ကြိုးစားရင် ဘုရားတောင်မှ ဖြစ်တယ်လို့ ...
ဆိုသူကလည်း ဆို။
ဖြစ်နိုင်ရင်
တို့နှစ်ယောက် အချစ်နဲ့
ကမ္ဘာကြီးကို
စစ်မက်ကင်းဝေးစေချင်တယ်။
ဖြစ်နိုင်ရင်
တို့နှစ်ယောက် အချစ်နဲ့
ကမ္ဘာကြီးကို
စိမ်းလန်းငြိမ်းချမ်း
ကျန်းကျန်မာမာ ရှိစေချင်တယ်။
ဖြစ်နိုင်ရင် ငါ့ကိုချစ်ရင်
စစ်ကိုမုန်းပါ ... ဆိုတဲ့
သီချင်းနဲ့
မနက်ခင်းတိုင်းမှာ
ကမ္ဘာ့နိုင်ငံတော်အလံကို
တင်ချင်တယ်။
ဖြစ်ချင်တော့
သူဌေးကြီး မစ္စတာရှန်ဒရဲလားရဲ့
စာရင်းထဲလည်း
တို့နှစ်ယောက်က မပါ
နုရင်ဘတ်ခုံရုံးပေါ် စစ်ရှုံးခဲ့သူတွေထဲမှာလည်း သူတို့က မပါ။
ဖြစ်ချင်တော့
ပစ်မိန့်ရပြီးသား
သေမင်းတမန်
လက်ဖြောင့်သေနတ်သမားတွေ
အမဲလိုက်တမ်း ကစားနေတဲ့
မိုင်းကွင်းထဲ
တို့နှစ်ယောက်က
တစ်ယောက်လက်ကို တစ်ယောက်ဆွဲ
ဖြတ်ပြေးနေတဲ့ သုံ့ပန်းနှစ်ယောက်။
ကမ္ဘာကြီးနဲ့ပါဆိုရင်တော့
တို့ သုံးယောက်။
သစ်ကောင်းအိမ်
(၂၉ သြဂုတ်လ၊ ၂၀၁၃)
၂၀၁၄ ခုနှစ်၊ မေလထုတ် သရဖူမဂ္ဂဇင်း မှ
No comments:
Post a Comment