Saturday, June 13, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့(၂၀)


ကျနော်က တိုတိုရှင်းရှင်း ပြတ်ပြတ်ဖြေချလိုက်ပြီး အခန်းထဲ ပြန်ဝင်လာပါတယ်။ AB ကတော့ ဂုဏ်ထူးတွေ ထွက်အောင်များဖြေနေသလား မသိ။ တော်တော်နဲ့ မပြီး။ တခြား အဖွဲ့အစည်းတွေက အသက်ကြီးကြီး လူကြီးတွေလည်း လက်တွေ့နေကြဟန်တူတယ်။ အတွေ့အကြုံကများတော့ ပြောစရာတွေ များပုံပဲ။ အချိန်ကလည်း ကန့်သတ်မထား။
နောက်မှ တယောက်ပြီးတယောက် ပြန်ဝင်လာကြတယ်။ သူ့အစု ကိုယ့်အစု ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ပြောကြရပြန်တယ်။ အပြန်အလှန် စိစစ်ကြပါတယ်။ အားရမိတာလည်း ရှိ၊ ဆင်ဝှေ့ရန်ရှောင် ဖြေခဲ့ကြတာတွေ လည်း တွေ့ရတယ်။
တချို့က မျက်စိထဲကြည့်မရတဲ့ တခြားပါတီတွေအပေါ် ဖိရေးလာတာရှိခဲ့တယ်။ ဦးနုကျတော့ သူ အစိုးရ ဖြစ်စဉ်ကလည်း တလျှောက်လုံးခံလာကြရလို့ နှိပ်နှိပ်နယ်နယ် ဖြေလာခဲ့ကြတယ်။ ဒါတွေကို တခန်းနဲ့တခန်း ဖလှယ်ကြည့်ကြတယ်။ နောက်ပိုင်း တခြားအခန်းမှ ကိုဉာဏ်ဝင်း (ရကသ)ဆီက ဝေဖန်ရေး ရောက်လာတယ်။
ရန်သူကိုပဲ တိုက်ရမယ်။ မိတ်ဆွေမရှိ တပ်ပေါင်းစုမရှိ ဖြစ်သွားအောင် ဘဝတူပါတီတွေကို ကိုယ်က ဦးဆောင်ဖွင့်ချရင် မှားတယ်”တဲ့။ ကျနော်က မဆလ ကို ခပ်ပြတ်ပြတ်တိုက်ခဲ့တာအတွက် ဂုဏ်ယူမိတယ်။
ဦးနုကျတော့ ဖောက်ပြန်တဲ့ လက်ယာအစိုးရတခုကို ကိုယ်စားပြုဖူးသူ၊ ယခု နယ်ချဲ့ နောက်လိုက်ဖြစ်သွားပြီလို့ ဖြေခဲ့တာမှန်တယ်ထင်ကြောင်း။ အလံနီပါတီဟာ ဗကပ ကို ပခုံးချင်းယှဉ်ပြီး ပစ္စည်းမဲ့ပါတီလို့ သူ့ကိုယ်သူ သတ်မှတ်ထားပေမယ့် တကယ်က ဓနရှင်ပေါက်စ ပါတီပဲလို့ ဖြေလာခဲ့တာတော့ မှားတယ်ဆိုရင်လည်း မှားတယ်ပေါ့ဗျာ လို့ သတင်းပို့လိုက်ပါတယ်။
စာမေးပွဲဖြေအပြီး မကြာမီ ပထမ အသုတ် လူတော်တော်များများ လွှတ်ပေးလိုက်ပါတယ်။ ကျနော်တို့အထဲက လူကြီးပိုင်းတချို့ (ဆရာ ရာဂျန်၊ ဦးမြသန်းတင့် စသည်) ပါ သွားပါတယ်။ သတင်းစာလာပြလို့ သိရတာပါ။ ဖြတ်သန်းမှုကိုယ်စီ ရှိခဲ့ကြပြီဖြစ်လို့ ရန်သူ့အထာကို သိကြပါတယ်။ ထွက်သွားတဲ့ ရဲဘော်တွေအပေါ် ဘာမှ သံသယ မရှိကြ။
အချိန်တချို့ ဖြတ်သန်းကြပြီးတဲ့နောက်
ခု ကျနော်တို့ အစုခေါင်းဆောင်ကို ခေါ်ထုတ်သွားကြပြန်ပြီ။ ဆန်းတော့ ဆန်းတယ်၊ တနေကုန် စိတ်တွေက ဒီအပေါ်မှာပဲ ရောက်နေမိတယ်။
ကျနော်တို့ ထမင်းစားအပြီး ညနေစောင်းမှ ကိုယ်တော်ချောက ပေါ်လာပါတော့တယ်။ စောင်ကို အဆောင် မဝင်ခင်ကတည်းက ဖြုတ်ပေးလိုက်ပုံရတယ်။ စီးကရက် ပါးစပ်မှာခဲလို့၊ ပါးစပ်ကလည်း ကွမ်းလေးမြုံ့လို့
ကဲ ဆိုစမ်းပါဦး၊ ကိစ္စက? ”
ဦးမြတို့ ကိုဘခက်တို့က ခေါ်တွေ့တာလေ၊ ရှေးဟောင်းနှောင်းဖြစ်တွေလည်းပါတယ်။ ဖြုတ် ထုတ် သတ် ကိစ္စ၊ တရုတ်ပြည်ထဲမှာ သခင်သန်းမြိုင်ကို သခင်ဗသိန်းတင်တို့က အရေးယူလိုက်တဲ့ ကိစ္စ၊ အရှေ့မြောက် စစ်ဒေသ ဆိုတာလည်း တရုတ်တွေဝင်တိုက်ပေးနေလို့ ဒီလောက် ကြီးကျယ်လာတာလို့လည်း ပြောတယ်”
ဒီတော့ ခင်ဗျား ဘယ်လို တုံ့ပြန်ခဲ့သလဲ
ဟင့်အင်း နားပဲ ထောင်နေလိုက်တယ်၊ သိချင်တာပေါ်ရင် မေးကြည့်တာတော့ ရှိတယ်။ သူတို့ ၃ ယောက်က တယောက်ပြီးတယောက် အဆက်မပြတ် ပြောနေကြတာဗျ
ဒေါပွနေပြီဖြစ်တဲ့ ကျနော်တို့တတွေက တယောက်တပေါက် ဝိုင်းဝေဖန်ကြပါတယ်။
ဒီ သစ္စာဖောက်တွေက ကျွေးတာတွေ ခင်ဗျား စားလာတယ်။ ဆေးလိပ်သောက် ကွမ်းစားလာတယ်။ ခင်ဗျား မရှက်ဘူးလား”စသည်။
တကယ်က သူဟာ ရဲဘော်ကောင်း တယောက်ပါ။ မြို့နေဆင်းရဲသား လက်လုပ်လက်စား အလုပ်သမား တယောက် ဖြစ်တယ်။ မြစ်ဖျားတိုင်းနဲ့ အဆက်ရခဲ့ပြီး ပါတီဝင်ဖြစ်ခဲ့တယ်။ သူ့အား နည်းချက်က နိုင်ငံရေးရေချိန်နဲ့ စာပေယဉ်ကျေးမှုရေချိန်နိမ့်တာ ဖြစ်တယ်။ ရိုးရိုးအအ ဆိုတော့ တုံ့ပြန်နိုင်စွမ်းမရှိ ဖြစ်သွားပုံရပါတယ်။
သူ့အကိုက အာဇာနည် ရဲဘော်တဦးဖြစ်လို့ ရဲဘော်တွေက ချစ်ကြခင်ကြပါတယ်။ ပျော်တတ်ရွှင်တတ်သူမို့ သူ့နာမည်ရှေ့မှာ ‘စိန်’ တပ် ခေါ်ကြတာပါ။ ဒါပေမယ့် ဒီတချီမှာတော့ မညှာနိုင်ကြတော့ပါဘူး။ သူလည်း အတော်စိတ်ညစ်သွားပြီး သူ မှားကြောင်း ဝန်ခံပါတယ်။
နောက် သူက ပွင့်ပွင့်လင်းလင်း တင်ပြတောင်းဆိုလာပါတယ်။ သူဟာ အခန်းအစုခေါင်းဆောင်နေရာနဲ့ မတန်ပါ။ ခေါင်းမဆောင်နိုင်ပါ၊ ဒါကြောင့် ခင်ဗျားခေါင်းဆောင်ပါလို့ သူ့တာဝန်ကို ထိုးအပ်ပါတယ်။ ကျနော်က ငြင်းပါတယ်။ “ဆက်လုပ်၊ ဝန်းရံမယ်”ပေါ့။
ဒါပေမယ့် ကျန်ရဲဘော်တွေကလည်း “စိန်-- နဲ့ မဖြစ်ပါဘူး၊ ခင်ဗျားပဲ ခေါင်းဆောင်ပါ” လို့ ဝိုင်းတောင်းဆိုတာနဲ့ လက်ခံလိုက်ရပါတယ်။
သူက ဆက်ပြောပါတယ်။ “သူတို့က ခင်ဗျားတို့ အခန်းထဲမှာ ကျနော်တို့ရဲဘော်တွေ ဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်သူတွေလဲမေးတာနဲ့ တယောက်စီအကြောင်း မိတ်ဆက်ပေးခဲ့ရတယ်။ ခင်ဗျား အကြောင်း အားကြီး မေးတယ်။ နက်ဖန် ခင်ဗျားကို ခေါ်တွေ့လိမ့်မယ် ထင်တယ်”တဲ့။
နက်ဖန် လာခေါ်ရင် ငါ ဘာပြောမလဲ? ဘယ်လိုထိုးနှက်တိုက်ခိုက်ရမလဲ?ဒီ မေးခွန်းတွေက ကျနော့်ကို တရစပ် လမ်းလျှောက်ခိုင်းထားခြင်း ဖြစ်ပါတယ်။
ဟေ့ မင်းမအိပ်သေးဘူးလား? ဘယ်အချိန်ရှိပြီလဲ? အိပ်တော့ …”
ဝါဒါ အေးသိန်း ဘယ်အချိန်က သံတန်းနား ရောက်နေတယ် မသိ။
ဆက်လက်ဖော်ပြပါမယ်။

No comments: