Monday, February 2, 2015

၂၀၁၅ ဟာ ဒီမိုကရေစီ လမ်းဆုံ ဖြစ်တယ် (ကိုညို)

ဒီမနက်စောစော နေပြည်တော်ဆွေးနွေးပွဲသွားတဲ့ NNER အဖွဲ့ဝင်တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေ တည်းခိုမယ့် စည်ပင်ဧည့်ရိပ်သာ တည်းခိုခန်းများကို ဝန်ကြီးအမိန့်အရ မငှားရမ်းနိုင်တော့ဘူးဆိုပြီး တည်းခိုခန်းဝင်းတံခါးကို ပိတ်ထားတဲ့သတင်း အွန်လိုင်းပေါ်တက်လာတယ်။ 

အစိုးရဝန်ကြီးက ဘာကြောင့် ဒီအမိန့်ထုတ်ရသလဲ။ ဘာသဘောလဲ။ ဆွေးနွေးပွဲကို အစိုးရကိုယ်တိုင် လက်ခံကျင်းပနေတာ မဟုတ်ဘူးလား။ ဆွေးနွေးပွဲကို ဆက်မလုပ်ချင်တော့တဲ့ သဘောလား။ အစိုးရအဖွဲ့အစည်းတခုက ဒီလောက် ကလေးဆန်တဲ့ အလုပ်မျိုး မလုပ်သင့်ပါ။ ဒါဟာ မပြင်နိုင်တဲ့ အကျင့်ဟောင်း၊ စရိုက်ဟောင်းတွေ ငုတ်နေရာက ပြန်ပေါ်လာတာ ဖြစ်တယ်။

တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်အဖွဲ့တွေ၊ လူငယ်တွေ ခရီးသွားမယ်ဆို နေအိမ်တွေ၊ တည်းခိုခန်းတွေကို သက်ဆိုင်ရာက ဖိအားပေးပြီး မတည်းခိုနိုင်အောင် လုပ်ခဲ့ဖူးတယ်။ ဒီချုပ်အဖွဲ့ ရုံးမဖွင့်နိုင်၊ ဆိုင်းဘုတ်မတင်နိုင်အောင် အိမ်ငှားတွေကို ဖိအားပေးခဲ့တယ်။ ပြည်သူပိုင်လမ်းကသွားတာကို ကားလမ်း ပိတ်ဆို့တယ်။ ရထားနဲ့သွားတော့ ရထားတွဲကို ဖြုတ်ထားတယ်။ ကြိုဆိုထောက်ခံတဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေ ကို ဖိအားပေးတယ်။ အရေးယူတယ်။ အလုပ်ထုတ်တယ်။ 

နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောက်ခံသူတွေရဲ့ ယာဉ်တန်းတွေကို လူဆိုးလူမိုက်၊ ဆိုးသွမ်းသူတွေနဲ့ ရင်ဆိုင် တိုက်ခိုက်ခိုင်းတယ်။ ထောင်ထွက်၊ စွမ်းအားရှင်၊ သင်္ကန်းဝတ်တွေနဲ့ လုပ်ကြံသတ်ဖြတ်တဲ့အထိ နိုင်ငံတော် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်။ အဲဒါ အရင် အာဏာရှင် စစ်အစိုးရလုပ်ခဲ့တဲ့ လုပ်ရပ်တွေဖြစ်တယ်။ 

အခုလည်း အရင်က အာဏာရှင် လူမိုက်အစိုးရပုံစံမျိုး လုပ်ချင်တာလား။ 
အဲလို ပုံစံမျိုးလုပ်ဖို့ အစပျိုးနေတာလား။ 
စည်းကမ်းရှိတဲ့ ဒီမိုကရေစီလို့ ထပ်အော်ချင်နေသေးတာလား။ 
ဘီလူးခေါင်းစွပ်ထားရတာ မွန်းကြပ်နေပြီလား။ 

ဒီအစိုးရကို မယုံရဘူး။ ဒီလိုစိတ်ဓာတ်တွေ ပြန်ပေါ်နေတာဟာ နိုင်ငံတော်က နောက်ကွယ်က ညွှန်ကြားတဲ့ ရာဇဝတ်မှုကြီးတခု ကျူးလွန်ဖို့ တာဆူနေတဲ့ သဘောဖြစ်တယ်။ ဆွေးနွေးပွဲမှာ သူတို့ အရေးမလှတော့တာမြင်လို့ ဘီလူးစွယ် ပြန်ထုတ်ပြပြီး ခြိမ်းခြောက်နေတာဖြစ်တယ်။ 

စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေဟာ သူတို့ခါးပိုက်ထဲမှာ ရှိနေတယ်လို့ယူဆပြီး ရန်တိုက် သွေးခွဲမှုကို စတင်လိုက်တာဖြစ်တယ်။ စီးပွားရေးသမား၊ လုပ်ငန်းရှင်၊ ဝန်ထမ်းတွေ စစ်ကျွန်ဘဝထဲမှာ နာမည်အပျက်ခံ၊ မတော်လောဘနဲ့ ချမ်းသာချင်တယ်ဆို မြန်မာပြည်မှာ ဒီမိုကရေစီ ဘယ်တော့မှ ပေါ်လာမှာမဟုတ်။ 

ဒီအတိုင်းဆို မကြာခင် တဆင့်ပြီးတဆင့်တက်ခါ... ဆွေးနွေးပွဲကို အကြောင်းတခုခုပြပြီး ငြင်းပယ်မယ်၊ အချိန်ဆွဲမယ်။ ရပ်စဲမယ်။ ကျောင်းသားသပိတ်ကို ဖြိုခွဲကြတော့မယ်။ ကျောင်းသားခေါင်းဆောင်တွေ၊ အမာခံတွေကို ဖမ်းလိမ့်မယ်။ ဒီပဲယင်းလို၊ (ဟောင်ကောင် ကျောင်းသားသပိတ်လို) အဓိကရုဏ်းဖြစ်အောင် ဖန်တီးလိမ့်မယ်။ ပြည်သူတွေအကြား သွေးခွဲမယ်၊ မဟုတ်မမှန် လိမ်ညာဝါဒဖြန့်မှုကို (အဓိက တပ်မတော်အတွင်းနဲ့ ဝန်ထမ်းလောကထဲ) ပြည်တွင်း၊ ပြည်ပ လုပ်လာလိမ့်မယ်။ ဒါမျိုးတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူ အာမခံရဲသလဲ။ 

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ သူတို့ အင်အားကောင်းမယ်ထင်တဲ့နေရာတွေမှာ ပွဲဆူအောင် လုပ်လာမယ်။ မတည်ငြိမ်တော့ ရွေးကောက်ပွဲ မကျင်းပပေးဘူး။ 

တချိန်ထဲမှာ တပ်မတော်လက်နက်ကိုင်တွေ သွေးဆူ၊ သွေးကြွနေအောင် တိုင်းရင်းသားဒေသတွေဘက်လွှတ်ပြီး စစ်မီးပျိုးကြလိမ့်မယ်။ ရန်စမယ်၊ လူ့အခွင့်အရေး ချိုးဖောက်မယ်။ အဲဒီနေရာတွေမှာ မတည်ငြိမ်တဲ့အခါ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အကြောင်း ကြေငြာမယ်။ နယ်စွန်တွေမှာ စစ်အုပ်ချုပ်ရေးပုံစံ ပြန်တည်ဆောက်မယ်။ 

ဒီနည်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ပုံဖျက်လာလိမ့်မယ်။ အနိုင်ကျင့် ဗိုလ်ကျလာလိမ့်မယ်။ ဒါ အတိတ်က အခါခါလုပ်ခဲ့ကြတဲ့ နည်းလမ်းဟောင်းပဲ...။ သူတို့မှာ အတွေးအခေါ်အသစ် မရှိဘူး။ ပြုပြင်ပြောင်းလဲချင်စိတ် မရှိဘူး။ ဒီမိုကရေစီကို နားမလည်ဘူး။ ဒီအတိုင်းနေတာ သူတို့အတွက် ပိုပြီး ငြိမ့်တယ်၊ စားလို့ ဝါးလို့ ကောင်းတယ်။ ဒီလိုပဲ တွေးနေကြတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောပဲ။ 

လုပ်စရာ တခုပဲရှိတယ်။ အချင်းချင်း ကျောခြင်းကပ်ထား၊ ရန်သူကို သေချာ မျက်နှာချင်းဆိုင်၊ ရဲရဲသာကြည့်။ အကြောက်တရားကင်းဖို့ပဲ လိုတယ်။ ညီညွတ်ဖို့ပဲ လိုတယ်။ ဒီတခါ ကျရှုံးရင် နောက်တခါဆိုတာ မရှိတော့ဘူး။ သူတို့ကလည်း လျှော့မှာမဟုတ်။ နိုင်ငံတကာ အရင်းအနှီတွေ မြန်မြန်ဝင်လာလေ... နောက်ပိုင်းမှာ သူတို့ အသာစီးရလေပဲလေ...။ 

ဒါကြောင့် ၂၀၁၅ ဟာ ဒီမိုကရေစီရဲ့ လမ်းဆုံဖြစ်တယ်။ ကျနော်တို့ နိုင်ရင် ဒီမိုကရေစီလမ်းကြောင်းပေါ် တည့်တည့်ရောက်မယ်။ ကျနော်တို့ရှုံးရင် လမ်းဆုံးဖြစ်သွားလိမ့်မယ်။ ချောက်ထဲ ပြန်ကျမယ်။ ဒီကနေ့ဟာ အစကနဦး ဖြစ်တယ်။ လမ်းဆုံပေါ် ရောက်နေပြီ။ မကွေ့မကောက်ဘဲ တည့်တည့်မတ်မတ် လျှောက်ဖို့ပဲရှိတယ်။ ။ 

ကိုညို (အော်စလို) 

ဓာတ်ပုံ - Hnin Hnin Hmway ဖေ့စ်ဘွတ်ခ်မှ 

 

No comments: