Tuesday, April 22, 2014

ဦးဝင်းတင် ကွန်မြူနစ်မဟုတ်မှန်း စစ်အစိုးရ ကောင်းကောင်းသိပါတယ် (ဂါမဏိ)

ဂန္ဓွီနှင့်အောင်ဆန်း မြန်မာနှင့်ကမ္ဘာ 

ဒီကနေ့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကြီးစိုးနေတာ ဗိုလ်ချုပ်အောင်ဆန်းက ဆပ်ဆော့ပြီး ဘီအိုင်အေထောင် လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့တာကြောင့်လား။ ဗိုလ်ချုပ်အောင်ဆန်းတို့ကသာ စစ်တပ်မထောင် တော်လှန်ရေးမလုပ်ခဲ့ရင် အခုလို စစ်အာဏာရှင်စနစ် ပေါ်မှာမဟုတ်၊ ဒါမှမဟုတ်လည်း ဗြိတိသျှ ကိုလိုနီအုပ်ချုပ်သူတွေက လက်အောက်ခံ ကိုလိုနီ စစ်တပ်ထဲ ကရင်၊ ကချင်၊ ချင်းတွေသာမက ဗမာတွေကိုပါ ဝင်ခွင့်ပေးခဲ့ရင် လက်နက်ကိုင်တပ် အသစ်ထောင် တော်လှန်ရေးလုပ်စရာမလိုဘဲ အိန္ဒိယလိုမျိုး လွတ်လပ်ရေး အေးအေးဆေးဆေးရပြီး ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားနိုင်တယ်။ ဗြိတိသျှတွေ သူတို့အကျိုးစီးပွားကို အတွက်မှားခဲ့လို့ တခြား ကိုလိုနီတွေလို ဗမာပြည်ကို ဓနသဟာယထဲတောင် ဆက်ထည့်မထားနိုင်ဘဲ နောက်ဆုံးမှာ စစ်အာဏာရှင်စနစ်ဆီရောက်သွားရတယ်လို့ ယူဆလို့ရမလား။ ဘီအိုင်အေ ထောင်တာ မှားသလား။ ရဲဘော် သုံးကျိပ်တို့ မှားသလား။ 

လက်နက်ဆိုတာ လူကိုသွေးကြွစေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါကြောင့် ကမ္ဘာမှာ စစ်တပ်တွေက အရပ်သားတွေအပေါ် ဗိုလ်ကျလွှမ်းမိုးလာပြီး နောက်ဆုံးမှာ နိုင်ငံရေးအာဏာ သိမ်းယူတာတွေအထိ ဖြစ်လာကြတာပါ။ ဒါပေမယ့် အခြေခံ နိုင်ငံရေးအဆောက်အအုံကောင်းပြီး လူထုအင်အားရှိနေရင်တော့ ဒီလိုမဖြစ်တာလည်း အားလုံး အမြင်ပါပဲ။ လက်နက်ကိုင် တော်လှန်ရေးနည်းနဲ့ တိုင်းပြည်ထူထောင်ခဲ့တဲ့နိုင်ငံတွေထဲမှာ တချို့က စစ်တပ် အာဏာသိမ်းတာတွေဖြစ်သွားပြီး တချို့မှာတော့ အရပ်သားအစိုးရတွေ ခိုင်မာနေကြတယ်။ 


အမေရိကန်၊ ပြင်သစ်၊ တောင်အာဖရိက၊ အဇ္ဇရေး၊ ဗီယက်နမ်၊ တရုတ်၊ ကျူးဘား၊ မြောက်ကိုးရီးယားနိုင်ငံတွေကို လက်နက်ကိုင် တော်လှန်ရေးနည်းနဲ့ ထူထောင်ခဲ့ကြတာ ဖြစ်တယ်။ ဒီကနေ့မှာ ကျူးဘား၊ မြောက်ကိုးရီးယား စတာတွေကို အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ကြပေမယ့် စစ်တပ် အာဏာရှင်နိုင်ငံတော့မဟုတ်ဘဲ ဖြစ်ခြင်းဖြစ်ရင် အရပ်သား အာဏာရှင်နိုင်ငံတွေလို့ပဲ ပြောလို့ရနိုင်ပါတယ်။ ဖိလိပိုင်၊ စင်္ကာပူ၊ မလေးရှားတို့ကျတော့လည်း လက်နက်ကိုင် တော်လှန်ရေးနည်းနဲ့ တိုင်းပြည်ထူထောင်ခဲ့တာ မဟုတ်ပေမယ့် အရပ်သားအာဏာရှင်စနစ်တွေ ကြီးစိုးခဲ့ကြတာ၊ ကြီးစိုးနေတာတွေ တွေ့ရတယ်။ 

နယ်လဆင်မင်ဒဲလားကတော့ တိုက်ပွဲသဏ္ဌာန်ဆိုတာ အားကြီးတဲ့အုပ်စိုးသူ တဖက်ရန်သူအပေါ်မှာ မူတည်တယ်လို့ ပြောခဲ့ပါတယ်။ အုပ်စိုးသူက အတိုက်အခံအပေါ် အကြမ်းဖက်တဲ့ နည်းနာတွေသုံးနေရင် အုပ်စိုးခံတွေအနေနဲ့ ပြန်လည် အကြမ်းဖက် တိုက်ခိုက်ဖို့ပဲရှိတယ်လို့ ပြောခဲ့တယ်။ တောင်အာဖရိကအစိုးရက အတိုက်အခံတွေအပေါ် ချုပ်ချယ် ကန့်သတ်မှုတွေ ရုပ်သိမ်းပေးပြီး တရားဝင်လှုပ်ရှားခွင့်တွေ ကမ္ဘာသိပေးတော့မှ မင်ဒဲလားတို့ဟာ လက်နက်ကိုင်တိုက်ပွဲကို “ရပ်နား” လိုက်တယ်။ (အပြီးရပ်စဲတာ၊ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်တာ မဟုတ်သေး) ဒီမိုကရေစီနည်းကျ အာဏာရလာတဲ့ တရားဝင် အစိုးရထံကိုသာ လက်နက်တွေအပ်မယ်လို့ ရပ်ခံခဲ့တယ်။ မင်ဒဲလား ခေါင်းဆောင်တဲ့ အေအင်စီနဲ့ တောင်အာဖရိက ကွန်မြူနစ်ပါတီတို့ဟာ အစိုးရရဲ့ ခြေလှမ်းတွေပေါ်မူတည်ပြီး လိုအပ်ရင်လိုအပ်သလို လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ ဥပဒေတွင်း တိုက်ပွဲ၊ စားပွဲဝိုင်းတိုက်ပွဲတွေကို လက်တွေ့အခြေအနေနဲ့ကိုက်ညီစွာ ကျွမ်းကျွမ်းကျင်ကျင် ဆင်နွှဲခဲ့ကြတယ်။ တိုက်ပွဲသဏ္ဌာန်တခုတည်းကိုပဲ တရားသေ မကိုင်စွဲခဲ့ပါဘူး။ 

အမေရိကန်နိုင်ငံသမိုင်းကို ပြန်ကြည့်ရင် ကနဦး အမေရိကန် လွတ်လပ်ရေးတိုက်ပွဲဝင်သူတွေဟာ ၁၇၆၅-၆၇ သွင်းကုန် သပိတ်မှောက်ရေးလှုပ်ရှားမှု၊ ၁၇၇၃ ဘော့စတွန် လက်ဖက်ရည်ပွဲ၊ ၁၇၇၄ အမေရိကတိုက်လုံးဆိုင်ရာ ညီလာခံလို အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ လုပ်ခဲ့တာရှိပေမယ့် လွတ်လပ်ရေးအတွက် အကြမ်းဖက်ရေး မဖက်ရေးကိစ္စကို ရေးကြီးခွင်ကျယ် မလုပ်ခဲ့ကြပါဘူး။ လွတ်လပ်ရေး ဒီမိုကရေစီရေး ဖက်ဒရယ်ရေးဆိုတဲ့ အရင်းခံ အတွေးအခေါ်ကိုသာ ပဓာနထားခဲ့တာ ဖြစ်ပါတယ်။ 

၁၇၇၅ ဧပြီလမှာ အမေရိကန် ပြည်သူ့စစ်တချို့နဲ့ ဗြိတိသျှတပ်တွေ တိုက်ပွဲစဖြစ်ပြီးနောက် ဇွန်လကျမှ ဒုတိယအကြိမ် အမေရိက တိုက်လုံးဆိုင်ရာညီလာခံက ဗြိတိသျှကို အကြမ်းဖက်တော်လှန်ဖို့ လက်နက်ကိုင်တပ် ဖွဲ့စည်းရေး ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။ ၁၇၇၆ ဇူလိုင်မှာ လွတ်လပ်ရေး ကြေညာလိုက်ပေမယ့် လုံးဝ အောင်ပွဲရတဲ့ ၁၇၈၁ နှောင်းပိုင်းအထိ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့ရတယ်။ ၁၇၈၃ ကျမှ တရားဝင် စစ်ပြေငြိမ်းစာချုပ်ချုပ်ပြီး အင်္ဂလိပ်က အမေရိကန် လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ရတယ်။ အမျိုးသား လွတ်လပ်ရေးစစ်ပွဲဆိုပေမယ့် ၁၇၇၈ ကစပြီး ပြင်သစ်၊ စပိန်၊ နယ်သာလန်နိုင်ငံတို့ကလည်း အင်္ဂလိပ်ကို အတိအလင်း ပါဝင်တိုက်ခိုက်ခဲ့ကြတယ်။ 

အမေရိကန်နိုင်ငံဟာ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ လွတ်လပ်ရေးရအောင် တိုက်ခဲ့ရပေမယ့် တခြား ဗြိတိသျှကိုလိုနီတွေဖြစ်တဲ့ ကနေဒါနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့ကတော့ အကြမ်းမဖက်တဲ့နည်းနဲ့ပဲ နောက်ဆုံးမှာ လွတ်လပ်ရေးရခဲ့ကြတယ်လို့ အများက ယေဘုယျ သိထားကြတယ်။ ဒီနိုင်ငံတွေရဲ့ လွတ်လပ်ရေးကို အကြမ်းမဖက်ရေးနည်းသဏ္ဌာန်ရဲ့ အောင်မြင်တဲ့နမူနာတွေအဖြစ် ထောက်ပြကြတယ်။ 

တကယ်တော့ အမေရိကန် တော်လှန်ရေးအောင်ပွဲခံပြီးနောက် ကနေဒါမှာလည်း အင်္ဂလိပ် ကိုလိုနီဘဝက လွတ်မြောက်ဖို့ လက်နက်ကိုင်ပုန်ကန်မှုတွေ ပေါ်ခဲ့တယ်။ ၁၈၃၇ မှာ မက္ကင်ဇီ နဲ့ ပက်ပင်နိုး တို့နှစ်ဦးခေါင်းဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေး ကနေဒါနိုင်ငံအနှံ့မှာ ပေါ်ပေါက်ခဲ့တယ်။ ၁၈၃၈ မှာ သူပုန်တွေ အရေးနိမ့်သွားခဲ့ပေမယ့် ကနေဒါ နိုင်ငံရေးအပေါ် ဘယ်လိုမှ ရှောင်လွဲမရနိုင်တဲ့ ဂယက်ရိုက်ခတ်ချက်တွေ ဖြစ်သွားခဲ့တယ်။ ၁၈၆၉ မှာ ရီးယဲလ် ခေါင်းဆောင်တဲ့ တိုင်းရင်းသား လူနီသူပုန်ထမှု ပေါ်ပေါက်ပြန်တယ်။ နောက်တနှစ်မှာ ဖြိုခွင်းခံရတယ်။ 

ရီးယဲလ် ခေါင်းဆောင်တဲ့ လူနီတိုင်းရင်းသားတွေဟာ ၁၈၈၅ မှာ ဒုတိယအကြိမ် သူပုန်ထပြန်တယ်။ ဒီတခါလည်း ရှုံးနိမ့်သွားပြန်ပြီး ရီးယဲလ်ကိုယ်တိုင် အဖမ်းခံရ ကြိုးပေး ကွပ်မျက်ခံလိုက်ရတယ်။ အမေရိကန်လို လုံးဝ အောင်မြင်တဲ့အထိ လက်နက်ကိုင်မတိုက်နိုင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကနေဒါရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အရေးပါတဲ့ အကျိုးပြုမှုတွေဖြစ်ခဲ့တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ 

သြစတြေးလျနိုင်ငံမှာတော့ ၁၈ဝ၄ ခု တကျွန်းစံ အိုင်ယာလန် နိုင်ငံရေးအကျဉ်းသားတွေ ပုန်ကန်ထကြွတာကို ဗြိတိသျှ အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းလိုက်ပြီး ခေါင်းဆောင်လုပ်သူကို ဖမ်းဆီးကြိုးပေးလိုက်တယ်။ ၁၈ဝ၈ မှာ ဒေသခံတပိုင်းဖြစ်လာတဲ့ ကိုလိုနီစစ်တပ်အရာရှိတွေက ဗြိတိသျှဘုရင်ခံရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုကို မကျေနပ်လို့ 'ရမ်အရက် သူပုန်ထမှု' လို့ နာမည်ကျော်တဲ့ ပုန်ကန်မှုလုပ်၊ ဘုရင်ခံကိုဖြုတ်ချပြီး တိုင်းပြည်ကို တနှစ်လောက် သိမ်းပိုက်အုပ်ချုပ်ခဲ့တယ်။ နောက်ပိုင်းမှာ သူပုန်ထသူတွေ အရေးယူခံရပေမယ့် အရေးပါတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပြုပြင်မှုတွေ လုပ်ပေးခဲ့ရတယ်။ ၁၈၅၄ မှာလည်း ယူရေးကား ရွှေတွင်းအလုပ်သမားတွေက မဲပေးခွင့်မရတဲ့ကိစ္စ၊ မတရား ဆက်ကြေးကောက်တဲ့ကိစ္စတွေကို မကျေနပ်လို့ လက်နက်ကိုင် ပုန်ကန်ပြန်တယ်။ ရက်ရက်စက်စက် နှိမ်နင်းခံလိုက်ရပေမယ့် သြစတြေးလျ လွတ်လပ်ရေးသမိုင်းမှာ အကြီးကျယ်ဆုံး သူပုန်ထမှု ဖြစ်သွားခဲ့တယ်။ 

ဂန္ဓွီဟာ ကမ္ဘာမှာ သြဇာအကြီးဆုံး၊ အထိရောက်ဆုံး အကြမ်းမဖက် လှုပ်ရှားရေးသမားစစ်စစ်ဖြစ်သလို ဒီမိုကရေစီကိုလည်း ဦးထိပ်ထားသူဖြစ်တယ်။ ဒါကြောင့် သဘာဝကျစွာပဲ သူဟာ ဖက်ဆစ်ဝါဒကိုဆန့်ကျင်ပေမယ့် ဒုတိယ ကမ္ဘာစစ်ဖြစ်တဲ့အခါကျတော့ စစ်ပွဲတခုလုံးကိုလည်း ဆန့်ကျင်ခဲ့တယ်။ ၁၉၃၉ စက်တင်ဘာ ၁၄ ရက် အိန္ဒိယ အမျိုးသားကွန်ဂရက် ကြေညာစာတမ်းမှာ အိန္ဒိယကို လွတ်လပ်ရေးပေးရင် မဟာမိတ်ဘက်က စစ်တိုက်ပေးမယ်လို့ သဘောထားချမှတ်တာကို ဂန္ဓွီကသဘောမတူပေမယ့် အများစုဆန္ဒကို နာခံခဲ့တယ်။ 

တကယ့် သူ့သဘောထား အစစ်အမှန်ကတော့ ဖက်ဆစ်ကို အကြမ်းမဖက်ဘဲ ဆန့်ကျင်ဖို့သာ ဖြစ်တယ်။ လွတ်လပ်ရေးရဖို့အတွက် အင်္ဂလိပ်ကို အကြမ်းမဖက်ဘဲ တိုက်ဖို့၊ ဖက်ဆစ်ဝါဒကိုလည်း အင်္ဂလိပ်က အိန္ဒိယကို လွတ်လပ်ရေးပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ လက်နက်ကိုင်မတိုက်ဘဲ အကြမ်းမဖက်တိုက်ပွဲဝင်ဖို့ကိုသာ သူ လိုလားတယ်။ အိန္ဒိယကို ဂျပန် မသိမ်းနိုင်ခဲ့လို့ ဖက်ဆစ်ကို ဂန္ဓွီနည်းနဲ့တိုက်ရင် ဘယ်လိုဖြစ်မယ်ဆိုတာတော့ ကမ္ဘာက တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကွန်ဂရက်ပါတီ ဗဟိုခေါင်းဆောင် အများစုသဘောထားကို သူ နာခံပြီး ဗြိတိသျှက လွတ်လပ်ရေးမပေးရင် စစ်ပွဲကို ဆန့်ကျင်မယ် (လွတ်လပ်ရေးပေးရင်တော့ ဂျပန်ကို လက်နက်ကိုင်တိုက်မယ်) လို့ တနိုင်ငံလုံးမှာ ထောင်ကျခံ လိုက်လံ ဟောပြောခဲ့တယ်။ 

“မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ အမေရိကန် နိုင်ငံရေးတွေးခေါ်ရှင် ဟင်နရီဒေးဗစ်သိုရူးရဲ့ ပြောင်မြောက်တဲ့အဆိုကို မြန်မာ့အခြေအနေနဲ့ အထူးကိုက်ညီအောင် လက်တွေ့ ကျင့်သုံးနိုင်ခဲ့သူကတော့ မြန်မာနိုင်ငံမှာ အပြောင်မြောက် အထူးချွန်ဆုံး စွယ်စုံရပညာရှင်တဦးဖြစ်တဲ့ ဦးဝင်းတင်ပဲ ဖြစ်ပါတယ်။ သိုရူးကတော့ ပြောင်မြောက်တဲ့ အတွေးအခေါ်တွေကို ထက်ထက်မြက်မြက် တွေးဆဖော်ထုတ်ခဲ့တဲ့ အမေရိကန်လူမျိုးတယောက်ဖြစ်ပေမယ့် လက်တွေ့ နိုင်ငံရေးနယ်ပယ်ထဲမှာတော့ ဒါလောက် ထဲထဲဝင်ဝင် မပတ်သက်ခဲ့ပါဘူး။ ဦးဝင်းတင်ကတော့ အတွေးအခေါ်တင်မကဘဲ လက်တွေ့နိုင်ငံရေးမှာရော အထွေထွေ စာပေ၊ ပန်းချီ၊ ဂီတအနုပညာပိုင်းတွေမှာပါ အားလုံးက လက်ဖျားခါရလောက်အောင် ထူးချွန်သူဖြစ်တယ်။

ဒေးဗစ်သိုရူးဟာ စာပေသမား၊ သဘာဝပတ်ဝန်းကျင်ပညာရှင်၊ ဒဿနပညာရှင်၊ လူမှုဝေဖန်ရေးသမား၊ အစိုးရ ဆန့်ကျင်ရေးသမားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက မက္ကဆီကိုနိုင်ငံကို ကျူးကျော်နယ်ချဲ့တဲ့စစ်ကို ဆန့်ကျင်တဲ့အနေနဲ့ အခွန်မပေးဘဲ အာဏာဖီဆန်လို့ ၁၈၄၆ ခုနှစ်မှာ ထောင်တရက်ကျခဲ့တယ်။ အဲဒီနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးဆိုတဲ့ကျမ်းကို ပြုစုခဲ့ရာမှာ ၂ဝ ရာစုကျမှ နာမည်ကြီး လူဖတ်များတဲ့ စာအုပ်ဖြစ်လာပြီး သိုရူးလည်း သူရဲကောင်းဖြစ်လာတယ်။ သိုရူးဟာ တိုင်းရင်းသား လူနီအခွင့်အရေး၊ ကျွန်စနစ်ဖျက်သိမ်းရေး၊ အလုပ်သမား အခွင့်အရေး၊ အမျိုးသမီးများမဲပေးခွင့်တို့ကိုလည်း တောင်းဆိုခဲ့တယ်။ 

လက်တွေ့ နိုင်ငံရေးလှုပ်ရှားမှုအနေနဲ့တော့ ကျွန်တွေကို ဥပဒေဘောင်အပြင်ဘက်ကကူတဲ့ 'မြေအောက် ရထားလမ်း' ဆိုတဲ့ အဖွဲ့ထဲဝင်လုပ်ခဲ့ပြီး ကျွန်တွေ ထွက်ပြေးအောင် လှုံ့ဆော်ကူညီ၊ကျွန်ပြေးတွေကိုဖွက်ပေး ထောက်ပံ့ကူညီပေးတာတွေ လုပ်ခဲ့တယ်။ အခြေခံအားဖြင့် အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေးအယူအဆ ခံယူထားပေမယ့် ကျွန်စနစ်ဖျက်သိမ်းရေး-ကျွန်သူပုန်ထရေးအတွက် အကြမ်းဖက် လက်နက်ကိုင်လှုပ်ရှားလို့ သေဒဏ်ပေးခံရသူ ဂျွန်ဘရောင်းကိုတော့ အတွေးအခေါ် ရပ်တည်ချက်အတွက် ဂုဏ်ပြု ချီးကျူးခဲ့တယ်။ 

အခုအခါ သိုရူးကို အများက အမေရိကန်နိုင်ငံရဲ့ 'အကြမ်းမဖက်တဲ့ မင်းမဲ့ဝါဒ' စတင် တည်ထောင်သူတဦးအဖြစ် သတ်မှတ်ကြတယ်။ ကျွန်စနစ်ဖျက်သိမ်းရေး အမေရိကန်ပြည်တွင်းစစ်ဖြစ်စ (၁၈၆၂) မှာပဲ ကွယ်လွန်ခဲ့လို့ အဲဒီစစ်ပွဲအပေါ် သူ့သဘောထားကို မသိလိုက်ရပါဘူး။ ယေဘုယျအကဲဖြတ်ရရင်တော့ သိုရူးဟာ အကြမ်းမဖက်ရေးသဏ္ဌာန်ကို ပိုလိုလားပေမယ့် သဏ္ဌာန်ထက် အနှစ်သာရပိုင်းကို အဓိကထားတယ်ဆိုတာ ဂျွန်ဘရောင်းအပေါ် သူ့သဘောထားတွေအရ ပြောနိုင်ပါတယ်။ 

ကိုယ်ကျိုးစီးပွားဆိုတာ ဗမာပြည်နဲ့တင် ထူးထူးခြားခြား သက်ဆိုင်နေတာ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမှာမဆို လူသားတွေဟာ ကိုယ်ကျိုးစီးပွားနောက် လိုက်ကြတာချည်းပါပဲ။ တဦးချင်း ကိုယ်ကျိုးစီးပွားကို အများအကျိုးစီးပွားနဲ့ မထိန်းနိုင်တဲ့ တိုင်းပြည်တွေမှာ စစ်အာဏာရှင်စနစ်၊ အရပ်သားအာဏာရှင်စနစ်တွေ ခေါင်းထောင်တာ ဓမ္မတာ ဖြစ်ပါတယ်။ ဦးဝင်းတင်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့လို လူမျိုးတွေကျတော့ အဲဒီလို တဦးချင်း ကိုယ်ကျိုးစီးပွားတွေကို အများပြည်သူ့ အကျိုးစီးပွားနဲ့ပြန်ထိန်းဖို့ အနစ်နာခံ ကိုယ်ကျိုးစွန့်နေတာဖြစ်တယ်။ ခေါင်းမာနေတာ၊ တင်းမာနေတာ မဟုတ်ပါဘူး။ ခေါင်းမာတယ်ဆိုတာ ကိုယ်ကျိုးစီးပွား အကြီးအကျယ်ရှိနေသူတွေရဲ့ လက္ခဏာသာ ဖြစ်ပါတယ်။ 

ဦးဝင်းတင်ဟာ ခိုင်မာပြတ်သားလှတဲ့ သံမဏိစိတ်ဓာတ်ကို ထောင်ထဲမှာ အလံမလှဲစတမ်း စိုက်ထူထားနိုင်တာ ကမ္ဘာသိ ဖြစ်ပါတယ်။ အဲသလို စွယ်စုံ ထူးချွန်ထက်မြက်လှသူတယောက်က စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ် အင်မတန် ကြံ့ခိုင်လှတဲ့အတွက်ကြောင့်ပဲ သူ့ကိုစစ်အစိုးရက လုံးဝ ပြန်မလွှတ်ပေးတာဖြစ်တယ်။ လက်ဝဲယိမ်းလို့ လွှတ်မပေးတာ မဟုတ်ပါဘူး။ ဦးဝင်းတင် ကွန်မြူနစ်မဟုတ်မှန်း စစ်အစိုးရ ကောင်းကောင်းသိပါတယ်။ ကွန်မြူနစ်စာအုပ်စာတမ်းဆိုပြီး စောမောင်-ခင်ညွန့်တို့ ဦးဝင်းတင်အိမ်က သိမ်းယူပြတဲ့စာအုပ်တွေမှာ ကွန်မြူနစ်ဆန့်ကျင်ရေးစာအုပ်တွေလည်း အတော်များများ ပါဝင်နေပါတယ်။ 

ကွယ်လွန်သူ ဖဆပလ ဦးကျော်ငြိမ်းလိုလူတောင် ကွန်မြူနစ်ဝါဒစာအုပ်တွေ ကိုယ်ပိုင်ဝယ်ယူ လေ့လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဦးဝင်းတင်လို ဘက်စုံလေ့လာသူ၊ ဘက်စုံ နှံ့စပ်ထူးချွန်သူတယောက်ဟာ ကွန်မြူနစ်ဝါဒစာအုပ်တွေကိုလည်း လေ့လာတာ ဘာမှမဆန်းပါဘူး။ ဒါတွေကို မသိနားမလည်ဘဲ ဦးဝင်းတင်လိုလူမျိုး စစ်အစိုးရက လွှတ်မပေးတာကို နားလည်မှုပေးသင့်တယ်လို့ သွားစဉ်းစားရင်တော့ စစ်ဗိုလ်ချုပ်တွေရဲ့အကွက်ထဲ ဝင်သွားပါလိမ့်မယ်။ စစ်အုပ်စု ကိုယ်ကျိုးစီးပွားတွေထဲက အရိုးအရင်းလေးများ စားရမလားဆိုပြီး ဆင့်ဟိုဒင်း ဟဝှာကောင်မျှော်တဲ့ဘဝ မဆိုက်ကြစေချင်ပါဘူး။ 

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံတကာနဲ့ မြန်မာ့သမိုင်းကြောင်းတွေ၊ လက်ရှိ အခြေအနေအရပ်ရပ်ကို ဘက်စုံဒေါင့်စုံ နှံ့နှံ့စပ်စပ် မသိနားမလည် မလေ့လာဘဲ စစ်အုပ်စုဘက်တော်သားတွေလုပ်သလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဝင်းတင်တို့ကို မဆင်မခြင် စော်ကားမိတာမျိုး မဖြစ်စေချင်ပါ။      ။

(ဦးဝင်းတင် အကျဉ်းစံ ၁၆ နှစ်မြောက်အမှတ်တရအဖြစ် ၂၀၀၅ ဇူလိုင်လက ရေးခဲ့သည်ကို နောက်ဆုံးတပိုဒ် ထပ်ဖြည့်စွက်ထားပါသည်။) 

ဂါမဏိ 

 

No comments: