ဒီနေ့ မတ်လ ၂၀ ရက် ညနေ ၅ နာရီ ၅၇ မိနစ်မှာ အီကွေတာပေါ် နေတည့်တည့်ကျလို့ နေ့နဲ့ည အချိုးညီတဲ့နေ့ဖြစ်တယ်။ အနောက်နဲ့ ဥရောပနိုင်ငံတွေမှာ နွေဦးကို စတင်တဲ့နေ့လည်းဖြစ်တယ်။ မနက်ဖန်ကစပြီး နေ့တာရှည်တော့မယ်။ နော်ဝေးမှာတော့ ဆောင်းရာသီဆို နေ့အလင်းရောင်ကို မနက် ၉ နာရီကျော်မှာ စမြင်ရပြီး နေ့လည် ၂ နာရီဆို မိုးချုပ်သွားတယ်။ နာရီလက်တံ တနာရီ နောက်ဆုတ်ရတယ်။ အခုမတ်လကုန်ဆို နာရီလက်တံကို တနာရီ ရှေ့ပြန်တိုးရတော့မယ်။ နေရောင်ကို အကြာကြီးတွေ့ရတော့မယ်။ အော်စလိုမှာ နွေအခါဆို မနက် ၂ နာရီကျော်ရင် အရုဏ်တက်နေပြီး ည ၁၁ နာရီကျော်မှ မိုးချုပ်လိမ့်မယ်။ နော်ဝေးမြောက်ပိုင်းမှာတော့ နေက မဝင်တော့ဘူး။ ပင်လယ်ပေါ်မေးတင်ပြီး ပြန်တက်လာတာ။
ရေခဲတွေအောက်က မြက်ခင်းစိမ်းတွေပေါ်လာပြီ။ တချို့သစ်ပင်တွေ ပရစ်ဖူးငုတ်စတွေ မြင်ရပြီ။ နွေဦးမှာ အစောဆုံးပွင့်တဲ့ နော်ဝေးလို လဲဗက်တန်းလို့ခေါ်တဲ့ ( လဲဗက်ဆိုတာ ခြသေ့င်္၊ တန်းဆိုတာ သွား) ခြသေ့င်္ရဲ့သွားပန်းဝါဝါလေးတွေ စပြီး ပွင့်နေပြီ။ ဒီပန်းတွေက ရေခဲပြင်ကိုခွဲပြီး အစောဆုံးပွင့်တဲ့ပန်း၊ ပြီးတော့ တတောလုံး နေရာအနှံ့တောထ နေအောင်ပွင့်တဲ့ အရိုင်းပန်း။
တခါတုန်းက အဝေးပြေးကားလမ်းဘေးတနေရာမှာ ကားတချို့လမ်းဘေးထိုးရပ်ပြီး လူတချို့ လမ်းဘေးရေခဲပြင်ကို စူးစမ်းကြည့်နေတာ မြင်ဖူးတယ်။ ကိုယ်လည်း စပ်စုချင်တော့ သူတို့ ဘာကြည့်တာလဲဆိုပြီး သွားကြည့်တာ မြေကြီးပေါ်မှာ ရေခဲအစအနတွေကလွဲလို့ ဘာမှမတွေ့ဘူး။ ဒါနဲ့ ဘာဝိုင်းကြည့်ကြတာလဲဆိုတော့ နော်ဝေး အဖွားအိုတယောက်က လဲဗက်တန်း တဲ့ ...။ သေချာအောက်ငုံကြည့်တော့ ရေခဲကိုထိုးခွဲထွက်လာနေတဲ့ ခြသေ့င်္သွား ပန်းငုံ ပန်းဖူးလေးတွေ...။ ၆ လနီးပါး ရေခဲတွေနဲ့ အဖြူရောင်လွင်ပြင်ကြီးကို မကြာခင် ရောင်စုံလွင်ပြင်အဖြစ် စတင်ပြောင်းလဲပေးဖို့ ခြသေ့င်္သွားတွေဟာ တပ်ဦးကနေ အရင်ဆုံးချီတက်လာတဲ့ နွေဦးရဲ့သင်္ကေတဖြစ်တယ်။
နော်ဝေးလူမျိုးတွေဟာ သဘာဝကို သိပ်ချစ်တယ်။ အိမ်ခြေတိုက်တာ အဆောက်အဦတွေဆောက်တဲ့အခါ လိုအပ်သလောက် တောတွေ ခုတ်ထွင်ရှင်းလင်းကြပေမယ့် ရပ်ကွက်ထဲမှာ တောတွေတောင်တွေ သစ်ပင်တွေကို ဒီအတိုင်း သူ့သဘာဝလိုထားတယ်။ မြို့ဆိုပေမယ့် အာရှနိုင်ငံတွေလို တိုက်တာအဆောက်အဦ အမြင့်ကြီးတွေနဲ့ လူက တမင်စိုက်ပျိုးထားတဲ့ ပုံစံတူ၊ အရွယ်တူ သစ်ပင်တွေနဲ့ဖန်တီးထားတဲ့ အလှမျိုး မဟုတ်ဘူး။ သဘာဝပုံစံ၊ သဘာအလှ ပီပီပြင်ပြင်ပဲ။
ကျနော်ဟာ တောရိုင်းပန်းတပွင့်ကို တကူးတက ကားရပ်ပြီး ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေတာ၊ ချစ်နေကြတာကို ဒီနိုင်ငံရောက်မှ မြင်ဖူးတာ။ သူတို့တိုင်းပြည်၊ သူတို့မြေ၊ သူတို့သဘာဝကို ချစ်တယ်ဆိုတာ အဲလိုမျိုး...။ နေရောင်ကို ကြိုဆိုပါ၏လို့ လက်ရေးနဲ့ ရေးထားတဲ့ ပိုစတာလေးကိုကိုင်ပြီး နေကာမျက်မှန်ကိုယ်စီတပ်ထားတဲ့ အဖိုးကြီး၊ အဖွားကြီးတွေကို နွေဦးရဲ့တနေ့ ကော်ဖီဆိုင်မှာ ပျော်ပျော်ပါးပါး ထိုင်နေကြတာကို မြင်လိုက်ရတော့ ကမ္ဘာဦးလူသားတွေရဲ့ နေရောင်ကို မျှော်လင့်ငတ်မွတ်နေတဲ့ဆန္ဒကို ကိုယ်ချင်းစာတတ်သွားတယ်။
တောရိုင်းပန်းတွေကို တယုတယ ပန်းအိုးထိုးပြီး ဧည့်ခန်းဆောင်မှာထားတတ်သူ လူတွေ၊ သစ်ပင်နဲ့ သစ်တောတွေကို သဘာဝအတိုင်း မခုတ်မလှဲဘဲထားတတ်တဲ့ လူတွေ။ မသိကျွမ်းသူပဲဖြစ်ပစေ တယောက်နဲ့တယောက် လမ်းသွားရင်း မျက်နှာချင်းဆုံမိရင် ကလေးကအစ လူကြီးတွေအဆုံး ဟိုင်း...လို့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်တတ်၊ ပြုံးပြတတ်တဲ့ လူတွေ။ အကူအညီလိုလို့ မေးမြန်းရင် စိတ်ရှည်လက်ရှည် ကူညီတတ်တဲ့လူတွေ။ လူတွေရဲ့သဘောနဲ့ အလိုက်အထိုက်ကို နားလည်အကဲခတ်တတ်ပြီး၊ ငါးပါးသီလကို ဘုရားကျောင်းမသွားဘဲ လုံအောင်ထိန်းတတ်တဲ့လူတွေ။ လူတယောက်ကို တန်ဖိုးရှိတဲ့ လူတယောက်လိုသာမြင်ပြီး လေးစားတန်ဖိုးထားတတ်တဲ့လူတွေ။ သူကြိုက်တာသူ လွတ်လပ်စွာလုပ်၊ ကိုယ်ကြိုက်တာကိုယ် လွတ်လွတ်လပ်လပ်လုပ်ပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကူညီရိုင်းပင်းတတ်သူတွေ။ မနာလိုတာလည်း မရှိ၊ ပုတ်ခတ်စော်ကားတာလည်း မရှိ၊ အောက်လမ်းနည်းသုံး ညစ်ပတ်တာလည်း မရှိ၊ ကိုယ်နေရာရဖို့ သူများကို နင်းတက်တာမျိုးလည်း မရှိ၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် ရိုးရိုးသားသားပဲ နေထိုင်လှုပ်ရှားနေတဲ့ ဒီလူမျိုးတွေနဲ့ အတူနေထိုင်ရတာ... ကံကောင်းတယ်လို့ ဆိုရမယ်။
နော်ဝေးရဲ့နွေဦးဟာ လှလှပပ၊ မျှမျှတတနဲ့ အရောက်လာခဲ့ပြန်ပြီ။ အသက်တရာမရှည်သော်လည်း အမှုတရာမက ကြုံနေရဦးမယ့် လောကသားတယောက်အဖို့ လောဘ မရှိ၊ သောက မရှိ၊ ရိုးရိုးကျင့် မြင့်မြင့်ကြံပြီး သဘာဝကျကျ နေထိုင်လှုပ်ရှားသူတွေကြား သဘာဝတရားကြီးရဲ့ ရိုးစင်းမျှတမှုတွေ၊ သဘာဝတရားကပေးတဲ့ တရားဓမ္မတွေမှာ ပျော်မွေ့နှစ်ခြိုက်ခွင့်ရတဲ့ ကျေးဇူးတရားအပေါ် ကျေးဇူးအထပ်ထပ်တင်နေပါအုံးမယ်...။ ။
ကိုညို
၂၀ မတ် ၂၀၁၄။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment