Sunday, March 23, 2014

တိုင်းပြည်ကို ခြတွေ ကိုက်စားနေတယ် (ကိုညို)

လွန်ခဲ့တဲ့မတ်လ ဒုတိယပတ်က သမ္မတကြီးဦးသိန်းစိန် ရဲ့ ကျပ် ၃ သိန်းကျော်လွန်တဲ့ လက်ဆောင်ပစ္စည်း လက်ခံရင်၊ လာဘ်ပေးလာဘ်ယူလို့ သတ်မှတ်တဲ့အကြောင်း ဝန်ကြီးဌာနများအားလုံးကို အကြောင်းကြားစာရေးပို့ခဲ့ပြီးတဲ့နောက် မီဒီယာနဲ့ ပြင်ပလောကမှာ သမ္မတကြီးအပေါ် လှောင်ပြောင်သရော်စာနဲ့ ကာတွန်းတွေ ပေါ်ထွက်လာပါတယ်။

လွတ်လပ်ရေးရပြီးခေတ်ကစလို့ ဒီကနေ့အချိန်ထိ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ လာဘ်ပေးလာဘ်ယူမှု၊ အခွင့်အာဏာ အလွဲသုံးစားမှုနဲ့ ငွေများငွေနိုင် အဓမ္မတရားတွေ တစတစကြီးထွားလာနေတာ စာဖတ်သူတို့ ကိုယ်တွေ့ပါ။ မိမိရဲ့ သမ္မတသက်တမ်းမှာ အစဉ်အလာဆိုးကြီးကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေရမယ့်အစား ဝန်ကြီးဌာနတွေကို အနည်းဆုံး တရားဝင် ငွေကျပ် ၃ သိန်းတန်ဖိုးကို လက်ဆောင်အဖြစ် ပေးနိုင်ကြောင်း ဈေးဖြတ်လိုက်သလိုပါပဲ။ အမေရိကန် ဒေါ်လာ ၃၀၀ တန်လောက်ပေးရင် လာဘ်ငွေယူတယ်လို့ မသတ်မှတ်ပါဘူးလို့ သမ္မတကြီးက လူသိရှင်ကြား ကြေငြာပေးလိုက်တာပါ။


အမေရိကန်နိုင်ငံမှာတော့ ဒေါ်လာ ၂၀ ထက်ပိုတဲ့ လက်ဆောင်ကို လက်ခံရင် လာဘ်ပေးလာဘ်ယူမှုလို့ မြန်မာပြည်မှာ သတ်မှတ်တဲ့ ဒေါ်လာ ၃၀၀ လောက်ရှိတဲ့ လာဘ်ငွေတန်ဖိုးက ပိုကြီးတယ်လို့ ဆိုရမှာပါ။ အမေရိကန်က သာမန် အလုပ်သမားတယောက်ရဲ့ အနိမ့်ဆုံးဝင်ငွေဟာ ပျမ်းမျှ တနာရီ ၁၀ ဒေါ်လာရှိတာမို့ ဒေါ်လာ ၂၀ ဆိုတာ ၂ နာရီလုပ်အားခ ဖြစ်ပါတယ်။ မြန်မာပြည်မှာ လူတယောက်ရဲ့ အနိမ့်ဆုံးလစာဟာ တရက်လုံးမှ ပျမ်းမျှ ကျပ် ၅၀၀၀ ဝန်းကျင်ပဲရှိပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရာထူးသက်တမ်း ၃ နှစ်အတွင်း ဆင်းရဲမွဲတေမှု လျှော့ချရေး၊ လာဘ်ပေးလာဘ်ယူမှု ကင်းဝေးရေးဆိုတာ လေထဲ သစ်ပင်စိုက်သလို ဖြစ်နေပါတယ်။ လက်တွေ့မှာတော့ ဆင်းရဲသူတွေဟာ နဂိုကရှိခဲ့တဲ့ အိုးအိမ်လယ်ယာတွေ ကင်းမဲ့စေပြီး လာဘ်ပေးလာဘ်ယူမှုဆိုတာကလည်း မြန်မာ့ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတခုလို ဖြစ်နေပါတယ်။

မြန်မာပြည်လူ့အဖွဲ့အစည်း နယ်ပယ်အသီးသီးမှာ လာဘ်ပေးလာဘ်ယူမှု၊ အခွင့်အာဏာအလွဲသုံးမှု၊ ခြိမ်းခြောက်အကြပ်ကိုင် လုပ်ဆောင်စေမှု၊ ဖျားယောင်းသွေးဆောင်မှု၊ လိမ်လည်လှည့်ဖျားမှုတွေဟာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ တည်ရှိနေပါတယ်။ အာဏာရ အစိုးရ ခေါင်းဆောင်တွေနဲ့ စီးပွားရေးသမား လုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာ ဝန်ကြီးအဖွဲ့တွေနဲ့ စီးပွားရေးကုမ္ပဏီတွေ၊ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံအစိုးရ သံတမန်တွေဟာ ခေါင်းနဲ့ပန်းလို တဆက်တစပ်တည်း ဖြစ်နေပါတယ်။ နိုင်ငံတကာက အစိုးရဝန်ကြီးတွေဟာ မိမိတို့ပိုင်ဆိုင်မှုတွေကို တရားဝင်ဖော်ပြကြသလို၊ အခွန်ဌာနတွေကိုလည်း စာရင်းအထောက်အထားတွေ ပေးပို့ထားပြီးဖြစ်ရပါတယ်။

မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ ဝန်ကြီးတွေကတော့ ပိုင်ဆိုင်မှုဖော်ပြဖို့ လွှတ်တော်မှာ တင်ပြကြတာကိုတောင် လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်က ငြင်းဆန်ခဲ့ပါတယ်။ အစိုးရဝန်ကြီးတွေ၊ ခေါင်းဆောင်တွေ ဘယ်အချိန်က၊ ဘယ်လိုဝင်ငွေတွေနဲ့ ဘယ်လိုအားထုတ်ပြီး မီလျှံနာသူဌေးကြီးတွေဘဝ နေ့ချင်းညချင်းရောက်သွားမှန်း ဘယ်ပြည်သူမျှ သိခွင့်မရပါ။ မိမိတို့အိမ်နီးချင်းနိုင်ငံတွေမှာ လွတ်လပ်စွာ သတင်းအချက်အလက်များ သိရှိခွင့် (Right to Information) ဆိုတာ ရှိနေပေမယ့် ဒီမိုကရေစီစနစ် တည်ဆောက်နေတဲ့ မြန်မာနိုင်ငံမှာတော့ အများသိအောင် စွန့်စားသတင်းယူနေရတဲ့ သတင်းထောက်ကိုတောင် တရားစွဲနေတဲ့ဖြစ်အင်ပါ။

အစိုးရရဲ့မတရားခြစားမှုတွေ၊ အခွင့်အာဏာအလွဲသုံးစားမှုတွေကို စောင့်ကြည့်ပြီး ပြည်သူကို အသိပေးရမယ့်တာဝန်ရှိတဲ့ မီဒီယာအချို့ကိုယ်တိုင် အခွင့်အာဏာအလွဲသုံးစားမှုတွေ လုပ်နေပါတယ်။ မြန်မာပြည်ဆိုင်ရာသတင်းတွေ ထုတ်နေတဲ့ ပြည်တွင်း ပြည်ပ အခြေစိုက် ရေဒီယို၊ ရုပ်မြင်သံကြား မီဒီယာတချို့ဟာ အတွေ့အကြုံနဲ့ လုပ်သက်ရှိနေတဲ့ ဝန်ထမ်းအချို့ကို ခိုင်မာတိကျတဲ့ မူဝါဒနဲ့ စည်းကမ်းချမှတ်မှု၊ ကြိုတင်သတိပေးမှုမရှိဘဲ အလွယ်တကူ ထုတ်ပယ်ပြီး မိမိတို့နဲ့နီးစပ်သူတွေ၊ မိသားစုဝင်နဲ့ ဆွေမျိုးသားချင်းတွေကို အလွယ်တကူ အလုပ်ဆွဲခန့်တဲ့အထိ အခွင့်အာဏာ အလွဲသုံးစားမှုတွေ ကျူးလွန်နေတာ တွေ့ရတယ်။ ပြည်တွင်းက နစ်နာသူတွေက ဘယ်သူ့အားကိုးနဲ့ ဘယ်ကိုတိုင်ပြီး ဘယ်သူ့အရေးယူရမှန်းတောင် မသိနိုင်တဲ့ဘဝပါ။

တချို့သတင်းစာနဲ့ ဂျာနယ်တွေဟာ အဂတိလိုက်စားပြီး စီးပွားရေးကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေနဲ့သက်ဆိုင်တဲ့ သတင်းတွေကို သတင်းပုံစံ၊ ဆောင်းပါးပုံစံတွေနဲ့ ဝါဒဖြန့် ကြော်ငြာရေးသားတာမျိုးတွေအထိ တွေ့ရတယ်။ မိမိတို့ အကျိုးစီးပွားအတွက် သတင်းစာကျင့်ဝတ်ကို မထိန်းဘဲ စာဖတ်သူ ပြည်သူလူထုအပေါ် နားလှည့်ပါးလှည့်လုပ်နေပါတယ်။

အမှန်တော့ လာဘ်ပေးလာဘ်ယူမှုဆိုတာ တကမ္ဘာလုံးမှာ ဂယက်ရိုက်နေတာပါပဲ။ မိမိတို့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီစနစ်ကျင့်သုံးပေမယ့် အားကောင်းတဲ့ ဗျူရိုကရက်တွေရဲ့ ဗျူရိုကရေစီယန္တားရားနဲ့ လည်ပတ်နေတာမို့ အစိုးရနဲ့ အစိုးရဝန်ကြီးဌာနတွေအားလုံး အခွင့်အာဏာ အလွဲသုံးစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ အရှိန်ကြီးပါတယ်။ အစိုးရဘက်ကထုတ်ပြန်တဲ့ စစ်တမ်းတွေအရပဲ ၂၀၀၅ ခုနှစ်က အစိုးရဌာနဆိုင်ရာတွေရဲ့ ၆၂ ရာခိုင်နှုန်းဟာ လာဘ်ပေးလာဘ်ယူမှုတွေလုပ်ခဲ့သလို ၂၀၀၈ မှာတော့ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ ပညာရေးလောကတွေမှာပါ လာဘ်ပေးယူမှုတွေကြီးမားလာလို့ သတင်းမီဒီယာတွေက လျှို့ဝှက်စုံစမ်း ဖော်ထုတ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ နဲ့ ၂၀၁၂ ခုအတွင်း လာဘ်စားမှုပပျောက်ရေးလှုပ်ရှားမှုတွေနဲ့ စုံစမ်းဖော်ထုတ်မှုတွေ စောင့်ကြည့်မှုတွေ အရေးယူမှုတွေကို ပြည်နယ်တွေအနှံ့ လှုပ်ရှားခဲ့တယ်။

လူတန်းစားအစုံပါဝင်တဲ့ အမျိုးသားရေးအသွင် ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုမှာ ဘာသာရေးနယ်ပယ်၊ ဘောလီးဝုဒ် ရုပ်ရှင်နယ်၊ နိုင်ငံရေး၊ လူမှုရေးလောကထဲက သြဇာအရှိန်ကြီးသူတွေလည်း ပါဝင်ခဲ့လို့ နောက်ပိုင်းမှာ ကမ္ဘာက သြချလောက်တဲ့ လာဘ်ပေးလာဘ်ယူအဆင့်ကနေ လျှော့ကျသွားခဲ့တယ်။ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International)ရဲ့ ၂၀၁၃ ခု စာရင်းမှတ်တမ်းအရ အိန္ဒိယဟာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံထဲမှာအဆင့် ၉၄ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ၂၀၁၃ မှာ ၁၅၇ အဆင့်ရှိပြီး ၂၀၁၂ ခုနှစ်က အဆင့် ၁၇၂ နဲ့ ကမ္ဘာ့ခြစားမှုအများဆုံး ၅ နိုင်ငံစာရင်းထဲမှာ စတုတ္ထအဆင့်ဖြစ်ခဲ့တယ်။ လာဘ်စားမှုနည်းပါးတဲ့နိုင်ငံတွေကတော့ ဒိန်းမတ်၊ နယူးဇီလန်၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေး၊ စင်္ကာပူတို့ဖြစ်ပြီး မနှစ်ကအထိ ခြစားမှုအများဆုံးနိုင်ငံတွေဟာ ဆိုမားလီ၊ မြောက်ကိုးရီးယား၊ အာဖဂန်နစ္စတန်၊ ဆူဒန်နိုင်ငံတွေဖြစ်ကြတယ်။

အမေရိကန် အပါအဝင် နိုင်ငံကြီးတချို့မှာ အလှူအတန်းလုပ်တယ်ဆို အခွန်ပြန်နှုတ်ပေးတာမို့ တချို့စီးပွားရေးသမားတွေ၊ ကုမ္ပဏီပိုင်တွေ၊ နိုင်ငံရေးသမားတွေကလည်း အခွန်လျှော့နိုင်ဖို့ တချက်ခုတ် နှစ်ချက်ပြတ်သဘော လှူဒါန်းတာမျိုးတွေ ရှိပါတယ်။ ဥပဒေအရတော့ အလှူစာရင်းကို ကြေငြာရပါတယ်။ တိတ်တဆိတ် လာဘ်ထိုးတာမျိုးမရပါဘူး။ တချို့ကလည်း မိမိတို့ပိုင်ဆိုင်မှုတွေကို နိုင်ငံပြင်ပက ဘဏ်ကြီးတွေမှာအပ်နှံပြီး အခွန်ရှောင်တတ်ပါတယ်။ တချို့နိုင်ငံခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေ၊ အားကစားသမားတွေဟာ အခွန်ရှောင်လိုပြီး မိမိတို့ ကြွယ်ဝမှုကို လူသိမခံချင်လို့ ဆွိစ်ဇာလန် နဲ့ Virgin Iland တွေမှာ လုံခြုံစိတ်ချရပြီး အာမခံချက်ရှိလို့ အပ်နှံကြတာမျိုး ရှိပါတယ်။

တချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းတောင် ပြည်ပဘဏ်မှာ တိုင်းပြည်ရတနာတွေ အပ်နှံခဲ့သလို ဒီကနေ့ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တချို့နဲ့ စီးပွားရေးသမား၊ လုပ်ငန်းရှင်တချို့ စင်္ကာပူနဲ့ ဒူဘိုင်းနိုင်ငံဘဏ်တွေနဲ့ အစုစပ်လုပ်ငန်းတွေမှာ အပ်နှံရင်းနှီးမြှုပ်နှံတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ မြန်မာပြည်မှာ အုပ်ချုပ်သူတွေက စီးပွားရေးနဲ့ နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်မှု၊ အရေးယူလိုမှုလုပ်လိုလျှင် လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှုတွေနဲ့ စွတ်စွဲတရားစွဲဆိုပြီး အကျဉ်းချတာ၊ ရာထူးကထုတ်ပယ်တာမျိုးတွေလုပ်ခဲ့တဲ့ သာဓကတွေရှိပါတယ်။ ဥပမာ မဆလ ခေတ်က ထောက်လှမ်းရေးအရာရှိ ဦးဘိုနီ ပြည်ပက တန်ဖိုးနည်း ကာစီရိုအော်ဂင်လေး တင်သွင်းမှု၊ နအဖ ခေတ် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ မူဆယ် နယ်စပ်စစ်ဆေးရေးဂိတ် ခြစားမှု အရေးယူမှုပုံစံတွေဟာ ထင်ရှားတဲ့သာဓကတွေပါ။

ဥရောပနဲ့ အနောက်နိုင်ငံတွေမှာ မတရားလောဘနဲ့ စီးပွားရှာတာ လာဘ်ပေးလာဘ်ယူလုပ်တာတွေကို ရှက်ကြောက်တတ်ပါတယ်။ လက်ဆောင် အသေးအမွှားလေးတောင် ဂရုစိုက်ပါတယ်။ အများအားဖြင့် ပန်းစည်းလေးနဲ့သာ ကျေးဇူးတုံ့ပြန်မှုကနေ အခုနောက်ပိုင်း လာဘ်ပေးမှုတွေကို ဥပဒေလက်တလုံးခြားလုပ်ပြီး ကန်ထရိုက်လုပ်ငန်းတွေ၊ နိုင်ငံတကာ အထောက်အပံ့နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပရောဂျက်တွေကနေ အကျိုးတူဆောင်ရွက်တာတွေ ရှိနေပါတယ်။ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေကလည်း ကုမ္ပဏီတွေနဲ့ပူးပေါင်း ပရဟိတလုပ်ပြပြီး နောက်ကွယ်မှာ အခွန်လျှော့၊ အခွန်လွတ်ငြိမ်းခွင့်ရယူကြတာ ရှိပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရဦးဆောင်တဲ့ GONGO (Government’s NGO) အဖွဲ့အစည်းတချို့နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတချို့ကြားမှာလည်း အလားတူ ခြစားမှုသတင်းတွေ ပေါ်ထွက်နေပါတယ်။ လိုင်စင်မဲ့ကားကိစ္စဆိုတာကလည်း အခွန်ရှောင် လာဘ်ထိုးမှုနည်းလမ်းတမျိုးပါ။ ပြည်သူတွေသာ ထိခိုက်နစ်နာတာပါပဲ။ တချိန်က ပြည်ပ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ မီဒီယာအဖွဲ့တွေလည်း ခြစားအကျင့်ပျက်မှုတွေ ကျူးလွန်ခဲ့ကြတယ်။ ဒီကနေ့အထိလည်း တဖွဲ့နဲ့တဖွဲ့ ခြစားနေတဲ့အနာတချို့ကို ကြိတ်ကုနေရတယ်။ ယခင် နအဖ အစိုးရလက်ထက်မှာ နာဂစ်မုန်တိုင်း ဘေးဒုက္ခကျရောက်နေလို့ နိုင်ငံတကာက ထောက်ပံ့တဲ့အလှူငွေတွေ၊ ရုပ်ဝတ္တုပစ္စည်းတွေအပေါ်မှာတောင် FEC တွေရိုက်ထုတ်ပြီးတမျိုး၊ မိမိတို့အဖွဲ့အစည်းအတွက် လက်ဝါးကြီးအုပ်ထားမှုတဖုံနဲ့ အကျင့်ပျက်ခြစားမှုတွေ ကျူးလွန်ခဲ့ကြပါတယ်။

အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ပွင့်လင်းမြင်သာမှု (Transparency International) အဖွဲ့ရဲ့က “လာဘ်စားမှုများအပေါ် အရေးမယူမှုတွေရပ်တန့်ဖို့ အချိန်တန်နေကြောင်းနဲ့ ဥပဒေကို လက်တလုံးခြားလုပ်၊ ဟာကွက်တွေအသုံးချပြီး လာဘ်စားနေတာတွေ အစိုးရတွေက အရေးယူဖို့ ဆန္ဒမရှိမှုဟာ ပြည်တွင်းနဲ့ နယ်စပ်ဖြတ်ကျော် ဖြစ်ပွားနေတဲ့ လာဘ်စားမှုတွေကို ပံ့ပိုးပေးနေတယ်လို့ ထောက်ပြထားပါတယ်။

ကျနော်တို့နိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံလို့ သံဃာတော်တွေနဲ့ ပြည်သူအများစုက ကြွေးကြော်နေကြပေမယ့် လူ့ကျင့်ဝတ်ရဲ့ အခြေခံ ၅ ပါးသီလကိုတောင် တခြား ဗုဒ္ဓဘာသာနိုင်ငံတွေလောက် မထိမ်းသိမ်းနိုင်တာကို တွေ့ရတယ်။ မြန်မာ့အကျင့်ပျက်ခြစားမှုတွေက တခြား ဗုဒ္ဓဘာသာနိုင်ငံတွေထက်တောင် သာလွန်နေပါတယ်။ ပိုဆိုးတာကအဲဒီလို အကျင့်ပျက်ခြစားမှုတွေကိုတောင် ရှက်စရာ၊ ကြောက်စရာ၊ ရွံစရာလို့ မမြင်နိုင်တော့တဲ့အထိ နေရာပေး မြှောက်စားနေကြတာပဲ ဖြစ်တယ်။

ကံငါးပါး ကျူးလွန်နေသူတွေမှန်းသိပေမယ့် မသိချင်ယောင်ဆောင်ပြီး အားကိုးယုံကြည်နေတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့အနာဂတ်ဟာ ပျက်သုန်းမှုထဲ ချည်းနင်းဝင်ရောက်နေတာဖြစ်တယ်။ သီလ ကျင့်ဝတ် မရှိသူတွေလုပ်တဲ့ နိုင်ငံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေးတိုးတက်ရေး ငြိမ်းချမ်းရေးဆိုတာဘယ်နည်းနဲ့မှ အောင်မြင်နိုင်ဖွယ်အကြောင်း မမြင်ပါ။ ကိုယ်ကျင့်တရားမကောင်းသူတွေ၊ ကျင့်ဝတ်သီလကင်းသူတွေဦးဆောင်တဲ့ မီဒီယာလုပ်ငန်းဆိုတာလည်း ပြည်သူတွေရဲ့ အလင်းတံခါးနဲ့ ဉာဏ်မျက်စေ့ကို ဖွင့်ပေးနိုင်မှာမဟုတ်ပါ။ ဒါကြောင့် ဒီကနေ့ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ တိုင်းပြည်အတွက် ဂုဏ်အသေရေ ညှိုးနွမ်းစေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို လူတန်းစားအစုံက အမျိုးသားရေးတာဝန်တရပ်လို ဆန့်ကျင်တိုက်ဖျက်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။ ။

ကိုညို (အော်စလို) 
၂၀ မတ် ၂၀၁၄

(၂၃ မတ်လထုတ် ဒီမိုကရေစီတူဒေး သတင်းစာပါ ဆောင်းပါး) 

No comments: