Tuesday, November 18, 2008

ဆရာမ နှင်းပန်းအိမ် နှင့် ဆက်သွယ်မေးမြန်းခန်း


ဘီဘီစီ နှင့် စာရေးဆရာမ နှင်းပန်းအိမ် ဆက်သွယ်မေးမြန်းခန်း


ဘီဘီစီ (မြန်မာပိုင်း)

နိုဝင်ဘာလ ၁၈ ရက် ၂၀၀၈ ခုနှစ် ညပိုင်းအစီအစဉ်


မြန်မာနိုင်ငံအတွင်းမှာ အခုတလော ထောင်ဒဏ်အပြစ်ပေးမှုတွေ ဆက်တိုက်လုပ်လာချိန်မှာပဲ ပြည်တွင်းမှာ ဆက်နေလို့ မဖြစ်လောက်အောင် ဖိအားတွေပေးခံရလို့ဆိုပြီး စာရေးဆရာမ နှင်းပန်းအိမ်ဟာလည်း မကြာသေး ခင်ကပဲ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရောက်ရှိလာခဲ့ပါတယ်။


ဒီတော့ သူ ဘာတွေ တွေ့ကြုံခဲ့ရလို့ပါလဲ။ ဆရာမ နှင်းပန်းအိမ် ပြောပြတာက …


“ကျမတို့ရဲ့မိသားစုဘဝလုံခြုံမှု ပေးနိုင်မှုမရှိလို့ ကျမ ထွက်ခဲ့တာပါ”


- လုံခြုံမှုမပေးနိုင်လို့ဆိုတာက ဘာကိုအခြေခံပြီးတော့ ပြောတာပါလဲ။


“ကျမ အမျိုးသားနဲ့ပတ်သက်ပြီးတော့ ကျမအိမ်ကို ခဏခဏလာပြီးတော့ မေးတာ မြန်းတာတွေ လုပ်တယ်၊ ဖိအားပေးခံရတယ်။ ကျမ အမျိုးသားကြောင့် ကျမရဲ့ဆုပေးပွဲတို့ ဘာတို့ဆိုရင် စာနယ်ဇင်းတွေမှာ ဖော်ပြတာကို မေးတာမြန်းတာတွေ အလုပ်ခံရတယ်။ အိမ်မှာလာပြီး မေးတယ် စမ်းတယ်”


- ဘာကြောင့်မို့လို့ အမျိုးသားနဲ့ပတ်သက်ပြီးတော့ ဆရာမကို ဒီလိုဖိအားတွေ လုပ်တာပါလဲ။


“အမျိုးသားကတော့ နိုင်ငံရေးသမားဆိုတော့ ထောင်ကထွက်လည်း သူက နိုင်ငံရေးပဲ ဆက်လုပ်တာကိုး။ ဒါ သူတို့ရဲ့ယုံကြည်မှုပဲ။ ကျမ အမျိုးသား ကိုနေဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ပါပဲ။ သူ ၁၉၉၈ မှာ အဖမ်းခံရပါတယ်၊ အခု ၂၀၀၅ ဇူလိုင် ၆ ရက်နေ့မှ ကလေး အကျဉ်းထောင်က လွတ်ပါတယ်။ နောက်တခု ကျမက စာရေးတယ်၊ လုံခြုံမှုတင် မဟုတ်ဘူး။ စာရေးတဲ့အပေါ်မှာပါ ထပ်ပြီး ဖိအားတွေပေးတာပေါ့နော်”


- ဟုတ်ကဲ့ ဘယ်လိုဖိအားမျိုးတွေပါလဲရှင့်။


“ကျမတို့လက်ရှိရင်ဆိုင်နေရတဲ့ လူမှုဒုက္ခတွေပေါ့နော်။ စီးပွားရေးအကျပ်အတည်းရှိတယ်၊ နိုင်ငံရေးအရ နိုင်ငံရေး ရဲဘော်မိသားစုတွေ ကျမတို့ပြည်သူလူထုတွေ နှိပ်စက်ညှဉ်းပန်းခံရတာတွေ၊ သံဃာတော်တွေ သွေးမြေကျတဲ့ ကိစ္စတွေ၊ နိုင်ငံရေးအကျဉ်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်ချတာတွေ၊ ဒီမိသားစုတွေဟာ ခံစားရတဲ့ ခံစားမှု တွေ၊ မိသားစု တကွဲတပြားဖြစ်ရတာတွေ၊ ပုန်းရ ရှောင်ရ တိမ်းရ ဘဝတည်ငြိမ်မှုမရှိတာတွေ၊ နောက်တခု ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း ရှာဖွေစားသောက်ရတာတွေ။


ဆင်းရဲပင်ပန်းတယ်ဆိုတာ ပြောတော့သာ လွယ်တယ်၊ တကယ့်ကို ဆင်းရဲတာရှင့်။ ထမင်းကို ၂ နှပ်စာကို ၁ နပ်တည်းပေါင်းစားရတာ၊ နပ်ကျော် နပ်နင်းတွေ စားရတာ၊ ကျောင်းတက်ခွင့်တွေမရှိတာ။ စာသင်ခန်းမှာ နေရမယ့်အရွယ်တွေက လက်ဖက်ရည် ဆိုင်တွေမှာ စားပွဲထိုးလုပ်နေရတာ၊ ကုန်ထမ်းနေရတာ၊ တောင်းစားနေရတာ။ ဒါမျိုးတွေက အများကြီးပဲ။


တကယ်ကျောင်းတက်နေရတဲ့ ကလေးတွေကရော ပြည့်စုံလားဆိုတော့လည်း မပြည့်စုံဘူး။ စာအုပ်စာတမ်းကြေး ရှိတယ်။ မိဘတွေကို ဖိအားထပ်ပေးတာက ကျောင်းတွေကနေပြီးတော့ အခု နာဂစ်ဖြစ်တယ်၊ နာဂစ်ဖြစ်တဲ့ အပေါ်မှာ ကျမတို့ကို သွပ်မိုးအလှူခံလိုက်၊ ကြမ်းခင်းဖိုးအလှူခံလိုက်၊ ခုံဖိုးအလှူခံလိုက် ဒီလိုအလှူခံမျိုးတွေကို ကျမတို့ မိဘတွေက နည်းမျိုးစုံနဲ့ လှည့်ပေးနေရတာ။


ဒီလိုရင်ဆိုင်ရတဲ့ ဒုက္ခအခက်အခဲတွေ အများကြီးရှိတယ်။ ဒီလို ဒုက္ခတွေကို ကျမတို့က စာမျက်နှာပေါ် တင်ခွင့် မရှိဘူးရှင့်၊ စာမျက်နှာပေါ်မှာ တင်ခွင့်မရှိတဲ့အခါကျတော့ ကျမတို့ရေးရတဲ့အပေါ်မှာလည်း အနုပညာ သရုပ်ဖော်ဖို့ ထက် စာပေစိစစ်ရေး လွတ်ဖို့ဆိုပြီးတော့ စာရေးဆရာက ဒီလို ဦးစားပေးပြီး ဇောင်းပေးပြီးရေးရတယ်ဆိုတဲ့ အခါကျတော့လည်း စာရေးသူတယောက်အနေနဲ့ ဒါ တော်ရုံဒုက္ခတော့ မဟုတ်ပါဘူး”


မကြာခင်ကပဲ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာတဲ့ နာမည်ကြီး စာရေးဆရာမ နှင်းပန်းအိမ်ပြောပြသွား တာပါ။


(ဓာတ်ပုံ - ရိုးမ ၃)


2 comments:

khaing oo said...

ဆရာမ မင်္ဂလာပါ နေကောင်းလား

khaing oo said...

မင်္ဂလာပါ ကျွန်တော်နာမည်ထင်အောင်လင်းပါ