Tuesday, February 3, 2015

လမ်း (ကျော်သူ)

အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်လမ်းလျှောက် ဆန္ဒပြနေသည့် ကျောင်းသားသပိတ်စစ်ကြောင်းအဖွဲ့ကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် (မြင်းခြံ၊ တောင်သာ၊ ပုပ္ပါး၊ ကျောက်ပန်းတောင်း) ခရီးစဉ်တွေကို ကျွန်တော် လိုက်ပါသွားခဲ့ပါတယ်။ ကျွန်တော် ၂ဝ၁၁ ခုနှစ်က ရေးသားခဲ့တဲ့ “ငယ်စဉ် ကြီးလိုက်” ဆိုတဲ့ ကဗျာစာသားတွေကို အမှတ်ရနေခဲ့တဲ့အတွက် ပြန်လည်တင်ပြလိုက်ပါတယ်။ 

ယင်းကဗျာစုလေး ပေါ်ပေါက်လာတဲ့ ရည်ရွယ်ချက်က - 

(၁) လူသားချင်း စာနာထောက်ထားစေလိုသော စိတ်။ 
(၂) ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုလိုသော စိတ်။ 
(၃) စည်းလုံးခြင်း အင်အားစုကြီးဖြင့် ငြိမ်းချမ်းသော ကမ္ဘာ့ရွာကြီး တည်ဆောက်စေလိုသော စိတ်။ 
(၄) လူမျိုးဘာသာ အဆင့်အတန်း ပညာအရည်အချင်း မခွဲခြားစေလိုသော စိတ်ဓာတ်များ ရှင်သန်ပေါက်ဖွားစေလိုသော ပရဟိတသမားတစ်ဦး၏ ခံစားမှု (သို့) နိုင်ငံ့အရေး ပြည်သူလူထုအရေးကို ထမ်းရွက်နေသော ပရဟိတသမားတစ်ဦး 
လျှောက်ခဲ့သောလမ်း ... 
ဖောက်ခဲ့သောလမ်း ... 
ဝင်လေထွက်လေရပ်သည်အထိ ဆက်လျှောက်နေမည့်လမ်း ... ပင်ဖြစ်တော့သည်။

“ငယ်စဉ်ကြီးလိုက်” 

ငယ် - သူငယ်ချင်းတို့ ... 
မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေပါ။ ကစားဖော်, ကစားဖက် ကျောင်းပြေးဖော်, ကျောင်းပြေးဖက် ဆိုးဖော်, ဆိုးဖက် ဆော့ဖော်, ဆော့ဖက် ဘောလုံးကစားဖော်, ကစားဖက် ဘာပဲလုပ်လုပ် တဖက်ဖက်နဲ့ မင်းတို့ထဲမှာ ငါက စာအညံ့ဆုံး ဒါပေမဲ့ “ငယ်” သူငယ်ချင်းတို့ ... မင်းတို့ ငါ့ကို အချစ်ဆုံး။ 

စဉ် - သူငယ်ချင်းတို့ ... 
အစဉ်လိုက် - တပူးပူး, တတွဲတွဲနဲ့ 
ကောလိပ်ရောက်တော့လဲ ရှေ့ဆင့်နောက်ဆင့်ပဲ။ 
မင်းတို့က ရှေ့ကသွား ငါက နောက်ကလိုက်ခဲ့။ 
ပညာရေးကနိမ့်ပါးတော့ ငယ်ဘဝ မိဘတွေမရိပ်မိအောင် 
မူးယစ်သုံးတော့လည်း မင်းတို့က တား၊ 
တားမရတော့လည်း ချစ်နေကြမြဲ။ 
မင်းတို့ကတော့ ပညာတတ်ကြီးတွေဖြစ်သွား 
ငါကတော့ မူးယစ်သံသရာထဲ တဝဲဝဲလည်။ 
ဒါပေမဲ့ “ငယ်စဉ်” သူငယ်ချင်းတို့ ... မင်းတို့ ငါ့ကို အချစ်ဆုံးပဲ။ 

ကြီး - သူငယ်ချင်းတို့ ... 
ဘဝပေးအခြေအနေကြောင့် ငါက မင်းသားဖြစ်သွား 
မင်းတို့မှာတော့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ 
စစ်ဘက်အရာရှိတွေ၊ သင်္ဘောအရာရှိတွေနဲ့ 
ငါနဲ့မင်းတို့ ဘဝတွေကကွာခြားသွား။ 
ငါ့ရဲ့ဘဝထဲ ကြီးသူငယ်ချင်းတို့ နဲ့ ထပ်ဆုံတွေ့ 
ငါ့ရဲ့လောကထဲမှာက ပြဿနာပေါင်းစုံ။ 
အရက်၊ မူးယစ်၊ မိန်းမ၊ လောင်းကစား အစုံပဲ။ 
အဲဒီအစုံအစုံတွေကြား နစ်မွန်းခဲ့ရ။ 
ဒါပေမဲ့ “ငယ် စဉ် ကြီး” သူငယ်ချင်းတို့ ... မင်းတို့ 
ငါ့ကို အချစ်ဆုံးပဲ။ 

လိုက် - သူငယ်ချင်းတို့ ... 
ငါ့ဘဝကို ငါရုန်းထွက် 
နာရေးကောင်းမှုထဲ စုံးစုံးဝင်ခဲ့။ 
လူမှုရေးလမ်းကြောင်းထဲ အဆုံးထိလိုက်ခဲ့။ 
နာရေးလူမှုရေး တပူးတွဲတွဲ စက်တင်ဘာကိစ္စ စခဲ့ပြီပဲ။ 
အကျဉ်းကျ မိသားစုဘဝ ကိုယ်ချင်းစာခဲ့။ 
ငါ့ကိုခေါ်ယူမေးမြန်းခဲ့။ 

ငါ လှည့်ကြည့်မိတယ် - ဘယ်သူမှ မရှိတော့ဘူး။ 
…… ဘယ်သူမှ ပါမလာတော့ဘူး။ 
၂ဝဝ၇ နောက်ပိုင်း …… ငါ့ဘဝမှာ ငါတစ်ယောက်တည်း။ 
မွေးကတည်းက တစ်ယောက်ထဲ - ဆုံးတဲ့အခါမှာလဲ တစ်ယောက်တည်း။ 
ဒီစကားကမှန်နေဆဲပါ သူငယ်ချင်းတို့ 
အခု …… ငါကောင်းမှုတွေ လုပ်နေပြီလေကွာ။ 
မြတ်စွာဘုရား ဆုံးမဟောကြားထားတဲ့အတိုင်း ဗြဟ္မစိုရ်လူမှုရေးတွေ လုပ်နေပြီကွာ။ 
လူလူချင်း စာနာထောက်ထားနေပြီလေကွာ။ 

ငါ့နားမှာ ငယ်စဉ်က သူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ” 
ငါ့ဘေးမှာ ကြီးမှပေါင်းတဲ့ အနုပညာသူငယ်ချင်းတွေ “မင်းတို့မရှိကြတော့ဘူးလားကွာ” 
ငါတို့ လက်ချင်းမတွဲကြတော့ဘူးလားကွာ။ ငါဟာ အနက်ရောင်လူသား မဟုတ်ရပါလားကွာ။ 
ငါဟာ အရှင်လတ်လတ် ဥပေက္ခာလူသား ဖြစ်သွားပြီလား …… 
အခုတော့ …. ငါ့ဘေးမှာလူသေတွေနဲ့ လူနာတွေချည်းပဲပေါ့။ 
ငါ့ကို မင်းတို့ တွေ့ရမှာ၊ ဆုံရမှာ ဘာလို့များ ကြောက်နေရတာလဲကွာ။ 
ငါဟာ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ မကောင်းဆိုးဝါး မဟုတ်ပါဘူးကွာ။
ပြည်သူတွေရဲ့ ဒုက္ခအခက်အခဲတွေကို တပိုင်တနိုင် ဖေးမပေးနေတဲ့ ငါ ပါကွ။ 

မင်းတို့၊ ငါတို့ အများပြည်သူ လူသားအားလုံးဟာ 
ခင်ပွန်းကြီးဆယ်ပါးထဲမှာ အကျုံးဝင်တယ်ဆိုတာ မမေ့ကြပါနဲ့ကွာ။ 
လူမှုရေးဟာ … ပြည်သူ့အရေး
ပြည်သူ့အရေးဟာ … နိုင်ငံ့အရေး
နိုင်ငံ့အရေးဟာ …. မင်းတို့ ငါတို့ရဲ့ အရေးလေကွာ။ 

မင်းတို့ မရက်စက်ကြပါနဲ့ 
မင်းတို့ အတ္တမကြီးကြပါနဲ့ 
မင်းတို့ရဲ့ ပညာရပ်တွေကို ဘယ်သူမှမထိနိုင်၊ မခိုးနိုင်ပါဘူး။ 
မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး။ မပဲ့နိုင်ပါဘူးကွာ။ 
ဓားဆိုတာ သွေးနေမှထက်တယ်တဲ့။ 
မင်းတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေကို အသုံးချကြပါကွာ။ 
ဒါမှ မင်းတို့ရဲ့ပညာတွေ တောက်ပြောင်ထက်မြက်လာမှာပါ။ 

ခုတော့ ... ငါ့မှာတော့ တစ်ယောက်ထဲ 
မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်က မှားနေပြီလား။ 
မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား။ 
မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာချောက်နေကြပြီလား။ 
မိချောင်းမင်း ရေခင်းပြတာတော့ မဟုတ်ရပါကွာ။ 
ငယ်စဉ် ကြီးလိုက် သူငယ်ချင်းတို့ရေ … 
ငါတို့ ဟိုတုန်းကလို … လက်ချင်းဆက်ပြီး စိတ်ချင်းဆက်ကာ 
အများအတွက် ဒို့တွေပေးဆပ်ကြပါစို့လား။ 

ဒါပေမဲ့ ... “ငယ် စဉ် ကြီးလိုက်” သူငယ်ချင်းတို့ မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။ 

မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ 
(၁၄.၁.၂ဝ၁၁)

 

No comments: