Friday, June 26, 2009

လူ့ဘောင်ကို ဘယ်လိုသစ်မလဲ (၂)

ထိုအစည်းအဝေး၌ ရန်ကုန်တိုင်းမှ ကိုမြင့်ဇော်သည် ဥက္ကဋ္ဌတာဝန်ယူလာခဲ့၏။ ပဲခူးတိုင်းအနောက်ခြမ်းမှ ကိုအောင်မိုးဇော်သည် အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့၏။ ဒု ဥက္ကဋ္ဌ ကျော်ဝင်းသိန်း (ယခုထောင်ထဲ) နှင့် ကိုဇေယျသည် တွဲဘက်အတွင်းရေးမှူး ဖြစ်လာခဲ့၏။ ဗဟိုကော်မတီသစ်ကို ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့လေသည်။


ထို့ကြောင့် လူ့ဘောင်သစ်ပါတီသို့ လယ်သမားလူငယ်၊ အလုပ်သမားလူငယ်များ ဝင်လာနေကြသည်။ လက်နက်ကိုင်ဖို့ ပြင်ဆင်ခြင်းသည် လူ့ဘောင်သစ်အင်အားကြီးမားရခြင်း အကြောင်းပေါင်းများစွာအနက် အဓိကအကျဆုံးဖြစ်၏။


မြန်မာပြည်တော်လှန်ရေးအား အဆုံးအဖြတ်ပေးသည့်လမ်းသည် လက်နက်ကိုင်လမ်းသာလျှင်ဖြစ်၏။ ဤသည်ကို လူထုကြီးက သိ၏။

သိသောကြောင့် လူ့ဘောင်သစ်သည် တဟုန်ထိုးကြီးထွားလာနေခဲ့လေသည်။ စသည်ဖြင့် လက်ရှိ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးက ရှင်းပြလေသည်။



လူ့ဘောင်သစ်ဟူသည့် အမည်နာမ၏ ခန်းနားကြီးမားမှုကလည်း သူတို့ကို မေးခွန်းများစွာ မေးလာပေလိမ့်ဦးမည်။


(၂)


လက်နက်ကိုင်လမ်းကြောင်းပေါ်သို့ ယတိပြတ်တက်လှမ်းလိုက်သည့် အထူးအစည်းအဝေး


စာရေးသူက ၉ဝ/ဇူလိုင် ၁၇/၁၈ အထူးအစည်းအဝေးကို ထိုသို့အမည်ပေးလိုက်ပါသည်။ ၎င်းကို ကွန်ဂရက်ဟု မှတ်တမ်း မတင်ခဲ့ကြဘဲ (လူ့ဘောင်သစ်နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေး)ဟု ၎င်းတို့ ပါတီသမိုင်း၌ မှတ်တမ်း တင်ထားခဲ့လေသည်။


သို့ရာတွင် ထိုအစည်းအဝေး၏ ထူးခြားချက်မှာ ယာယီဥက္ကဋ္ဌသဖွယ်ဖြစ်နေသည့် ရန်သူခင်းပေးသည့် လမ်းကြောင်းအတိုင်း နာခံရေးသမားဖြစ်သွားသူ ကိုသက်ထွန်းနှင့် အပေါင်းအပါ ၂ ဦးကို နှုတ်ထွက်ခွင့်ပေးကာ ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်လေသည်။


ထိုအစည်းအဝေး၌ ရန်ကုန်တိုင်းမှ ကိုမြင့်ဇော်သည် ဥက္ကဋ္ဌတာဝန်ယူလာခဲ့၏။ ပဲခူးတိုင်းအနောက်ခြမ်းမှ ကိုအောင်မိုးဇော်သည် အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့၏။ ဒု ဥက္ကဋ္ဌ ကျော်ဝင်းသိန်း (ယခုထောင်ထဲ) နှင့် ကိုဇေယျသည် တွဲဘက်အတွင်းရေးမှူး ဖြစ်လာခဲ့၏။


ဗဟိုကော်မတီသစ်ကို ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့လေသည်။

ထိုအစည်းအဝေး၏ ထူးခြားချက်မှာ ဗဟိုကော်မတီအတွင်း၌ ဗဟိုကော်မတီ ၃ ဦးကိုသာ အသိမပေးဘဲ ကျန်ဗဟိုကော်မတီများဖြင့် အလံရွှေ့ပြောင်းရေးကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။


ထို့နောက် ပါတီသည် တဖက်မှလည်း ဂန္ဓီကြေငြာစာတမ်းထောက်ခံရေးနှင့် လွှတ်တော်အမြန်ခေါ်ယူရေး တိုက်ပွဲများကို အခြားပါတီ အဖွဲ့အစည်းများ၊ ကျောင်းသားများ၊ သံဃာတော်များဖြင့် တိုက်ပွဲဖော်ထုတ်သည်။ တဖက်မှလည်း တာဝန်ပေးကာ တောတွင်းနှင့်ဆက်သွယ်ရေးလုပ်ကာ အလံပြောင်းရွှေ့ရေး ကြိုးပမ်းသည်။


အလံပြောင်းရွှေ့ရေး ဆက်သွယ်တာဝန်ပေးအပ်လိုက်သည့် တသုတ်သည် မာနယ်ပလောသို့ရောက်ရှိလေသည်။

ထို့နောက် အထွေထွေအတွင်းရေးမှူးကိုလွှတ်ကာ အလံပြောင်းရွှေ့စိုက်ထူရေးကို ပြင်ဆင်လေသည်။ ယခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့၌ ဥက္ကဋ္ဌ ကိုမြင့်ဇော် ရှောင်တိမ်းလာနိုင်ခဲ့သည်။


အောက်တိုဘာ ၂၅ ရက်နေ့၌ သူတို့မာနယ်ပလောသို့ ရောက်လာကြလေသည်။ ယခုရောက်ရှိလာသူများမှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုကော်မတီဝင် ၄ ဦးဖြစ်သည်။ တိုင်းခေါင်းဆောင်များမှာ ရန်ကုန်တိုင်းမှ ၁ ဦး၊ ပဲခူးတိုင်းမှ ၁ ဦး၊ စစ်ကိုင်းတိုင်းမှ ၂ ဦး နှင့် မန္တလေးတိုင်းမှ ၂ ဦးဖြစ်၏။


မန္တလေးတိုင်းမှ တဦးသည် လူ့ဘောင်သစ် ခေါင်းဆောင်လည်းဖြစ်လျှက်(ဗလသ)ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) ဥက္ကဋ္ဌလည်းဖြစ်သူ ကိုမင်းမင်းဦး ဖြစ်သည်။


ဥက္ကဋ္ဌတို့ အလံပြောင်းရွှေ့မှုဟာ ပါတီတရပ်လုံး လက္ခဏာဆောင်ပါသလား။ ဆိုလိုတာက အောက်ခြေထုတခုလုံး သိပါသလားဟု စာရေးသူက မေးသည်။


ဤမေးခွန်းကို စာရေးသူက အရေးကြီးသည်ဟုမြင်သည်။ လူ့ဘောင်သစ်အနာဂတ်ကို မှန်းဆကြည့်နိုင်ရန် အခြေခံကျပါသည်။ ဥက္ကဋ္ဌက ဖြေသည်။ ‘သိတယ်’ ။


ဘာကြောင့်လဲဆိုတော့ လူ့ဘောင်သစ်ဟာ ပါတီ။ ပါတီဖွဲ့တာဟာ နည်းပရိယာယ်အရသာဖြစ်တယ်ဆိုတာ ပါတီဝင်ထုတရပ်လုံးအမြဲတမ်း သဘောပေါက်နေအောင် အဲဒီသဘောဆောင်တဲ့ ထုတ်ပြန်ကြေငြာချက်တွေ ပါတီက လုပ်နေခဲ့လို့ပဲ။


ဒုတိယအချက်ကတော့ ၂၁ ထဲမှာ ၆ ဦးနှုတ်ထွက်၊ ဒု ဥက္ကဋ္ဌ ပါတဲ့ ၃ ဦး အဖမ်းခံနေရတယ်။ ၂ ဦးက ပျောက်ဆုံးနေတယ်။ ရန်သူဖမ်းထားတယ်ဆိုတဲ့သတင်း ရထားတယ်။ ထောင်ထဲမှာလည်း မရှိဘူး။ ရန်သူ သတ်ပစ်တာဖြစ်နိုင်တယ်လို့ ထင်တယ်။


၂ ယောက်ကတော့ တိမ်းရှောင်နေတယ်၊ သူတို့နဲ့ ကျနော်တို့ ခုရက်ပိုင်းမှာပဲ ပြန်ဆုံမိတော့မယ်။ ၂ ယောက် ကတော့ မန္တလေးမှာ အကျယ်ချုပ်ကျနေတယ်။ ရန်ကုန်ဗဟိုမှာ မရှိဘူး။ ဒါကြောင့် ဗဟိုခေါင်းဆောင်ဆိုလို့ ဗဟိုမှာတယောက်မှ မရှိတော့ဘူး။ ခု ကျနော်တို့ ဒီကိုရွှေ့လာတာ ပါတီဗဟိုတခုလုံးပဲ။


နောက်တခုက လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက မြို့နယ်အဆင့်ထိ ပါတီဆိုင်းဘုတ်တွေကို ဖြုတ်ချချင်ရင် ချခွင့်ပြုထားခဲ့တယ်။ ပါတီထုတရပ်လုံးဟာ ပါတီစပြီး တည်ထောင်ကတည်းက နည်းပရိယာယ်အရ ပါတီ တည်ထောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိနေကြပါတယ် ဟု ဥက္ကဋ္ဌက ရှင်းပြလေသည်။


ဆက်လက်ဖော်ပြပါမယ်။


No comments: