တနည်းပြောရရင် မြန်မာ့သမိုင်းမှာ တကြိမ်မှ မကြုံဖူးတဲ့ အသက်အိုးအိမ် ဆုံးရှုံးမှု၊ ရေရှည်နလံမထူနိုင်မှုတွေကြောင့် တိုင်းပြည်ရဲ့ ဝမ်းဗိုက်ပေါက်ပြဲတဲ့နေ့လို့ဆိုရင် မမှားပါဘူး။ ဒီထက်ပိုပြီး အရေးပါစေတာက နာဂစ်ကြောင့် အာဏာရှင်စနစ် သက်ဇိုးရှည်စေဖို့ အကြောင်းဖြစ်ခဲ့လို့ပါ။
တိတိကျကျပြောရရင် နာဂစ်ကြောင့် ပြည်သူတွေနစ်နာပေမယ့် အစိုးရက အမြတ်ထွက်ခဲ့တယ်ဆိုတာပါပဲ။
၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ မြေငလျှင်ကနေအခြေခံတဲ့ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားမှာ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ ဆုနာမီ ဘေးဒဏ်ဟာ မြန်မာပြည်ကို ကွင်းရှောင်သွားတယ်။ ထိုစဉ်က မြန်မာအာဏာပိုင်တွေက “မြန်မာပြည်ရဲ့ ပထဝီ မြေအနေအထားနဲ့ သဘာဝတောင်တန်းတွေရဲ့ အကာအကွယ်တွေက တခြားနိုင်ငံတွေလို ဘေးဒုက္ခဆိုးတွေ မကျအောင် အကာအကွယ်ပေးထားတယ်၊ ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံမို့ တိုင်းသူပြည်သားတွေ ကြီးမားတဲ့ ကပ်ဘေးမသင့်နိုင်လို့ စစ်အာဏာရှင်တို့ သဘာဝအတိုင်း သတင်းမီဒီယာတွေကနေ ဂုဏ်ယူ ဝါဒဖြန့်ခဲ့တာကို မှတ်မိနေပါတယ်။
နာဂစ်မဖြစ်ခင် ၃-၄ ရက်အလိုကတည်းက အိန္ဒိယ မိုးလေဝသရဲ့ ကြိုတင်သတိပေးထုတ်ပြန်ချက်မှာ တနာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ မြန်မာပြည် ကမ်းရိုးတမ်းဘက်ဦးတည်နေပြီလို့ သိထားရပါတယ်။
ဒါပေမယ့် မြန်မာ သက်ဆိုင်ရာအာဏာပိုင်သူတွေက ကြိုတင်ပြင်ဆင်မှု၊ သတိပေးမှု၊ နေရာရွှေ့ပြောင်းခိုင်းမှုတွေ မလုပ်ခဲ့ပါဘူး။ မြစ်ဝကျွန်းနေ ပြည်သူတွေကလည်း မကြုံဖူးတဲ့အတွက် ရေဒီယိုကြေငြာချက်လောက်ကို သာမန်လို့ပဲ တွက်ဆပြီး အလေးမမူခဲ့ပါဘူး။ ကြီးမားတဲ့အန္တရာယ်မှန်း ကြိုသိထားပေမယ့် သာမန်ထက်ပိုမိုတဲ့ နိုးဆော်မှုတွေ အရေးပေါ် မလုပ်နိုင်ခဲ့ဘူး။ ဒီအတွက် မြန်မာသက်ဆိုင်ရာနဲ့ အာဏာပိုင်တွေ တာဝန် လုံးလုံးလျှားလျှား ရှိပါတယ်။ နိုင်ငံတကာမှာဆို ဒီလိုပေါ့ဆမှုမျိုး ကျူးလွန်ရင် အပြစ်ရှိတယ်လို့ခံယူပြီး ရာထူးက နှုတ်ထွက်တတ်တယ်။ ပူပူနွေးနွေးဖြစ်ရပ် ဥပမာက- ကျောင်းသားတွေ အများအပြားသေဆုံးမှုဖြစ်စေတဲ့ တောင်ကိုးရီးယား ဖယ်ရီ သဘောင်္ကြီး နစ်မြုပ်လို့ ကျောင်းအုပ်ဆရာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီး ဝန်ကြီးချုပ်က နှုတ်ထွက်ခဲ့တယ်။
နာဂစ်ဖြစ်ချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် စစ်အစိုးရဟာ မေလ ၁၀ ရက်ကနေ ၂၄ ရက်အထိ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို ရက်ကြေငြာထားပြီး အောင်မြင်ပြီးမြောက်အောင်လုပ်ဆောင်ဖို့ ဆန္ဒဇော ပြင်းထန်နေချိန်ဖြစ်တယ်။ အဲဒီကိစ္စဟာ အစိုးရရဲ့ အထူးဦးစားပေးလုပ်ဆောင်ရမယ့် အရပ်သားအစိုးရအဖြစ် တရားဝင် အာဏာ ဆက်လက်ဆုပ်ကိုင်ရေး မဟာဗျူဟာမြောက် လုပ်ငန်းစဉ်ဖြစ်တယ်။ မိမိတို့အတွက် သေရေးရှင်ရေးလို အရေးကြီးတယ်။
ဒါကြောင့်လည်း နိုင်ငံတကာ အထောက်အပံ့ အကူအညီပေးဖို့ကိစ္စ၊ USAID လို့ခေါ်တဲ့ အမေရိကန်ရဲ့ သဘာဝဘေးဒုက္ခဆိုင်ရာ ကူညီထောက်ပံရေးအဖွဲ့ရဲ့ မုန်တိုင်းအကူအညီပေး လေယာဉ်တင်သင်္ဘောတွေကို မြန်မာ့ပင်လယ်ပြင်ထဲ အကပ်မခံခဲ့ဘူး။ ဖွဲ့စည်းပုံအခြေခံမူကြမ်း ထောက်ခံပွဲကြီးကို ဇွတ်တရွတ်လုပ်ပြီး တနိုင်ငံလုံးက ဆန္ဒမဲပေးခွင့်ရှိသူ ၂၇,၂၈၈,၈၂၇ ဦးအနက် ၉၈. ၁၂% က မဲပေးခဲ့ပြီး ၉၂. ၄၈% က ထောက်ခံခဲ့တယ်လို့ တဖက်သတ် အတည်ပြုပြီး နာဂစ်လုပ်ငန်းစဉ်ကို အချိန်ပေးခဲ့တာဖြစ်တယ်။
နာဂစ်မုန်တိုင်းအပြီး သီတင်း ၃ ပတ်အကြာ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ပံ့ရေးအဖွဲ့ (OCHA)ရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ ပျောက်ဆုံး၊ သေဆုံးသူ စုစုပေါင်း (၁၅၅,၉၀၀) ရှိပါတယ်။ အိုးအိမ်ပျက်ဆီးဆုံးရှုံး ဘေးဒုက္ခကျရောက်ခဲ့သူ ၂.၄ သန်းရှိပါတယ်။
တကမ္ဘာလုံးက ကျယ်ကျယ်လောင်လောင် ပြစ်တင်ဝေဖန်နေပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းကိုယ်တိုင် မြန်မာပြည်ကို အရေးပေါ်သွားရောက်ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ နိုင်ငံတကာ အထောက်အပံ့တွေ ဝင်ရောက်နိုင်တာဖြစ်တယ်။
ကုလသမဂ္ဂနဲ့ USAID အပါအဝင် နိုင်ငံတကာအဖွဲ့တွေက အမေရိကန် ဒေါ်လာ ၂၀. ၇ သန်းကျော် ထောက်ပံ့ခဲ့တယ်။ ကူညီသူတွေဟာ ဘေးဒုက္ခရောက်သူတွေဆီ တိုက်ရိုက်သွားခွင့်မရှိပါ။ ပြည်တွင်းက အလှူရှင်တွေကိုလည်း ဟန့်တားနှောက်ရှက်မှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ ပြည်ခိုင်ဖြိုးအဖွဲ့တွေက အလှူခံပစ္စည်းတွေကို ဘန်းပြပြီး အခြေခံဥပဒေမူကြမ်း လက်မှတ်ထိုးဖို့ မဲဆွယ်ခဲ့တာလည်း ရှိပါတယ်။
လူကြီးလာမယ်လို့ အကြောင်းပြပြီး ဒုက္ခသည်တဲတွေကို ဖျက်ခိုင်းတာ၊ အလှူရှင်ကားတွေကို ရပ်တန့်ပြီး ပိုက်ဆံပေးမှ မြို့ထဲအဝင်ခံတာ၊ ရေစိုစပါးတွေ ကြိတ်ခွဲရင် ဆန် ၃ ပုံ ၁ ပုံကို ယူဆောင်တာတွေအထိ လုပ်ခဲ့တယ်။ နိုင်ငံတကာက ပေးပို့လှူဒါန်းခဲ့တဲ့ အချိုရေပုလင်း၊ ရေသန့်ဗူး၊ နို့မှုန့်ဗူး၊ အားဖြည့်အစားအစာ၊ အဟာရ ချောကလက်၊ ရွက်ဖျင်တဲများ၊ ဆေးခြင်ထောင်၊ စောင်၊ အဝတ်အထည် အမျိုးမျိုး၊ နိုင်ငံတကာ ခေါက်ဆွဲထုတ်အမျိုးမျိုး၊ ဆေးဝါး၊ ဆန်အိတ်၊ သွပ်ပြား၊ မိုးကာ၊ အိမ်ဆောက်ပစ္စည်းမျိုးမျိုး၊ မီးစက်နဲ့ အမျိုးအမည်စုံ ပစ္စည်းတွေဟာ အရေအတွက် လျှော့နည်းမှု၊ ပျောက်ဆုံးမှုတွေ ဖြစ်နေသလို နောက်ပိုင်း ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေးနဲ့ စူပါမားကက်တွေမှာ ရောက်ရှိနေတာပဲဖြစ်တယ်။ တချို့ပစ္စည်းတွေဟာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တချို့က အလွဲသုံးစားကြတဲ့အထိဖြစ်ခဲ့တာကို စုံစမ်းမေးမြန်း သိရှိခဲ့ရတယ်။
မုန်တိုင်းကျရာဒေသတွေမှာ အချိန်မီ သောက်ရေသန့်မရလို့ သေဆုံးမှုတွေလည်း အများအပြားပါ။ ဝမ်းဖော ဝမ်းယောင်ဖြစ်ပြီး သေဆုံးသူတွေ များတယ်။ ဘိုကလေးနယ်က လူ ၂ သောင်းလောက်လောက်ရှိတဲ့ ဗြုန်းမွှေးကျွန်း ရွာကြီးမှာ လူ ၁၀၀ လောက်ပဲ အသက်ရှင်ကျန်တဲ့ သတင်းတပုဒ် ကြားရတယ်။ တရွာလုံး ရေအောက် ရောက်သွားတာပါ။ ရွာအတော်များများ ရေလွှမ်းပြီး ပျောက်ပျက်ကုန်တယ်။ တပတ်ကြာတဲ့အထိ လူ၊ ကျွဲ၊ နွားတွေရဲ့အလောင်းတွေ နေရာအနှံ့ တင်ကျန်နေလို့ စနစ်တကျ ရှင်းလင်းမြေမြုပ်နိုင်မှု မလုပ်နိုင်ခဲ့ဘူး။ စေတနာ့ဝန်ထမ်းတချို့ အဖမ်းခံရတယ်။ အသက်ရှင် အစာရေစာပြတ်လတ်လို့ ကယ်ဆယ်ထောက်ပံ့ရေး စက်လှေတွေ၊ မော်တော်တွေကို မျှော်လင့်အားကိုးရတယ်။ ကားလမ်းမတလျှောက် တရွာလုံး ထွက်အလှူခံရတယ်။
နာဂစ်အလွန် အခြေအနေကလည်း ပြန်လည် တည့်မတ်မလာသေးပါ။ စာရင်းလိမ်လည်မှု၊ အကျင့်ပျက်ခြစားမှု၊ မတရားသိမ်းပိုက်မှုတွေကြောင့် ဒီနေ့အထိ ဒေသတွင်းပြည်သူတွေ ဆင်းရဲချို့တဲ့နေဆဲပါ။ သောက်သုံးရေရှားပါးပြီး ကျန်းမာရေးနဲ့ လျှော်ညီအောင် နေခွင့်မရကြပါ။ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု၊ စီးပွားရေးချို့တဲ့မှုကို ရင်ဆိုင်နေရဆဲ။ နာဂစ်အပြီး အမျိုးသမီးငယ်တွေ၊ ကလေးငယ်တွေ လူကုန်ကူးခံရတာ၊ ရောင်းစားခံရတာ၊ ထိုင်း၊ တရုတ်၊ မလေးရှားတို့မှာ အလုပ်လုပ်ကိုင်ရတာတွေ ရှိတယ်။ နာဂစ်ကြောင့် ဒေသတွင်းပြည်သူတွေ ဆက်ခါဆက်ခါ အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရတယ်။
နာဂစ်နဲ့ အမြတ်ထွက်သွားသူက ထိုစဉ်က စစ်အစိုးရနဲ့ ဒီကနေ့ ပြည်ခိုင်ဖြိုး အစိုးရသာ ဖြစ်တယ်။ နာဂစ်ကနေ နိုင်ငံတကာ အထောက်အပံ့ ဒေါ်လာသန်း ၂၀ ကျော်ကို တန်ဖိုးသတ်မှတ်ပြီး အက်အီးစီနဲ့ လဲလှယ်သိမ်းပိုက်ခဲ့တယ်။ နာဂစ်ကို အကြောင်းပြုပြီး စစ်အစိုးရနဲ့ စီးပွားရေးပူးတွဲလုပ်ချင်တဲ့ နော်ဝေးအစိုးရ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတချို့နဲ့ NGO တွေ အပေးအယူလုပ်ချည်းကပ်ပြီး မြန်မာ့ စီးပွားရေး နိုင်ငံရေးလောကထဲ အနီးကပ် ချည်းကပ်ခွင့်ရလာတယ်။ နော်ဝေးနိုင်ငံကို မြန်မာ့နိုင်ငံရေး၊ တိုင်းရင်းသားအရေး ကျွမ်းကျင် နားလည်တဲ့အဆင့်ထိရောက်အောင် နာဂစ်က အောင်သွယ်ပေးခဲ့တယ်။
ပြည်ပနိုင်ငံတွေရဲ့ နယ်စပ်ဒေသ အတိုက်အခံတွေကိုပေးလှူတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေကို လျှော့ချ၊ ရုတ်သိမ်းပြီး ပြည်တွင်းထဲကို အာရုံစိုက်ခဲ့တယ်။ နယ်စပ်ဒေသ အခြေစိုက်အဖွဲ့တွေ အထောက်အပံ့ အခက်အခဲကြောင့် ကြာကြာတောင့်မခံနိုင်တဲ့ အခြေအနေရောက်သွားတယ်။
တချိန်ထဲမှာပဲ စစ်အစိုးရက ၂၀၀၈ နာဂစ်အခြေခံမူနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို တရားဝင် ဇွတ်အတင်းကျင်းပခဲ့တယ်။ ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီကနေ မဆလ ပါတီအဖြစ် လက်ဆင့်ကမ်းအမွေခံသလို ၁၉၈၈ နအဖ စစ်အာဏာရှင်ဘဝကနေ ယူနီဖောင်းချွတ် ပြည်ခိုင်ဖြိုး အစိုးရလက် အာဏာထိုးထည့်ပေးခဲ့တယ်။ အနှစ်သာရကတော့ ၁၉၆၂ အာဏာရှင် ဦးနေဝင်းနဲ့ မခြားနားပါ။
အစောပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ခိုင်ဖြိုးအစိုးရအပေါ် ပြည်သူတွေက ခါးသီးပြီး အယုံအကြည်မရှိလို့ အရပ်သားအစိုးရဟာ ဝိဉာဉ်မပါတဲ့ ရုပ်ခန္ဓာလိုဖြစ်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို လူထုအပေါ် သြဇာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ဝင်ရောက်ရွေးကောက်ခံပြီးနောက်မှာ ပြည်ခိုင်ဖြိုး အစိုးရဟာ သွေးစုတ်ဖုတ်ကောင်လို အသက်ဝင်လာပါတယ်။
နာဂစ်မုန်တိုင်းဟာ ပြည်သူတွေအတွက် ကံကြမ္မာဂြိုလ်ဆိုးဖြစ်ခဲ့ပေမယ့် လက်ရှိအစိုးရအတွက်ကတော့ ရုပ်ပြောင်းနာမ်ခွာ တန်ခိုးရှင်ဖြစ်တယ်။ ပြည်သူအများစုက နာဂစ်ဒဏ် အလူးအလဲခံရပေမယ့် အစိုးရအတွက် နာဂစ်ဟာ ကျေးဇူးရှင်ဖြစ်တယ်။ နာဂစ်ဖွဲ့စည်းပုံကြောင့် ရပ်တည်နိုင်တဲ့ အစိုးရဖြစ်တာမို့ ၂၀၀၈ ဖွဲ့စည်းပုံကို အရိုးကြေကြေ၊ အရေခမ်းခမ်း အသေအလဲ ကာကွယ်မှာဖြစ်တယ်။ ။
ကိုညို (အော်စလို)
၀၃ မေလ၊ ၂၀၁၄
သရုပ်ဖော်ပုံ - Frogner Parken မှ ပန်းပုရုပ်များ (ဓာတ်ပုံ-ကိုညို)
No comments:
Post a Comment