ကား တတန် ရထား တတန်
အသွားမမှန် လမ်းမချောပေမယ့်
အမေ … မမောခဲ့ပါဘူး သားရယ်
အမေချစ်တဲ့အမေသား
သံတိုင်တွေကြားမှာ
အားရှိဆဲ
မာန်ရှိဆဲ
အမှန်သိဆဲ
ဒါပဲ အမေမြင်ချင်တယ် … ။
အမေလေ…
ဂြိုဟ်တိုင်လည်း ရေမလောင်း
သက်စေ့လည်း စာမလွှတ်
ဒါ … ဝဋ်ကြမ္မာမှ မဟုတ်တာ …
အာဏာကိုအန်တု
အမှန်ကိုပြုရဲသူတွေအတွက်
ဆုပါ … သား … ။
ထုနဲ့ ထည်နဲ့ အမှောင်ဆိုတာ
ဘယ်ကမ္ဘာမှ မရှိနိုင်ဘူး
သန်းကောင်ရဲ့ဟိုဘက်ကူးရင်
ရောင်နီဦးပေါ်ပြီပေါ့
ရင်ကော့ပြီးပြန်လာမယ့် အမေသားကိုလေ
သပြေညိုနဲ့
အမေကြိုမယ်။
အမေ့လို အမေများ
ဒို့နိုင်ငံတနံတလျားမှာ
အားနဲ့စိတ်ဓာတ်
အပြည့်ရပ်လျှက်ပါ
ဟော … …
ကြည့်လိုက်စမ်းပါ့ သားရေ
ဟို အရှေ့နယ်တလွှားဆီက
ပတ္တမြား သန္တာဖူးတွေနဲ့
ရောင်နီဦး ဝေဝေဖြာပေါ့
အဖြေဟာ သေချာနီးထင်ရဲ့
ခရီးတွင်တွင်ရောက်အောင်လို့
အမေလျှောက်မယ်ကွဲ့ … … ။ ။
1 comment:
ထောင်ဝင်စာ စကား တဲ့
မအယ်တို့ တိုင်းပြည်မှာ
ဒီစကား ဘယ်လောက်ထိ ပြောနေရမယ် မသိ။
မအယ်
Post a Comment