Monday, April 21, 2014

ဦးဝင်းတင်အတွက် မော်ကျူရီ နယူးစ် (ကိုညို)

ထင်ရှားကျော်ကြားတဲ့ လူတယောက် အိုမင်းမစွမ်း အသက်အရွယ်ကြီးမြင့်ချိန်၊ ကျန်းမာရေးချို့တဲ့ပြီး နာမကျန်းဖြစ်နေချိန် ဒါမှမဟုတ် အသဲအသန်ဖြစ်နေချိန်ဆို ကျနော်တို့သတင်းသမားတွေဟာ အဆိုပါပုဂ္ဂိုလ်နဲ့ဆက်ဆိုင်တဲ့ သတင်းကို ဦးဦးဖျားဖျား ဖော်ပြနိုင်အောင် သူ မတိမ်းပါးခင် ကြိုတင်ပြီး သူ့အကြောင်း လက်လှမ်းမီသမျှ၊ စုဆောင်းထား၊ ကြိုတင် ရေးထားရလေ့ရှိပါတယ်။ ကွယ်လူသူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သင်္ဂြိုလ်ခြင်းမပြုမီ လူသေအလောင်းထားတဲ့ ရေခဲတိုက် (mortuary)မှာ နောက်ဆုံးအနေနဲ့ထားရှိထားတာကို တင်စားပြီး အဲလို သတင်းအချက်အလက် ကြိုတင်စုဆောင်းရေးသားထားတာကို မော်ကျူရီသတင်းလို့များ နာမည်ပေးရမလား မသိ။ 

“နိုင်ငံခြားမှာဆို သတင်းစာတိုက်ကြီးတွေမှာ မြေအောက်ခန်းရှိတယ်၊ နာမကျန်းဖြစ်နေတဲ့ တိုင်းသိပြည်သိ ပုဂ္ဂိုလ်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို အသင့်ရေးပြီး၊ သိမ်းထားတယ်။ နောက်ဆုံးသတင်းအတွက်၊ နေ့ရက်နဲ့ အချိန်ကိုသာ ကွက်လပ်ချန်ထားတယ်။ အဲဒီမှတ်တမ်းတွေ သိမ်းဆည်းထားတဲ့ မြေအောက်ခန်းကို မော်ကျူရီလို့ ခေါ်တယ်” လို့ ဒေါ်ခင်မျိုးချစ်က ပြောဖူးကြောင်း ဆရာမကြီး သာယာဝတီ စန်းစန်းနွဲ့က သူ့ဆောင်းပါးတခုမှာ ဖော်ပြခဲ့ဖူးပါတယ်။ 


ကျနော် သတင်းထောက်ဖြစ်လာတော့ အလျှဉ်းသင့်သလို သင်ကြားလေ့လာရတဲ့ ဂျာနယ်လစ်ဇင်းသင်တန်းတွေထဲက တိဘက်လူမျိုး ဂျာနယ်လစ်ဇ်တွေနဲ့ အတူတက်ခွင့်ရခဲ့တဲ့ နယူးဒေလီက သင်တန်းတခုမှာ မော်ကျူရီ နယူးစ်ကို ဘယ်လို ကြိုတင်ပြုစုရမယ်ဆိုတာလည်း အမေရိကား သင်တန်းဆရာတယောက်က ပြောဖူးပါတယ်။ 

အထူးသဖြင့် ရေဒီယိုနဲ့ ရုပ်မြင်သံကြား တီဗွီသတင်းတွေမှာ ထင်ရှားသြဇာကြီးမားတဲ့ လူပုဂ္ဂိုလ်တဦးတယောက် ကွယ်လွန်မှု၊ ကြီးကျယ်တဲ့ မတော်တဆ ဖြစ်ရပ်တခုခု သို့မဟုတ်၊ သဘာဝဘေးရန် သတင်းတခုပေါ်တာနဲ့ အဲဒီသတင်းနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲသတင်း တော်တော်များများကို ချက်ချင်းလိုလို နောက်ခံသမိုင်း မှတ်တမ်းမှတ်ရာတွေနဲ့တကွ ဖွယ်ဖွယ်ရာရာ ကြည့်ရှုနားဆင် ဖတ်ရှုခွင့်ကို ရတတ်ပါတယ်။ ဒါက မှတ်တမ်းမှတ်ရာတွေကို စနစ်တကျ သေချာသပ်ယပ်စွာ သိမ်းဆည်းပြီး အရေးပေါ်ရင် အရံသင့်အသုံးပြုနိုင်အောင် စီစဉ်နိုင်တဲ့ သတင်းသမား အရည်အသွေးလည်း ဖြစ်တယ်။ 

အထူးသဖြင့် ကမ္ဘာကျော် သတင်းစာတိုက်တွေ၊ ရုပ်မြင်သံကြားနဲ့ သတင်းမီဒီယာတွေက မှတ်တမ်းဌာနတခုကိုထားပြီး လုပ်ကိုင်တတ်ပါတယ်။ အိန္ဒိယမှာနေထိုင်ခဲ့စဉ်က နယူးဒေလီ ရုပ်မြင်သံကြား သတင်းဌာနတွေဟာ မော်ကျူရီသတင်းတွေကို အတော်ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ကြတာတွေ့ရတယ်။ ဥပမာ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဓီလုပ်ကြံခံရတဲ့ သတင်းတွေပေါ်ထွက်လာတာနဲ့ ဘရိတ်ကင်းနယူးစ်တွေအပြင် မှတ်တမ်းသတင်းတွေ၊ ဖီရှာတွေ၊ အင်တာဗျူးတွေ၊ အကဲဖြတ်ချက်နဲ့ သုသေသနတွေ အံ့မခန်း အဆက်မပြတ် ဖော်ပြတာကို တွေ့ဖူးပါတယ်။ 

ကျနော် အာအက်ဖ်အေ ရေဒီယိုသတင်းထောက်အနေနဲ့ အိန္ဒိယမှာနေထိုင် လုပ်ကိုင်ခဲ့စဉ်တလျှောက် မြန်မာပြည်က ထင်ရှားတဲ့ နိုင်ငံရေး၊ ဘာသာရေး၊ သတင်းမီဒီယာနဲ့ စာပေလောက က လူပုဂ္ဂိုလ်တွေအကြောင်း သတင်းရေးဖူးပါတယ်။ တချို့လူပုဂ္ဂိုလ်တွေအကြောင်း မော်ကျူရီလုပ်ထားပေမယ့် အများအားဖြင့် မလုပ်ဖြစ်ပါ။ ဆိုင်ရာမှတ်တမ်းတချို့တော့ သီးသန့်သိမ်းဆည်းထားတာမျိုး ရှိပါတယ်။ နာရေးသတင်းကြားကြားချင်း ကာယကံရှင် မိသားစုနဲ့ နီးစပ်သူတွေထံက ဆက်သွယ်မေးမြန်းရတာ၊ အတည်ပြုရတာတွေလည်း ရှိပါတယ်။ 

အခု ဆရာကြီးဦးဝင်းတင် (၈၅ နှစ်) ကွယ်လွန်တဲ့ သတင်းကြားလိုက်တော့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က ဆရာကြီးအတွက် မော်ကျူရီသတင်း ရေးဖို့ ပြင်ဆင်ခဲ့တာလေးကို သတိတရဖြစ်မိတယ်။ 

အဲဒီတုန်းက ဆရာကြီးက အင်းစိန်ထောင်ထဲမှာ ကျန်းမာရေးက သိပ်မကောင်းဘူးလို့ သတင်းတွေ ထွက်နေတယ်။ အသက်ကလည်း ၇၉ နှစ်လောက်ရှိနေပြီ။ နှိပ်စက်ညှဉ်းပမ်းမှုတွေနဲ့ နှစ်ပေါင်းများစွာ ဖြစ်သလို ချုပ်နှောင်ထားတဲ့ ဇရာအိုကြီးတယောက်မို့ ဘယ်သူမှ ကြာကြာခံမယ်လို့ ထင်မထားဘူး။ ဒီအဖိုးကြီးကတော့ ထောင်ထဲမှာပဲ သေမှာပါလို့ အားလုံးက တွက်ဆထားတာပါ။ အာအက်ဖ်အေ ဌာနမှူး အန်တီငြိမ်း (ဒေါ်ငြိမ်းရွှေ) ကလည်း ကျနော့်ကို ဦးဝင်းတင်အကြောင်း မော်ကျူရီလုပ်ထားဖို့ ဖုန်းဆက်ပြောတယ်။ ဒါကြောင့် သူ မသေခင် သူ့အကြောင်း သိထားတဲ့လူတွေကို ချည်းကပ်ပြီး ကြိုတင် မေးမြန်းဖို့ ပြင်ဆင်ရတာပေါ့...။ သူ့ နောက်ခံသမိုင်းအကျဉ်းတွေနဲ့ လှုပ်ရှားမှုတချို့ ဟိုတစ ဒီတစကို ဖိုင်တခုဖွင့်ပြီး သိမ်းထားလိုက်တယ်။ ပြီးတော့ ကြုံရင်ကြုံသလို ပြည်တွင်းက သတင်းစာဆရာတွေနဲ့ နီးစပ်သူတွေကို အင်တာဗျူးဖို့ ဆုံးဖြတ်ထားတယ်။ 

တနေ့တော့ ဆရာမောင်ဝံသ( ဦးစိုးသိမ်း)ကို သတင်းအချက်အလက်တခုနဲ့ပတ်သက်ပြီး အတည်ပြုမေးမြန်းခဲ့ရာက ဆရာကြီး ဦးဝင်းတင်အကြောင်း မော်ကျူရီလုပ်ဖို့ ပြင်ဆင်နေကြောင်းရှင်းပြပြီး ဆရာမောင်ဝံသကို ဦးဝင်းတင်နဲ့ပတ်သက်ပြီး သိသလောက် အမှတ်တရတွေပြောပြဖို့ မေတ္တာရပ်ခံပါတယ်။ ဆရာမောင်ဝံသက “ကျန်းမာရေးက အခြေအနေက အံ့မခန်းအောင် ကောင်းနေတာဗျ၊ ကျနော်တို့ထက်တောင် ကောင်းသေးတယ်၊ သတင်းဌာနတွေက သတင်း ကြိုတင်စုဆောင်းထားလေ့ရှိတာကတော့ မှန်ပါတယ်ဗျာ၊ ဒါပေမယ့် ဦးဝင်းတင် ကျန်းမာရေးဟာ အများတကာထင်သလို မဟုတ်ပါဘူး၊ ဒေါင်ဒေါင်မြည်ပါပဲ၊ သူက စိတ်ဓာတ်အင်မတန်ခိုင်မာသူဗျ” လို့ ရှင်းပြပြီး အခု သူ့အကြောင်းပြောဖို့ အရမ်းကို စောနေတဲ့အကြောင်း၊ ဦးဝင်းတင် အိုနေပြီ၊ နာနေပြီပဲဆိုတဲ့ အသိနဲ့ ကြိုပြောဖို့ ဦးဝင်းတင်ကို အားနာတဲ့အကြောင်း ကျနော့်ကို ပြောပါတယ်။ 

ဒါနဲ့ ကျနော်လည်း ဆရာမောင်ဝံသကို ဆက်မမေးတော့ဘူး၊ ဆရာ စိတ်အနှောက်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ရတယ်။ အဲ ဆရာမောင်ဝံသ ပြောခဲ့သလိုပဲ ဆရာကြီးဦးဝင်းတင်ရဲ့ ကျန်းမာရေးဟာ ဆရာ မောင်ဝံသထက်တောင် ကောင်းပါတယ်။ ဆရာမောင်ဝံသကပဲ ခရီးအရင်နှင်ခဲ့တယ်။ အဲဒီကတည်းက ဆရာကြီး ဦးဝင်းတင်ရဲ့ မော်ကျူရီအတွက် သတင်းအချက်အလက်တွေ ကြိုမရေးခဲ့ဘူး။ ပြီးခဲ့တဲ့ သတင်းပါတ်ကစလို့ ဆရာကြီး ဦးဝင်းတင် ကျန်းမာရေးမကောင်းတဲ့ သတင်းကြားတော့ အတော့်ကို စိတ်မကောင်းဖြစ်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်ပခရီးရောက်မဆိုက် နေ့ရက်ဆက် လူမမာကြည့်သွားနေတော့ စိတ်ထဲမှာ ထင့်ခနဲဖြစ်သွားတယ်။ သိပ်မထင်တော့ဘူး၊ ဆရာကြီး ဒီတခေါက်တော့ ဒီတောင်ကို ကျော်နိုင်ပါတော့မလား ...။ 

ကျနော် ဦးဝင်းတင်နဲ့ပတ်သက်တဲ့ဖိုင်ကို ပြန်မကြည့်ဖြစ်ဘူး၊ သူနဲ့ပတ်သက်ပြီး သူကိုယ်တိုင်ရေးထားတဲ့ ပုံနှိပ်ထုတ်ဝေပြီးစာတွေရော၊ သူ့အကြောင်းသူ့ကို ချစ်ခင်တဲ့ တခြား စာရေးဆရာဆရာတွေရဲ့ စာတွေရော သွားမထိဖြစ်ခဲ့ဘူး။ တချိန်က ဆရာမောင်ဝံသ မမြင်ချင်၊ မကြားချင်၊ မပြောချင်တဲ့ ခံစားချက်လေး ကျနော့်ရင်ထဲ မသိမသာ ဝင်လာတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ကတော့ သာယာဝတီ စန်းစန်းနွှဲ့ကို “မင်း သတင်းစာဆရာကောင်း ဖြစ်ပါစေနော်၊ မငိုရဘူး၊ မရယ်ရဘူး၊ အဖြစ်မှန်ကို မြင်အောင်ကြည့်၊ တိကျအောင်မှတ်တမ်းတင်ပြီး၊ သတင်းရေး၊ ကြားလား” လို့ သွန်သင်ခဲ့ဖူးပါတယ်။ 

သတင်းထောက်ဆိုတာ နာကျင်ပေမယ့်လည်း မာကျောရမယ်ဆိုတဲ့အသိလည်း ကျနော့်မှာ ရှိပါတယ်။ ဒါပေမယ့် ကျနော် သတင်းသမားကောင်းတယောက် ဖြစ်မလာသေးပါဘူး။ ဆရာမကြီး လူထုဒေါ်အမာ၊ ကဗျာဆရာကြည်အောင်၊ ဆရာမောင်ဝံသ၊ အဆိုတော် ထူးအိမ်သင်၊ အဆိုတော် ခင်မောင်တိုးတို့ ကွယ်လွန်တော့ ကျနော် သတင်းဆောင်းပါး မရေးနိုင်ခဲ့ပါ၊ ကိုယ့်တာဝန်ပျက်ကွက်ခဲ့တယ်။ သိပ်ကို လေးစားချစ်ခင်သူတွေ ကွယ်လွန်ရင် ကျနော် စာရေးလို့မရတာ ကြာပါပြီ။ သူတို့မှတ်တမ်းဖိုင်လည်း မဖွင့်နိုင်ခဲ့ပါ။ အခု ဆရာကြီးအကြောင်း စုဆောင်းထားတဲ့ ဦးဝင်းတင်ဖိုင်နဲ့ သူ့စာတွေကို ဖတ်နိုင်အောင် ကြိုးစားနေပါတယ်။ ပြီးတော့ ဆောင်းပါးလေးတပုဒ်တော့ ဖြစ်အောင် ရေးချင်ပါသေးတယ်၊ ကြိုးစားကြည့်မယ်။ ရေးနိုင်စွမ်းရှိမယ်၊ မရှိဘူးတော့ ကျနော်လည်း မသိသေးပါဘူး...။ 

ကိုညို (အော်စလို) 
၂၁ ဧပြီ၊ ၂၀၁၄ 


 

No comments: