အနာဂတ်ကာလတွင် တချိန်ကျလျှင် စာအုပ်များသည် ဒိုင်နိုဆောသတ္တဝါကြီး များကဲ့သို့ပင် မျိုးတုံးပျောက်ကွယ်သွားမည်လောဟု စိုးရိမ်သူတို့က စိုးရိမ်ကြသည်။ ထိုကဲ့သို့ စိုးရိမ်သူအများစုမှာ စာအုပ်စာပေနှင့် ဆက်စပ်သူများ ဖြစ်ကြသည်။
သူတို့ကို အကဲပိုရန်ကောဟု အပြစ်တင်ရန် မသင့်ချေ။ ၁၉၁၃ ခုနှစ်လောက်ကပင် တီထွင်သူတဦးဖြစ်သူ သောမတ်အယ်ဒီဆင်က “စာအုပ်သုံးတဲ့ခေတ် မကြာမီ ကုန်ဆုံးတော့မယ်။ လူသားရဲ့အသိပညာ ဗဟုသုတအမျိုးမျိုးကို လှုပ်ရှားတဲ့ ပုံရိပ်တွေနဲ့ ခံစားနိုင်တော့မယ် အလားအလာတွေရှိနေပြီ” ဟု ဆိုခဲ့ဖူးသည်။
သူက ထွန်းကားလာမည်၌ ရုပ်မြင်သံကြား အပါအဝင် ပုံရိပ်ဆက်သွယ်ရေးစံနစ် ကိုရည်ရွယ်ကာ ဟောကိန်းထုတ်ခဲ့ခြင်းဖြစ်သည်။
သူပြောသလိုပင် အီလက်ထရောနစ် ကိရိယာများဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ ကွန်ပြူတာ စသည်တို့ ထွန်းကားလာခဲ့သည်မှာ မှန်ပါ၏။ သို့သော်လည်း စာအုပ်များကား ပျောက်ကွယ်၍ မသွားခဲ့ပေ။
ကျွန်ုပ်တို့ခေတ်အထိ ဆက်သွယ်ရေးသည် တော်လှန်ပြောင်းလဲမှု ၄ ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟု သတ်မှတ်သူတို့က သတ်မှတ်သည်။
ပထမအကြိမ်မှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက လူ့အဖွဲ့အစည်း အတွင်း လူလူချင်း ဆက်သွယ်ရာ၌ အရေးပါ အရာရောက်လှသော ဘာသာစကား ပေါ်ထွန်းလာခြင်းဖြစ်သည်။
ဒုတိယအကြိမ်မှာ လွန်ခဲ့သော နှစ်ပေါင်းငါးထောင်ကျော်ခန့်က အက္ခရာစာလုံးများ ကို တီထွင်ရေးသားနိုင်ခဲ့ခြင်း ဖြစ်သည်။
တတိယအကြိမ်မှာ ၁၅ ရာစုအတွင်းတွင် ပုံနှိပ်စက်ကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပုံနှိပ်မှုအတတ် ပညာ(စာအုပ်) များကြောင့် ဆက်သွယ်ရေးမှာ လျင်မြန်စွာ တိုးတက်ကျယ်ပြန့်ခဲ့သည်။
ယနေ့ခေတ်ကိုမူ စတုတ္ထမြောက် တော်လှန်ရေးဟု သတ်မှတ်ကြသည်။ ထိုတော်လှန်ရေးကြောင့် စာအုပ်များ ခေတ်ကုန်သွားလေမလားဟု စိုးရိမ်မကင်းဖြစ်သူတွေ ဖြစ်ကုန်ကြသည်။
အသံသွင်းလုပ်ငန်း တိုးတက်စကလည်း ထိုကဲ့သို့ပင် တွေးတောခဲ့ကြ သည်။ အသံသွင်းဝတ္ထုများကို ထုတ်လုပ်ကြ၏။ သို့သော် နာမည်ကျော် လူကြိုက်များပြီးသောဝတ္ထုများက အဓိက ဖြစ်သည်။
ထိုဝတ္ထုကိုဖတ်ပြသူများကလည်း ထင်ရှားကျော်ကြားသူများဖြစ်ကြကာ၊ ထိုနည်းဖြင့် နားထောင်ချင်အောင် ဆွဲဆောင်ကြသည်။ (ဥပမာ- စတားလုံး၊ ရှာရွန်စတုံးစသူတို့က ဖတ်ပြခြင်း)
သို့သော် ထိုအသံသွင်းဝတ္ထုတိပ်ခွေများကို၊ မျက်စိမမြင်သူများနှင့် အဝေးပြေး ကားမောင်းသော ဒရိုင်ဘာများ နားထောင်ကြသည်။ ထိုတိပ်ခွေများမှာ စာအုပ်များမဟုတ်ကြပေ။ နားထောင်သူများမှာလည်း စာဖတ်သူများ မဟုတ်ကြပေ။ အရေးစာပေကို အစားထိုးရန် မဖြစ်နိုင်ချေ။
စာဖတ်ခြင်းဆိုသည်မှာ တသီးပုဂ္ဂလအင်မတန်ဆန်သော လူတိုင်းနှစ်ခြိုက်သည့် ပုံသဏ္ဍန်တမျိုးဖြစ်သည်။ စာဖတ်ခြင်းဆိုသည်မှာ တကိုယ်ရေ တွေးတောခြင်းဖြစ်သည်။ သို့မဟုတ် စာဖတ်သူနှင့် စာရေးသူတို့ အသံတိတ် စကားပြောခြင်းတမျိုးဖြစ်သည်။
စာအုပ်များနေရာတွင် အစားထိုးနိုင်သည့် အီလက်ထရောနစ်ပစ္စည်းများ (အသံသွင်း ဓာတ်ပြား၊ တိပ်ခွေ၊ မိုက်ခရို ဖလင်၊ ဗွီဒီယို၊ ရုပ်ရှင်၊ ကွန်ပြူတာဓာတ်ပြား များစွာရှိသည်။ သို့သော် ယင်းတို့မှာ စာအုပ်တအုပ်၏ အနှစ်သာရကို ဖော်ဆောင်နိုင်သည်ထက် သတင်းအချက်အလက်များကိုသာ သိုမှီးစုဆောင်းခြင်းတွင်သာ ပိုမိုအသုံးဝင်သည်။
အသိပညာ ခေါ် သတင်းအချက်တို့၏ကွာခြားချက်မှာ ဤနေရာတွင် ကွဲကွဲပြားပြား ဖြစ်နေလေသည်။
စာအုပ်တအုပ်သည် သတင်းအချက်အလက်ပေးရန်မဟုတ်ဘဲ တွေးတော ဆင်ခြင်စရာ အသိဉာဏ်ပညာပေးရန် သာဖြစ်သည်။ စာအုပ်များကို ကွန်ပြူတာ ကတ်တလောက်အတွင်း သိုလှောင်ထားနိုင်သည့် တိုင်အောင် ကွန်ပြူတာတလုံးရှေ့တွင်ရောက်နေသော လူတယောက်၏စိတ်အခြေအနေနှင့် စာအုပ်စင်များ အလယ်တွင် ရောက်နေသော စိတ်အခြေအနေတို့မှာ တူနိုင်လိမ့်မည် မဟုတ်ပေ။
စာအုပ်များကို မြင်တွေ့နေရသည့်အတွက် စာအုပ်များကို ချစ်မြတ်နိုးစိတ် ပေါ်ထွန်းနေနိုင်သည်။ နှစ်သက်ရာ စာအုပ်တအုပ်ကို အလွယ်တကူ ဆွဲထုတ်ယူကာ စာမြည်းခြင်းမျိုးကိုလည်း ကွန်ပြူတာစာကြည့်တိုက်တွင် ပြုလုပ်နိုင်ရန် ခဲယဉ်းလေသည်။
စက်မှုနည်းပညာ အင်မတန် ထွန်းကားတိုးတက်နေသော အမေရိကန်လိုနိုင်ငံ မျိုးတွင်ပင် စာအုပ်ထုတ်ဝေနှုန်းမှာ မှန်မှန်တိုးတက်လျက် ရှိသည်။
၁၉၉၄ ခုနှစ် စာရင်းအရ စာအုပ် ၁.၂ သန်း(အမျိုးအစားပေါင်းဖြစ်သည်။) ထုတ်ဝေခဲ့သည်။ သတင်းစာဖတ်သူဦးရေမှာ နည်းသွား ခဲ့သည်။ သတင်းစာထဲမှ သတင်းအချက်အလက်များကို ရုပ်မြင်သံကြားနှင့် အခြားမီဒီယာများမှ ရနေသောကြောင့်ဖြစ်သည်။
သို့တိုင်အောင် အမေရိကန်၌ လူကြီးတဦး၏ စာဖတ်ချိန်မှာ တနေ့လျှင် ပျှမ်းမျှနာရီဝက်ခန့်သာရှိသည်ဟု ဆိုလေသည်။ ထို့ကြောင့် စာဖတ်ရှိန်မြှင့်တင်ရေးအသင်းများ ဖွဲ့စည်းကာ တိုးတက်အောင်လုပ်ဆောင် နေကြလေသည်။
ကျွန်ုပ်တို့စိုးရိမ်ရမည်မှာ စာအုပ်များပျောက်သွားမည်လားဆိုသည့် ကိစ္စမဟုတ်။ သတင်းအချက်အလက် အသိပညာထက် ပို၍တွင် ကျယ်လာကာ ဖုံးလွှမ်းသွားသောခေတ် ရောက်မည့်အမြင်ကိုသာ ဖြစ်သည်။
ထိုသို့ဖြစ်လျှင် လူ့အဖွဲ့အစည်း တွေးတောဆင်ခြင်ဉာဏ်နှင့် ခံစားမှုများ တစထက်တစ လျော့ပါးတိမ်ကောကာ စက်ရုပ်လူ့အဖွဲ့အစည်းအသွင် ပြောင်းသွားပေလိမ့်မည်။
သတင်းအချက်အလက် ရှေ့တန်းရောက်သောခေတ်ကို ရှောင်လွှဲမရ။
သို့သော် အသိပညာဖြင့် ထိန်းကွပ်ညှိနှိုင်းပေးရမည့် တာဝန်လည်းရှိနေလေသည်၊ ထိုအလုပ်ကို စာအုပ်များ ကသာလုပ်နိုင်ပေရာ လူ့အဖွဲ့အစည်းတွင် စာအုပ်များ တိမ်ကောပပျောက်သွားမည့်ကိစ္စမှာ ဖြစ်နိုင်ရန် အင်မတန် ခဲယဉ်းပေသည်ဟုသာ ဆိုရပါတော့မည်။
(သစ္စာနီ၏ သက်တံကျောက်ဖြစ်ရုပ်ကြွင်း စုစည်းမှုမှ)
No comments:
Post a Comment