“ဟေ့ကောင် … စားပြီးပြီလား ငါဖြင့် နောက်ကျနေပြီမှတ်လို့ အတင်းကို ပြေးလာရတာ”
အသံကြောင့် လှည့်ကြည့်မိတော့ ကျနော့်သူငယ်ချင်း ရေနံချောင်းက သံချောင်း။ ခန္ဓာကိုယ်က ဝဝ။ ချွေးတွေကလည်း ကျလို့။
“စားပြီးတာ၊ မပြီးတာ အသာထားကွာ၊ ရော့ … ဒီငွေ ၅ဝဝ ကိုယူပြီး ဓာတ်ခွဲခန်းဆိုတဲ့ ဆိုင်းဘုတ်တွေ့ရင် ဝင်သွား၊ ငါ့နာမည်နဲ့ သွေးစစ်ဖို့လာယူတာ ဘယ်သူလဲမေး၊ တွေ့ရင် ထုံးစံအတိုင်း ပေးလိုက်ကွာ”
ချွေးသံရွှဲရွှဲနှင့်လာသော သံချောင်းလည်း ချွေးသံရွှဲရွှဲနှင့်ပင် ပြန်ထွက်သွားတော့၏။ ကျနော့်နားထဲမှာတော့ သွေးလာစစ်သောသူ၏ လေသံနွေးနွေးတို့က ခုထိ တိုက်ခတ်နေဆဲ။ ဖုံးသွားမတတ်ပင်။ ထို့နောက် ဘာမှမပြောတော့ဘဲ တဖက်ကုတင်သို့ ကူးသွားတော့၏။
နေ့လယ်ကလည်း မနေ့ကလိုပါပဲ။ ခွဲရမည်ဟု သူတို့ကပြော၊ ကျနော်က ခွဲချင်သည်ဟု ဖြေ၊ ဘာလုပ်သလဲ မေး၊ ယခင်အတိုင်း ကျနော်က ဖြေ၊ သူတို့ကလည်း ရယ်မြဲတိုင်းရယ်နှင့် တနေ့ ပြီးသွားပြန်သည်။
လူကလည်း အတော်ကြီးသက်သာနေပြီ။ ခွဲစိပ်ပေးဖို့လည်း အရိပ်အယောင်ပင် မမြင်တော့သဖြင့် ဆေးရုံမှဆင်းရန် ဆုံးဖြတ်လိုက်သည်။ သူနာပြုဆရာမကြီးကို သွားပြောမည်။
ဆရာမကြီးရုံးခန်းရှေ့ရောက်တော့ အမျိုးသမီးတဦးနှင့်စကားပြောနေသောကြောင့် အလိုက်သိစွာ နံဘေးရှိ ထိုင်ခုံပေါ်ဝင်ထိုင်ရင်း စောင့်နေမိသည်။
“လူနာက သမီးနဲ့ဘယ်လိုတော်လဲ”
“ကျမ မွေးစားအမေပါ”
“အို … မွေးစားအမေလဲ ကိုယ့်အမေပဲပေါ့ကွယ်၊ ဂရုစိုက်ရမှာပေါ့ … မဟုတ်ဘူးလား”
နံဘေးတွင်ထိုင်နေသည်မို့ သူနာပြုဆရာမကြီးနှင့် အမျိုးသမီးတို့ပြောဆိုနေသည်ကို ကျနော်က ကြားနေရသည်။
အမျိုးသမီး၏မျက်နှာက မွေးစားအမေဆိုသော လူနာအတွက် စိုးရိမ်နေဟန်။
“ဟို … သမီးအမေကို စပါယ်ရှယ်ခန်းမှာ ထားမလား”
ဆရာမကြီး၏လေသံက ကျနော်ကြားဖူးနေကျအတိုင်း နွေးနွေးကလေး။
“စပါယ်ရှယ်ခန်းမှာထားတာထက် အမြန်ဆုံးခွဲဖို့က အရေးကြီးတယ်လေ ရောဂါကပိုတိုးလာနေတာ စစ္စတာကြီး အသိပဲဟာ”
အမျိုးသမီးဖြစ်သူမှာ ငွေရှိဟန်ပေါက်သည်။ သို့သော်လည်း သူမအတွက် အရေးကြီးနေသည်မှာ သူမ၏မွေစားအမေကို အမြန်ဆုံး ခွဲစိပ်ပေးနိုင်ဖို့ပင်။
“ဒီမှာ စပါယ်ရှယ်ခန်းမှာသာ နေလိုက်။ အမြန်ဆုံးခွဲရအောင် စီစဉ်ပေးမှာပေါ့”
“စပါယ်ရှယ်ခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ”
“ဟိုဘက်က တခန်းထဲထားတဲ့အခန်းပေါ့ … အေးအေးဆေးဆေးပဲ”
ဆရာမကြီးညွှန်ပြသည့်ဘက်သို့ ကျနော်ပါကြည့်လိုက်မိသည်။ ကျနော်တို့လူနာဆောင်နှင့်ကပ်လျက်ရှိနေသော အခန်းတခန်း။ ရောဂါအခြေအနေကြောင့် ထားသည့်အခန်းမဟုတ်။ ငွေပေါသူများကို ထားသည့်အခန်း။
“ ကဲ အဲဒီအခန်းမှာနေမယ်ဆိုရင် ဒီနေ့ ခွဲပေးမလား”
“ အို … စပါယ်ရှယ်ခန်းမှာသာ နေလိုက်စမ်းပါ ဒီနေ့မဟုတ်ဘူး မကြာခင်ခွဲရအောင် စီစဉ်ပေးမယ်”
သို့နှင့် နွေးထွေးသောဆရာမကြီးကား လေသံနွေးနွေးဖြင့် အဆိုပါအမျိုးသမီးကို ခေါ်သွားတော့သည်။ ကျနော့်ကိုမူ မမြင်ဟန်ဆောင်ထားခဲ့သည်။ မတတ်နိုင်။ ဆရာမကြီး၏ စပါယ်ရှယ်ကိစ္စများပြီးမှသာ ပြန်လာတော့မည်ဟုတွေးရင်း ကုတင်ရှိရာသို့ထသွားမည်အပြု …
“ခက်တယ်ဗျာ … ဒီမှာကလည်း ခွဲပေးရမယ့်လူနာတွေက အများကြီးပဲဗျ ၊ ဒီနေ့တနေ့တည်းတောင် ပြီးမှာမဟုတ်ဘူး”
“ဟုတ်ကဲ့ … ကျနော်သိပါတယ်ဆရာ ဒါပေမယ့် အဖေ့အခြေအနေက အတော့်ကို စိုးရိမ်နေရလို့ပါ … ကူညီပါဆရာရယ်”
လေသံနှစ်မျိုးဖြင့်ဝင်လာကြသည်က လူသုံးယောက်။ တယောက်က ဂျုတီကုတ်နှင့်။
“ဒီလိုလုပ်”
ဂျုတီကုတ်ဆီမှထွက်လာသော လေသံနွေးနွေး။
“ဒီဆေးရုံကြီးမှာခွဲလို့ကတော့ မနက်ဖြန်တောင်မှ ခင်ဗျားအဖေ ခွဲရမှာ မဟုတ်ဘူး”
“ဒါဆိုရင် ဘယ်လိုလုပ်မလဲဆရာ”
“အထူးကုဆေးခန်းမှာ ကျနော်ခွဲပေးမယ် ဖြစ်မလား ဒါတောင် ဒီနေ့တနေ့လုံး ကျနော်မနားဘဲ ခွဲပေးရမှာ”
ဂျူတီကုတ်ဆီမှ လေသံနွေးနွေးများအဆုံး သားရေအိတ်ချိုင်းကြားညှပ်ထားသောသူအား အခြားတယောက်က တတောင်ဖြင့် မသိမသာ တို့လိုက်၏။
“ရပါတယ်ဆရာ ဆရာကိုယ်တိုင်ခွဲပေးမယ်ဆိုရင် ပြီးတာပါပဲ ကျေးဇူးတင်လိုက်တာဆရာရယ်”
သလိုဆိုတော့လည်း နှစ်ဦးနှစ်ဘက်ပြေလည်သွားကြပြန်ပြီဟု ဆိုရတော့မည်။ ကျနော်ကတော့ စပါယ်ရှယ်ခန်း ယူလျှင် ခွဲပေးမည်ဆိုသော လေသံနွေးနွေးနှင့် ဆေးရုံကြီးမှ လူနာအား ငွေ လေး၊ ငါးသောင်းကုန်ကျမည့် အထူးကုဆေးခန်းသို့ လွှဲပြောင်းနိုင်လိုက်သည့် လေသံနွေးနွေးတို့ကို နှိုင်းယှဉ်ခံစားနေမိသည်။
သို့သော် …
“နေဦး။ အဲဒီဆေးခန်းကို ဖုံးဆက်ရဦးမယ်၊ ခွဲခန်းလူနာတွေရှိနေရင် ဟိုရောက်ပြီးမှ ဒုက္ခရောက်နေလိမ့်မယ်”
ဂျူတီကုတ်ထံမှ ရုတ်ရက်ထွက်လာသောစကားကြောင့် လူနာရှင်မှာ မျက်နှာကြောတွေ တွန့်ခေါက်သွားရပြန် သည်။ ထို့နောက် တယ်လီဖုန်းဆက်ကြပြီ ဆိုပါတော့။
“ဟဲလို … ကိုဌေးလား ကျနော်ပါ တင်ဝင်းပါ၊ နေကောင်းလား”
လူနာရှင်နှစ်ဦးမှာ ဖုန်းပြောနေသော ဂျူတီကုတ်ကိုသာ မျက်တောင်မခတ်ကြည့်နေကြသည်။
“ဒီလိုဗျ နေ့လည်မှာ အရေးကြီးလူနာတယောက် ခင်ဗျားတို့ဆီမှာလာခွဲချင်လို့ အိုကေနိုင်မယ် မဟုတ်လား”
လူနာရှင်နှစ်ဦး၏မျက်လုံးတို့မှာ ဂျူတီကုတ်၏မျက်နှာပေါ်ပြိုကျနေဆဲ။
“ဘာ … ပြည့်နေပြီ ဟုတ်လား”
ဂျူတီကုတ်၏အသံအဆုံး လူနာရှင်နှစ်ဦးတို့ နုံးချိသွားပုံမှာ မျက်နှာပေါ်တွင် အတိုင်းသား …။
“လုပ်ပါဦးဗျာ ဒီမှာ ကိုဌေး လူနာက ကျနော့်လူနာပါဗျ ကျနော်ကိုယ်တိုင်ခွဲမှာပါ”
အသံတွေ ခေတ္တရပ်သွား၏။ တဖက်မှ ပြောနေဟန်တူသည်။
“အော် ဒါများဗျာ အခုနကပြောရောပေါ့ … ရိုးရိုးခွဲခန်းတွေမအားလည်း စပါယ်ရှယ်ခန်းမှာ ခွဲမှာပေါ့၊ အရေးကြီး တာက လူနာရဲ့ရောဂါနဲ့ အသက်ဗျ၊ ငွေကုန်တာအရေးမကြီးဘူး မဟုတ်ဘူးလား”
မဟုတ်ဘူးလား ဆိုသည်မှာ အနီးရှိလူနာရှင် ၂ ဦးကို လှမ်းမေလိုက်ခြင်းပင်။ သားရေအိတ်နှင့်လူက ပါးစပ် လှုပ်နေသော်လည်း အသံကမထွက်။ သို့သော် ၂ စက္ကန့်အတွင်း ခေါင်းကိုညိမ့်ပြနေသည်မှာ ၅ ကြိမ်လောက် ရှိသည်။
တယ်လီဖုန်းကိုပြန်တင်လိုက်သော ဆရာဝန်၏ပုံစံမှာ အတော့်ကိုပင်ပန်းနွမ်းနယ်သွားဟန်ပေါက်နေသည်။ နဖူးပေါ်မှ မရှိသောချွေးတို့ကို သုတ်ရင်း …
“ကဲ … စီစဉ်စရာတွေ စီစဉ်ပြီး အဲဒီဆေးခန်းကိုသာသွားတော့ ကျနော် အချိန်မီရောက်အောင်လာခဲ့မယ်”
သည့်နောက် ကျေးဇူးတင်စကားတွေ တဖွဖွပြောရင်းထွက်သားကြသော လူနာရှင် ၂ ဦးနှင့် အကယ်ဒမီ ဂျူတီကုတ်တို့၏ တခန်းရပ်ပြဇာတ် ပြီးဆုံးသွားတော့သည်။
သူနာပြုဆရာမကြီးကတော့ ခုထိပြန်မလာသေး။
ကျနော် စိတ်မရှည်တော့။ ကျနော် ဆေးရုံဆင်းပြီ။ ဘယ်သူ့ဆီမှခွင့်မတောင်းတော့ဘဲ ကိုယ့်ဘာသာ ဆေးရုံ ဆင်းလိုက်ပေပြီ။
ဆရာမကြီးကို မစောင့်ဘဲ ဆေးရုံကြီးပေါ်မှ ဆင်းချလာခြင်းဖြစ်သည်။
အပြင်ရောက်တော့ ဆေးရုံကြီးကို တခေါက်ပြန်ကြည့်မိ၏။
သြော် … … ပြည်သူလူထု၏ ရောဂါဘယများအားကုသပေးရန် လိုအပ်သည့်ဆေးဝါးများထားရှိသည့် အဆောက် အဦး၊ ပြည်သူလူထု၏ရောဂါဘယတို့အား ရှာဖွေဖော်ထုတ်ပြီး ကင်းစင်ပပျောက်အောင် ဆေးကြောပေးသည့် ဆေးပညာ ကျွမ်းကျင်သူများရှိရာ အဆောက်အဦကြီးကိုယ်တိုင် ရောဂါဗရပွနှင့် ဒဏ်ရာရနေပါပကော။ ။
မောင်တောက်
ရေစီးသံဂျာနယ်
အတွဲ ၄ အမှတ် ၉
သြဂုတ်လ ၁ ရက် ၂၀၀၁ ခုနှစ်
No comments:
Post a Comment