Sunday, February 5, 2017

မယ်လ မှာ ယုံကြည်မှု ပျောက်ဆုံးခြင်း

ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းတွေမှာ လူ တသိန်းကျော် နေနေကြပါတယ်။ ဒီမှာ ပြည်တွင်းစစ် ပဋိပက္ခတွေက လွတ်အောင် ထွက်ပြေးလာကြတဲ့ လူမျိုးစုတွေ နေထိုင်ကြပါတယ်။ 

ဆယ်စုနှစ်တွေနဲ့ချီ နေကြတာမို့ သူတို့သားသမီးတွေပါ ဒီမှာ ကြီးပြင်းကြပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နဲ့ မီးဖွားပြီး စိတ်ဓာတ်ကျတာကို လေ့လာဖို့ Gracia Fellmeth ဒီစခန်းတွေကို မနှစ်က ရောက်လာခဲ့ပါတယ်။ 

မဲဆောက်က တနာရီလောက် ဘတ်စ်ကားစီးလိုက်ရင် တောထဲက မယ်လစခန်းကို ရောက်ပါတယ်။ မနက်ခင်း မြူတွေ မှိုင်းတွေနဲ့ ထောင်နဲ့ချီတဲ့ ဝါးတဲလေးတွေကို ထုံးကျောက်တောင်စွန်းတွေမှာ အစီအရီ တွေ့ရပါတယ်။

ဒါဟာ နယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်စခန်း ၉ ခုထဲက အကြီးဆုံးပါပဲ။ ဒီမှာနေသူက လေးသောင်းလောက် ရှိပါတယ်။ ဒီထဲက လူအများကြီးဟာ ဒီလောက်ခေါင်တဲ့နေရာမှာ တသက်လုံးနေခဲ့ရသူတွေပါ။ အပြင်မှာ ထွက်အလုပ်လုပ်ခွင့် မရှိတော့ ထောက်ပံ့ရေးအကူအညီတွေကိုပဲ မှီခိုနေရပါတယ်။ သူတို့ထဲက အများစုက ကရင်တွေပါ။

ကျမ ဒီရောက်ပြီး ၃ လအကြာ တမနက်ခင်းမှာတော့ ကိုယ်ဝန်ဆောင်တွေကို ဆေးစစ်ပေးတဲ့ ဆေးခန်းကို သွားကြည့်ပါတယ်။ ဖုန်တသောသောနဲ့ အခန်းလေးထဲမှာ ကိုယ်ဝန်ဆောင်တွေက သူတို့ကို ဆေးစစ်ပေးမယ့် သူနာပြုနဲ့ သားဖွားဆရာမတွေကို စောင့်နေကြတာပါ။

သူတို့ကို ဗိုက်စမ်းတာ၊ သွေးတိုင်းတာတွေ လုပ်ပေးပြီး သွေးလည်း စစ်ပေးပါတယ်။

ကျမ ရောက်လာပြီးနောက် ဒီအမျိုးသမီးတွေကို စိတ်ကျန်းမာရေးပါ စစ်ဆေးပေးပါတယ်။ သူတို့ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဓာတ်ကျနေသလားသိဖို့ မေးခွန်း ၁၀ ခု ဖြေခိုင်းပါတယ်။ ဒီရောဂါက ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်လေ့ရှိတာကိုး။

ဒီနေ့အတွက် ပထမဆုံး လူနာကတော့ မျိုးမျိုး ပါ။ ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သူ့ကိုယ်ဝန်က ၈ ပတ်ပါ။ အခန်းထဲ ပြုံးပြီး သူ ဝင်လာပါတယ်။ ကရင် သားဖွားဆရာမတွေနဲ့ စိတ်ရောဂါသည်တွေကို ဆွေးနွေးပေးတဲ့ လာပေါ က ကျမတို့လုပ်မယ့် အမေး အဖြေတွေအကြောင်း မျိုးမျိုး ကို ရှင်းပြပါတယ်။ သူဖြေပေးဖို့ သဘောတူတာနဲ့ ဝါးကြမ်းပေါ်မှာပဲထိုင်ပြီး စပြောကြပါတယ်။

“အရင်လထဲတုန်းက အကြာကြီး စိတ်ညစ်တာ၊ စိတ်ကျတာတွေ ရှိလား” ကျမ မေးတော့

“တခါတလေ မိသားစုပြဿနာတွေနဲ့ ငွေကြေး မပြည့်စုံတာတွေရှိရင် ဖြစ်တတ်တယ်” လို့ မျိုးမျိုးက ဖြေပါတယ်။

တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့ဘဝအကြာင်း ဆက်ပြောပြပါတယ်။ သူ့ယောက်ျားကို သူ ချစ်တယ်၊ အရက်စွဲနေပေမယ့် ယောက်ျားက သူ့အပေါ်ကောင်းတယ်လို့ မျိုးမျိုးက ဆိုတယ်။ ဒီကိုယ်ဝန်အတွက် သူတို့လင်မယား နှစ်ယောက်စလုံး ပျော်နေကြတယ်။ ဒါပေမယ့်လည်း မျိုးမျိုးနဲ့ သူ့ယောက္ခမက အဆင်မပြေဘူး။ အဖွားကြီးက မျိုးမျိုးကို သူ့သားနဲ့ သဘောမတူဘူး။ မျိုးမျိုး အိမ်စရိတ်အတွက် မရှာနိုင်တာကိုလည်း ငြူစူတယ်။

သူ့ရောဂါအကြောင်း ကျမ ပိုသိချင်လာပါတယ်။ ဒီလိုစိတ်ညစ်တာဟာ တလမှာ တခါ ၂ ခါလောက်ပဲဖြစ်ပြီး တနာရီလောက်ကြာတယ်လို့ မျိုးမျိုးက ဆိုပါတယ်။

“ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့၊ သတ်သေဖို့တွေ ကြံစည်မိသေးလား” မေးတော့ မျိုးမျိုး တွေဝေသွားပါတယ်။

“တခါတလေတော့ ယောက္ခမနဲ့ ရန်ဖြစ်ရင်း စဉ်းစားမိပါတယ” လို့ မျိုးမျိုး ဝန်ခံပါတယ်။ တခါမှတော့ သူ သတ်သေဖို့ မကြိုးစားခဲ့ပါဘူး။ သေဖို့လည်း မကြံစည်ပါဘူးလို့ ကျမတို့ကို မျိုးမျိုးက ကတိပေးပါတယ်။

ကျမတို့တွေ့ခဲ့တဲ့ အမျိုးသမီး ၄ ပုံ ၁ ပုံလောက်က သတ်သေဖို့ အနည်းဆုံး တခါတလေ စဉ်းစားမိကြပါတယ်။ ၃ ရာခိုင်းနှုန်းလောက်ကတော့ သေကြောင်းကို ကြံဖူးကြပါတယ်။ ဒီလူနာတွေကို ထပ်ပြီးမေးမြန်းဖို့ ကျမတို့မှာ လူအင်အား မရှိတာကြောင့် သေဖို့ တော်တော်လေး ပြင်းပြင်းထန်ထန် ကြံစည်သူ၊ စိတ်ကျဝေဒနာ ဆိုးဝါးစွာ ခံစားနေရသူတွေကိုပဲ ဂရုစိုက်နိုင်ပါတယ်။

မျိုးမျိုးမှာ သိပ်အတွေးလွန်တာ၊ အားနည်းတာ စတဲ့ တခြားရောဂါလက္ခဏာတွေ ရှိပါတယ်။ ဒါတွေကလည်း တခါတလေမှဖြစ်တာမို့ သာမန်လူနဲ့ မကွာပါဘူး။

နောက်ထပ် သူ့ကို ပြန်ကြည့်ဖို့ မခေါ်လိုက်ပါဘူး။ ဒါပေမယ့်လည်း ကျမတို့ဆီ အချိန်မရွေး လာတွေဖို့ သူ့ကို မှာလိုက်ပါတယ်။ တခြားလူတွေနဲ့ မပြောချင်တဲ့ စိုးရိမ်သောကတွေ ဒီမှာ လာပြောဖို့ပါ။

နောက် ၂ ရက်အကြာမှာ ကျမ မယ်လကိုလာတော့ ကားပေါ်မှာ အသိတယောက်က မေးပါတယ်။

“သတ်သေတာ ကြားမိလား၊ ကောင်မလေးက ကိုယ်ဝန်ကြီးနဲ့ တဲ့”

ကျမ ခေါင်းနားပန်းတွေ ကြီးသွားပါတယ်။ ရင်ထဲမှာလည်း တဒိန်းဒိန်းနဲ့ တုန်လာပါတယ်။ ဒါ ငါ အင်တာဗျူးလုပ်မိတဲ့ တယောက်များလား။ ကျမတို့ စောင့်ကြည့်နေတဲ့ လူနာတွေထဲကလား။ ပိုဆိုးတာက စောင့်မကြည့်ခဲ့မိတဲ့ အထဲကလား၊ အတွေးရခက်ပါတယ်။

ဆရာမ လာပေါက ဆေးခန်းအပြင်က ကျမကို စောင့်နေပါတယ်။

“ဒေါက်တာ၊ သေကြောင်းကြံတာ တခု ဖြစ်တယ်။ ဒီလူနာကို ဒေါက်တာ မှတ်မိလား” ကျမကို သူ့လက်ထဲက လူနာဖိုင်ကို ပေးပါတယ်။ ဒါ မျိုးမျိုးရဲ့ လူနာမှတ်တမ်းပါ။

ကျမ တုန်လှုပ်မိပါတယ်။ မျိုးမျိုးကို မှတ်မိတာပေါ့။ ကျမတို့ အဲဒီတုန်းက သူ့ကို စိုးရိမ်ရတဲ့ စာရင်းထဲမှာ ထည့်မထားမိဘူး။ ကျမတို့စကားပြောမိတဲ့ ရာနဲ့ချီတဲ့ အမျိုးသမီးတွေထဲက မျိုးမျိုးက သိသိသာသာ လက္ခဏာ မပြပါဘူး။

“သူ့အမျိုးသားပါ အတူတူ သတ်သေသွားကြတာ” လာပေါက တိုးတိုးလေး ဆက်ပြောပါတယ်။

နှစ်လောင်းပြိုင် သေတာ၊ ဟုတ်လား။ ကျမခေါင်းထဲ စဉ်းစားလို့ကို မရဘူး။ မျိုးမျိုးကို တွေ့လိုက်တာ ၂ ရက်ပဲ ရှိပါသေးတယ်။ ဘယ်လိုဖြစ်ရတာလဲ။ ကျမတို့ပြောလိုက်လို့များ သတ်သေဖို့ စိတ်ကူးရသွားတာလား။ ကျမကြောင့် ဖြစ်ရတာလား။

အဲဒီနေ့မှာပဲ မျိုးမျိုးအိမ်ကို ကျမတို့ အသုဘမေးဖို့ သွားပါတယ်။ တမိသားစုလုံး တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြပါတယ်။ သူတို့လင်မယား အလောင်းတွေကိုလည်း အခန်းလယ်မှာ အဝတ်စနဲ့အုပ်၊ ဖယောင်းတိုင်တွေ ရံပြီး ထွန်းထားပါတယ်။ ပလပ်စတစ်နဲ့အုပ်ထားတဲ့ ခွက် ၂ ခွက်လည်း ပိုးသတ်ဆေး အပြာရောင်တွေပေပြီး ကျန်နေပါတယ်။ သူတို့ ဒါ သောက်ပြီး သေကြောင်းကြံကြတာပါ။

မျိုးမျိုး ယောက္ခမကြီး မူးရူးပြီးဝင်လာတဲ့အထိ ကျမတို့ ငြိမ်ငြိမ်လေး ထိုင်စောင့်နေကြပါတယ်။

သူ့ယောက္ခမ “ဒါတွေ အမေ့ကြောင့်ဖြစ်တာ” ဆိုပြီး အဖွားကြီးက အော်ပြီး ငိုပါတယ်။

မျိုးမျိုး ယောက္ခမကြီးနဲ့ မျိုးမျိုးယောက်ျားတို့ ဒီတပတ်ထဲမှာ ရန်ဖြစ်ကြတာ အဖွားကြီးက သူ့သားကို ပါးရိုက်လိုက်တယ်ဆိုတာ ကျမတို့ နောက်မှသိပါတယ်။

ဒီလို လူငယ် လင်မယား ၂ ယောက် သေသွားတဲ့အတွက် ကျမတို့ အင်မတန် စိတ်ထိခိုက်ရပါတယ်။ မျိုးမျိုး သူ့ကိုယ်သူ သေကြောင်းမကြံအောင် ကျမတို့ ဒီထက်ပိုပြီး သူ့ကို အားပေး ဖြောင်းဖြတာတွေ မလုပ်နိုင်ဘူးလားဆိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။

မိသားစုကိစ္စ စကားများရာကနေ လူငယ်တွေ ဒီလိုပဲ သွေးရူးသွေးတန်း လုပ်မိတာလား။ ဗုဒ္ဓဘာသာအယူအရ နောက်ဘဝမှာ ဒီထက်ကောင်းတဲ့ဘဝမှာ ပြန်ဆုံကြဖို့ သူတို့ ကြံစည်သွားကြသလား။

ဒါတွေ ကျမတို့သိမှာ မဟုတ်တော့ပါဘူး။ ကျမတို့သိတာတော့ မယ်လမှာ မနှစ်က သေသူထက်ဝက်ဟာ ကိုယ်ဝန်ဆောင်နဲ့ မီးဖွားစ မိခင်တွေဖြစ်ပြီး သတ်သေတာတွေ ဖြစ်ပွားမှု များလွန်းနေပါတယ်။

ဒါအတွက် အဖြေရှာရင်တော့ အကြောင်းရင်းတွေ များပါလိမ့်မယ်။ ဘဝ မတည်ငြိမ်တာ၊ မျှော်လင့်ချက် မရှိတာ၊ ပျင်းစရာကောင်းတာနဲ့ သူတို့ကို ဒီစခန်းထဲ တွန်းပို့ခဲ့တဲ့ ပြည်တွင်းစစ် ပဋိပက္ခတွေကြောင့်ဖြစ်မယ် ထင်ပါတယ်။ ။

ဒီဆောင်းပါးပါ လူတွေအမည်ကို ပြောင်းလဲထားပါတယ်။ 

ဘီဘီစီ (မြန်မာပိုင်း) အစီအစဉ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 

 

No comments: