာလည်း အဲဒီအတိုင်းပဲ။ ခုနက ဗိုလ်သိန်းနီက ရူးရူးပေါပေါ ပြောတာဆိုပေမယ့် လက်တွေ့လည်း အဲဒီအတိုင်းပဲ။ နောက်မှာ တောက်လျှောက်တွေ့လာတာ။

အဲဒီလိုနဲ့ ဒီတိုက်ပွဲပြီးတဲ့အခါ ၆၇ ခုနှစ်ပြီးတဲ့အခါမှာ စဉ်းစားကြည့် တရုတ်-ဗမာ အရေးအခင်း ဆက်ပေါ်တယ်။ မကြာခင်မှာ စစ်တွေ ဆန်အရေးအခင်းမှာ အများကြီးပစ်သတ်တာ ဖြစ်လာတယ်။ တရုတ်-ဗမာ အရေးအခင်းမှာလည်း သတ်တာတွေ လုပ်တယ်။ အဲဒါအပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ဧရာမထိုးစစ်ကြီးတွေနဲ့ အကြီးအကျယ် တိုက်တယ်။ ဆိုလိုတာက စစ်အစိုးရဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီးတဲ့နောက် သူတို့စခဲ့တဲ့ ဖိနှိပ်မှု၊ အရှိန်စမြင့်တဲ့ ဖိနှိပ်မှုက အဲဒီမှာ အထွဋ်အထိပ်နီးပါးရောက်လာတယ်လို့ ပြောရမယ်လို့ ထင်တယ်။

အဲ … ကျနော်တို့ထောင်ထဲမှာလည်း (မန္တလေးထောင်ထဲမှာလည်း) အခွင့်အရေးတွေက တဖြည်းဖြည်းပြန်ပြီး ပိတ်ကုန်တယ်။ ခုနက မီးဖိုမှာ နိုင်ငံရေးအကျဉ်းသားတွေကသွားပြီးတော့ ကွပ်ကဲတယ်ဆိုတာလည်း မရှိတော့ ဘူး။ ဆေးတွေ ဘာတွေလည်း အကန့်အသတ်နဲ့ပေးတာ ဖြစ်လာတယ်။

အဲဒီလိုနဲ့ ၆၈ ခုနှစ်ထဲမှာ ကျနော်တို့ကို မေးခွန်းတွေလာပေးတယ်။ ရေးဖြေရတယ်။ မေးခွန်းတွေ တထပ်ကြီးပဲ။ ကျနော်ထင်တယ်။ ၄-၅ မျက်နှာရှိမယ် ထင်တယ်။ ဖူးစကတ်ဆိုက် စာရွက်အချောတွေနဲ့ နောက်ပြီးတော့ ထူးထူးခြားခြား ပုံနှိပ်ထားတာ၊ ဂက်စတာနာနဲ့ လှိမ့်ထားတာ မဟုတ်ဘူး။ ပုံနှိပ်ထားတာ၊ ပုံနှိပ်တယ်ဆိုတဲ့ အဓိပ္ပာယ်က (ကျနော်က ပုံနှိပ်တိုက်ကလာတဲ့လူပဲနော်) အများကြီးလုပ်လို့ ပုံနှိပ်တာ။ နည်းနည်းဆို ဂက်စတာနာ နဲ့ပြီးတယ်။ ဘယ်သူမှ ပုံနှိပ်မနေဘူး၊ ဈေးမကိုက်ဘူး။ အများကြီးမို့လို့။

ကျနော်တို့မန္တလေးထောင်မှာ အဲဒီတုန်းက ထိန်းသိမ်းက ရှိလှရင် ၂ဝဝ ကျော် ၃ဝဝ ပေါ့၊ လူ ၂ဝဝ ကျော် ၃ဝဝ လောက်ဆိုလို့ရှိရင် ပုံမှန်ဟာ ဂက်စတာနာနဲ့ပဲ လုပ်တယ်။ ဘယ်သူမှ ပုံနှိပ်မနေဘူး၊ မကိုက်ဘူး။ အဲဒီတော့ မန္တလေးထောင် တခုတည်းတင်မကဘူးလို့ ကျနော် စဉ်းစား လို့ရတယ်။

အဲ… မေးခွန်းတွေ ဖြေခိုင်းတာပဲ၊ ရေးခိုင်းတယ်။ မေးခွန်းမှာ ဘာတွေ ပါလဲဆိုလို့ရှိရင် နာမည်မေးမယ်။ နောက်ကြောင်း မေးမယ်။ ဘာကြောင့်အဖမ်းခံရသလဲ? အဖမ်းခံသင့်တယ် ထင်သလား? ဖမ်းတာ မှန်သလား မှားသလား? သင့်ကို လွှတ်ပေးသင့်သလား? ဘာကြောင့် လွှတ်ပေးသင့်သလဲ? သင့်နဲ့အတူ အခြားမည်သူတွေ ရှိသလဲ? သူတို့ကိုရော လွှတ်ပေးသင့်သလား? လွှတ်ပေးသင့်ရင် ဘာကြောင့် လွှတ်ပေးသင့်တယ်? လွှတ်မပေးသင့်ရင် ဘာကြောင့် လွှတ်မပေးသင့်ဘူး ရေးပါ၊ တခြား ဘာပြောစရာရှိသေးသလဲ? ဆိုလိုတာ လက်နက်ချချင်တဲ့လူတွေ တရားဝင်လက်နက်ချဖို့ အခွင့်အရေး ပေးနေတာ။

အဲဒီတော့ ဒါဟာ ထောင်ထဲမှာ စကာတိုက်တယ်လို့ပြောရမလား မသိဘူး။ အဲ အဲဒီမတိုင်ခင်လေးလောက်မှာ ထောင်ထဲမှာ စပြီးကြားလာရတာက ‘ကိုကိုးကျွန်း ပြင်နေပြီ’ ဆိုတဲ့သတင်းက လွင့်လာတယ်။ အဲဒီတော့ ထောင်လိုနေရာမျိုးမှာ ဒီလို သတင်းမျိုးရောက်လာတယ်ဆိုတော့ အမှတ်တမဲ့ကတော့ “ဒါမျိုးက အုတ်ရိုးသတင်း ပါကွာ၊ ယုံမနေပါနဲ့” အဲလိုပဲ ပြောတတ်ကြတယ်။ ကျနော်တို့လည်း ကြားခါစကတော့ အဲဒီလိုပဲ ခပ်ပေါ့ပေါ့ပဲ ထားတယ်။ ကိုယ်ကိုတိုင် ကိုကိုးကျွန်းရောက်ပြီးတဲ့ နောက်ပေါ့လေ။ ပြန်စဉ်းစားမိတဲ့အခါကျတော့ သြော် … မန္တလေးထောင် ထဲမှာ ကျနော်တို့တောင် ပြန်ကြားရလောက် အောင်ရှိပြီဆိုလို့ရှိရင် ဒီကိစ္စဟာ အတော်ကြာနေ ပြီ။

ဘာလို့ဆိုတော့ ကျနော်တို့ပါးစပ်ကိုရောက်တယ်ဆိုတာက ထောင်ဝါဒါ လောက်ဆီကပဲရတာ။ အဲဒီတော့ ထောင်ဝါဒါဆိုတာ အောက်ဆုံးအဆင့် ဘာမှမဟုတ်ဘူး၊ သူတို့ကိုတောင်မှ အသိပေးတယ်၊ သူတို့တောင် သိရတဲ့အဆင့်ရောက်ပြီးဆိုတော့ သိပ်အစောကြီးကတည်းက ပြင်ဆင် ထားပြီးပြီ။ သိပ်ကိုသေချာနေ တော့မှ သိပ်ကိုလက်တွေ့ကျနေတော့မှ ဒီ ထောင်ဝါဒါလောက်ဟာ သိရတာဖြစ်တယ်။ အဲဒါက ၆၈။

အဲဒီလိုနဲ့ပဲ ၆၉ ခုနှစ် ဖေဖော်ဝါရီလ လဆန်းစလောက်ပဲထင်တယ်။ အဲဒီမနက်မှာ ထမင်းစားပြီးခါစ ၁ဝ နာရီ လောက်ရှိမယ်ထင်တယ်။ “အိပ်ယာလိပ်၊ အိပ်ယာလိပ်” ဆိုပြီးတော့ လာပြီးအမိန့်ပေးတယ်။ အဲဒီတော့ ထောင်ထဲမှာ အိပ်ယာလိပ်ခိုင်းတယ်ဆိုတာ လူတယောက်ကို လွှတ်ရင်လည်း လွှတ်တယ်လို့ မပြောဘူး။ အဆောင်ပြောင်းရင်လည်း ပြောင်းတယ် မပြောဘူး။ ထောင်ပြောင်းရင်လည်း ပြောင်းတယ် မပြောဘူး၊ “အိပ်ယာလိပ်” ဒါတခုပဲပြောတယ်။ အဲ … ကျနော်တို့လည်း အိပ်ယာလိပ် ကိုယ့်ပစ္စည်းတွေ ကိုယ်ထုပ်၊ သူတို့နောက်က လိုက်သွား တာပေါ့။

ဆက်လက်ဖော်ပြပါမယ်။

No comments: