Tuesday, November 18, 2008

ထိန်လင်း (လေထီး ဦးအုန်းမောင် (သို့မဟုတ်) သမိုင်းထဲက လူစွမ်းကောင်း)


“ကျနော်က လူငယ်ဆိုရင် သိပ်ပြီး လေးစားတာ။ လူငယ်တွေကိုပဲ အားကိုးရမယ်လေ။ ဒါကြောင့် လူငယ်ဆိုရင် ဘယ်သူ့ကိုမဆို ‘ခင်ဗျား’ ‘ကျနော်’ ဆိုပြီး လေးလေးစားစား ဆက်ဆံတယ်”


အထက်ပါစကားရပ်ကတော့ ကျနော် မေ့မရနိုင်သူတဦးဖြစ်တဲ့ လေထီးဦးအုန်းမောင်ရဲ့စကားတခွန်း ဖြစ်ပါတယ်။


သူဟာ သူပြောခဲ့တဲ့ စကားအတိုင်းပဲ နိုင်ငံရေးမျိုးဆက် ၂ ဆက်လောက် ကွာဟတယ်လို့ဆိုနိုင်တဲ့ ကျနော်တို့ကို ‘ခင်ဗျား’ ‘ကျနော်’ နဲ့ တလေးတစား ဆက်ဆံလေ့ရှိပါတယ်။ သူ့ရဲ့အဲဒီလို စိတ်ထားကောင်းတွေကြောင့်ပဲ သူ့ကို ပိုမိုလေးစားခဲ့ကြရပါတယ်။


တကယ်တမ်း သူနဲ့ ကျနော်တို့ ဆုံတွေ့ခဲ့ချိန်များဟာ သူ့ဘဝရဲ့ နောက်ဆုံးအချိန် တွေဖြစ်ပေမယ့် သူ့ရဲ့အမြဲတမ်း တက်ကြွရှင်သန်နေတဲ့ စိတ်ဓာတ်ကြောင့် သူနဲ့ အတွေ့နောက်ကျတယ်ဆိုတဲ့ အတွေးမျိုးတောင် စိတ်ထဲမှာ လုံးဝ မဖြစ်ခဲ့မိပါဘူး။ သူက မြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သက်ရင် ကွယ်လွန်ချိန်အထိ စိတ်ဝင်တစား ပြောဆိုလုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။


တတိယအရွယ်ရဲ့ ဇရာပိုင်းရောက်နေပြီဖြစ်တဲ့ သူ့ထံက အတွေ့အကြုံတွေ၊ အသိအမြင်တွေကို ကျနော်တို့က ဆည်းပူးချင်ကြသလို သူကလည်း ကျနော်တို့ကို သူသိသမျှ ပြောပြချင်ပါတယ်။ ဒီလို ဆန္ဒတွေနဲ့ပဲ ကျနော်တို့တွေ အထိုက်အလျောက် ဆုံတွေ့ဖြစ်ကြပါတယ်။ ကျနော်တို့က သူ့ကို “အဘ” လို့ ခေါ်ဝေါ်သုံးနှုန်းပေမယ့် သူကတော့ သူ့ထုံးစံအတိုင်း နာမည်တွေရှေ့မှာ ‘ကို’တပ်ပြီး ခေါ်သလို ‘ခင်ဗျား’ ‘ကျနော်’ဆိုတဲ့ အသုံးအနှုန်းတွေကိုသုံးရင်း စကားလက်ဆုံကျဖြစ်ခဲ့ကြပါတယ်။


“အဲဒီတုန်းကပေါ့ဗျာ … ကျနော့်ကို ဝိုင်းပြီး ထိုးကြကြိတ်ကြတာ မတရားပဲ။ ‘ဟေ့ ဗိုလ်အုန်းမောင်သား စားကြမလားဟေ့’ လို့တောင် ပြောလိုက်သေးတယ်။ ပြီးတော့ ကျနော့်ကို ပက်လက်လှန်ထားပြီး ရင်ဘတ်ပေါ် တယောက်ပြီး တယောက် တက်ခုန်ကြတယ်။ နံရိုး ၃ ချောင်းကျိုးတယ်ဆိုတာ အဲဒီတုန်းကပေါ့။ သူတို့ ဆက်တိုက်ခုန်ကြတော့ နောက်ပိုင်းမှာ နာတယ်ဆိုတဲ့ခံစားမှုပါ ပျောက်သွားတယ်။ ဘယ်လို ထင်မိသလဲဆိုတော့ တကိုယ်လုံး အရိုးတွေပါ ပျော့ကျသွားပြီလို့တောင် ထင်မိတယ်”


ဒါကတော့ သူကိုယ်တိုင် ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်ရဲ့လက်မရွံ့ထောင် အတွေ့အကြုံတခု ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရဲဘော်ရှောင်း (ဆရာ မန်းငြိမ်းမောင်) က သူ့ရဲ့ “မုန်တိုင်းကို ဆန်၍ ပင်လယ်ပြင်ကို ဖြတ်သောအခါ” ဆိုတဲ့ စာအုပ်ထဲမှာ ခုလို ရေးသားထားပါတယ်။


“၁၉၆၈ ခုနှစ်၊ ဧပြီလ ၁ဝ ရက်နေ့ တွင် နိုင်ငံရေးအကျဉ်းသားများအားထား သည့် (၃)(၄)(၅) ဆောင်များမှ နိုင်ငံရေးအကျဉ်းသား ၁ဝဝ ကျော်ကို ည ၁ဝ နာရီအချိန်လောက်တွင် တဆောင်လုံး မီးပိတ်လျက် ထောက်လှမ်းရေးများ၊ ထောင်ဝါဒါများ၊ စစ်သားများ၊ စစ်ခွေးများဖြင့် အဆောင်အတွင်းသို့ အသီးသီး ဝင်ရောက် လာလျှက် နာမည်တပ်၊ စောင်အုပ် ခေါ်ထုတ်သွားကြသည်။ အပြင်ဘက်သို့ရောက်သည့်အခါတွင် ထောက်လှမ်းရေး၊ ဝါဒါနှင့် စစ်သားများက ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ကန်ကျောက်ကြလေသည်။

ထုတ်၍ ညှဉ်းပန်းနှိပ်စက်ခံရသူများမှာ လူမဆန်စွာ တိရစ္ဆာန်ကဲ့သို့ ရိုက်နှက်ညှဉ်းဆဲခံခဲ့ရလေသည်။ ထိုညှဉ်းဆဲခံရသူများထဲတွင် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက သမ္မတ မန်းဝင်းမောင်၊ ဗိုလ်မှူးချစ်ကောင်း ၏တို့နှင့် လေထီးအတူဆင်းခဲ့သည့် လေထီး ဗိုလ်အုန်းမောင်မှာ နံရိုး ၃ ချောင်း ကျိုးသွားခဲ့လေသည်။”


ဒါဟာ သူ့ရဲ့ ပေးဆပ်ခဲ့ရမှု တစိတ်တဒေသသာလျှင် ဖြစ်ပါတယ်။


သူဟာ မှန်တဲ့ဘက်က ရပ်တည်ဖို့ အမြဲကြိုး ပမ်းခဲ့သူတဦးဖြစ်သလို အားနည်းတဲ့ဘက်က ရပ်တည်ချင်သူတဦးလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သက်သေပြစရာ ဖြစ်ရပ်တခုကို ပြောပြလိုပါတယ်။


အဲဒီဖြစ်ရပ်ကတော့ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်အတွင်း နအဖရဲ့ NLD အပေါ် ဖိနှိပ်မှုတွေ ဆိုးဆိုးဝါးဝါး ပြုလုပ်ခဲ့ပြီးနောက်ပိုင်းက ဖြစ်ရပ်တခုပါပဲ။ အဲဒီအချိန်တုန်းက နအဖဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အဖွဲ့ဝင်များရဲ့ ကွမ်းခြံကုန်း ခရီးစဉ်ကို ဒလမြို့နယ်မှာတင် ပိတ်ဆို့တားဆီးခဲ့ပါတယ်။


ပြီးတော့ သူတို့ဖြေရှင်းလေ့ရှိတဲ့ ထုံးစံအတိုင်း နေအိမ်ဆီ အတင်းအကျပ် အင်အားသုံး ပြန်ပို့ခဲ့ကြပါတယ်။ ဒီလို ပြန်မပို့ခင်မှာပဲ အဖွဲ့ချုပ်ရုံးကို သိမ်းပိုက်ပြီး ရုံးတွင်းက အရေးကြီး စာရွက်စာတမ်းတွေ၊ ရန်ပုံငွေတွေ အပါအဝင် ပစ္စည်းပစ္စယ တော်တော်များများကို သိမ်းယူခဲ့ပါတယ်။


ရုံးခန်းပြန်လည်ဖွင့်ခွင့်ပေးတဲ့နေ့မှာပဲ အဖွဲ့ဝင်အချို့ကို ဖမ်းဆီးခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်ကို တားမြစ်ခြင်း၊ အဖွဲ့ဝင် အများအပြားကို ဖမ်းဆီးခြင်း၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံးကို နေအိမ်မှာ အကျယ်ချုပ်ထားရှိခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။


ဆက်လက်ဖော်ပြပါမယ်။


ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၁၈

ဒီဇင်ဘာ ၁၆ ရက် ၂၀၀၁ ခုနှစ်


(ပုံတူကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်)



No comments: