(က)
ဆရာမြသန်းတင့်က ဆရာဂျိုဇော်၏ ဝတ္ထုတိုစာအုပ်တွင် အမှာစာရေးပေး၏။ ဝတ္ထုတိုစု၏ ခေါင်းစီးအမည်ကိုပင် မမှတ်မိတော့ ... ...။ သို့သော် ... ဆရာမြသန်းတင့်၏ အမှာစာကိုမူ အမှတ်ရနေဆဲ...။ ဆရာမြသန်းတင့်က ဆရာဂျိုဇော်၏ ဝတ္ထုတိုစုတွင်ပါသည့် ဝတ္ထုတိုတစ်ပုဒ်အား အမှာစာတွင် ကောက်နုတ်၍ဖော်ပြ၏။ “ချောင်းဟန့်သံ” ... ဝတ္ထုတိုဖြစ်သည်။ “ချောင်းဟန့်” တတ်သည့် စာရေးကြီးတစ်ဦး၏ အခက်ကြုံရပုံများအား ဆရာဂျိုဇော်က ရေးထားခြင်းဖြစ်သည်။ ဆရာမြသန်းတင့်က ဆရာဂျိုဇော်၏ “ချောင်းဟန့်သံ” အားဖတ်ရင်း သူလည်း “ချောင်းဟန့်” ချင်လာသည်ဟု ဆိုသည်။ ထိမ်း၍မရ ...။ “ဆရာမြ” အားပါးတရပင် ချောင်းဟန့်လိုက်ရသည်။
ဤကား ဆရာဂျိုဇော်၏ “ချောင်းဟန့်သံ” ဝတ္ထုတိုကြောင့် ဆရာမြသန်းတင့်ဖတ်ရင်း အခက်ကြုံရမှု...။ ကျနော်ကမူ ... ...။
(ခ)
ယခုရက်ပိုင်းအတွင်း ဝတ္ထုတိုနှစ်ပုဒ်အား အကြိမ်ကြိမ်ဖတ်ဖြစ်၏။ မဖတ်ဘဲလည်း မနေနိုင်။ ဖတ်ပြန်တော့လည်း အခက်ကြုံရသည်ဟု ဆိုရမည်။ ဆရာတို့၏ ဝတ္ထုတိုအနုပညာက ကြီးမားစွာ လွှမ်းမိုးရိုက်ခတ်လွန်းလှသည်။ ပထမတစ်ပုဒ်က ဆရာဖေမြင့်ရေးသည့် “မရဏာ နုသတိ” ဖြစ်သည်။ ၁၉၈၇ ခုနှစ်၊ ဇူလိုင်လထုတ် မြတ်လေး မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဝတ္တုတိုဖြစ်သည်။ ဒုတိယတစ်ပုဒ်က ဆရာထွန်းထွန်း(ဆေးသိပ္ပံ) ၏ “ဂုဏ်ပြုစာတမ်း” ဖြစ်၏။ ၁၉၇၇ ခုနှစ်၊ ဇွန်လထုတ် ရှုမဝမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဝတ္ထုတိုဖြစ်သည်။
(ဂ)
“မရဏာ နုသတိ” တွင် တစ်ဦးတည်းသော ဇာတ်ကောင်သာပါ၏။ အခြားဇာတ်ရံများ မပါ။ ဇာတ်ကောင်က ဒေါက်တာငွေရ ... ...။ အသက် ၂၆ နှစ်ရှိ ဆရာဝန်တစ်ဦးဖြစ်သည်။ အသည်းကင်ဆာရောဂါအား စတင်ရရှိပြီးဟူသည်အား သိရှိသည့်အချိန်မှစ၍ နောက်ဆုံးထွက်သက်ကုန်ချိန်အထိ ဒေါက်တာငွေရ၏ စိတ်အာရုံ၌ ခံစားရမှု ထွေပြားမှုများအား ဇာတ်ကောင်အား ပြန်၍ပြောနေသည့်ပုံစံနှင့် ရေးထား၏။
ခန္ဓာဗေဒဆိုင်ရာ သုတမပါသော်လည်း ... ... ဇာတ်ကောင်အား ကျောင်းပြီးစ ဆရာဝန်တစ်ဦးအား ထား၏။ ဆေးပညာဗဟုသုတရှိသူတစ်ဦး ဖြစ်စေလို၍ဖြစ်မည်။ တနေ့ ... ... ဒေါက်တာငွေရ၏ လက်ယာဘက်နံဘေးမှ နာသလို အောင့်သလိုဖြစ်သည်။ လက်သီးဆုပ်နှင့် ထုကြည့်၏။ နာသလို အောင့်သလိုက တိုး၍လည်း မနာလာ၊ ပျောက်၍လည်း မသွား... ...။ ဤနေရာတွင် ဘာရှိလဲ။ ဆရာဝန်ဖြစ်သည့် ဒေါက်တာငွေရက သိသည်။ အသည်း ... ...။ ဘာဖြစ်နိုင်လဲ ... ...။ အသည်းရောင် အသားဝါလား ... ...။ ဝမ်းကိုက်ပိုးတမျိုးမျိုး အသည်းတွင်ဝင်ပြီး အနာဖြစ်လို့လား ... ...။ ဒါမှမဟုတ် ... ... အသည်းကင်ဆာလား ... ...။ ဖြစ်နိုင်ခြေက အမျိုးမျိုး။ အသည်းရောင်အသားဝါဆိုရင် ပြဿနာမရှိ။ အနေအစားဆင်ခြင်ပြီး ဆေးဝါးမှီဝဲလျှင် ပျောက်နိုင်၏။ မသေနိုင်သေး။ အသည်းကင်ဆာဆိုလျှင် ... ...။ ခြောက်လလား ... တစ်နှစ်လား။ မတတ်နိုင်... ...။ နာသည်ကလည်း မခံမရပ်နိုင် ဖြစ်မလာ။ သို့နှင့် ဆေးဝါးစစ်ဆေးမှု မပြုလုပ်။
တနေ့ ... ...။ “အတန်ကြာသောတနေ့ ကျနော်နံဘေးကို အကျင့်ပါနေသည့်အလျောက် စမ်းကြည့်မိစဉ် လက်ယာဘက် နံရိုးစောင်းအောက်မှနေ၍ ခပ်မာမာ အစိုင်အခဲတစ်ခု ဝမ်းဗိုက်ပိုင်းသို့ ထွက်ပြူ၍နေသည်ကို စမ်းသပ်တွေ့ရှိလိုက်ရသည်။ ခေါင်းနပန်း ကြီးသွားသည်။ ကြက်သီးမွေးညှင်း ထသွားသည်။ အသည်းကြီးပါလား၊ နံရိုးထိပ်ဖျားကို စမ်းမိနေတာ ဖြစ်ပါစေ။ ဟင့်အင်း၊ အသည်း၊ အသည်းပဲ ဖြစ်မှာပါ။ ဟုတ်သည်၊ ကျနော့်အသည်းသည် အောက်ဘက်သို့ ကြီးထွား ထိုးထွက်နေချေသည်တကား။ ကြီးနေသည့်အစိတ်အပိုင်းက ခပ်မာမာ၊ နည်းနည်းဖိကြည့်တော့ နာလည်း သိပ်မနာ။ တစ်ကိုယ်လုံး ထူပူသွားသည်။ ကင်ဆာနဲ့ တူတယ်။ အသည်းကင်ဆာ၊ ဒါဆိုရင် သွားပြီ၊ လေးငါးခြောက်လ ... အကြိမ်ကြိမ်ဖတ်သည်။
ဖတ်သည့်အခါတိုင်း ဤနေရာရောက်လျှင် ကျနော် ဝတ္ထုတိုအား ဆက်၍ မဖတ်ဖြစ်တော့။ စာအုပ်အား ဘေးတွင်ချပြီး ကျနော့်လက်က ကျနော်၏လက်ယာဘက် နံဘေးဆီသို့ စမ်းကြည့်မိ၏။ နံရိုးအောက်နားက၊ နာသလို၊ အောင့်သလို။ ဖြည်းဖြည်းချင်း ကျနော်၏ လက်ဝဲဘက်လက်အား လက်ယာဖက်နံရိုးအောက်နားဆီသို့ နေရာရွေ့မိ၏။ ပထမ ... ... ... ဖိ၍မစမ်းရဲ။ ပြီးမှ ဖြည်းဖြည်းချင်း ဖိ၍စမ်းကြည့်မိသည်။ ကြီးထွားထိုးထွက်နေသော ကျနော့်အသည်းအား စမ်းမိမည်လား ...။ တော်ပါသေးရဲ့ ...။ သက်ပြင်းချမိ၏။ ပြီးလျှင် နာသလို၊ အောင့်သလို ဖြစ်နေသလား... ...။ မကွဲပြား... ...။
“မရဏာ နုသတိ” အား ဖတ်မိတိုင်း ကျနော်ပြုနေကျ ဖြစ်နေကျ။ ခံစားရနေကျ။ ခက်ပြီ။ ဆရာဖေမြင့်က ဒေါက်တာ ဖေမြင့်ဖြစ်သည်။ ဆရာဝန်စာရေးဆရာတစ်ဦး ... ...။ “ရဏာ နုသတိ” အား ဆရာဝန်တစ်ဦးမှ ရေးခြင်းမဟုတ်ဘဲ စစ်ဗိုလ်စာရေးဆရာတစ်ဦးက ရေးသော် ဤမျှ သြဇာလွှမ်းလိမ့်မည်မဟုတ်... ...။ ပြီးလျှင် ... ကျနော်ကိုယ်တိုင်ကလည်း သူရာမေရယ ကံအား မစောင့်ထိန်းခဲ့သည်မှာ ၁၀ နှစ်ခန့်ရှိခဲ့ပြီ... ...။
(ဃ)
ဒေါက်တာ မြင့်သိန်းထွန်းက စာရေးဆရာ ထွန်းထွန်း (ဆေးသိပ္ပံ)ဖြစ်သည်။ ဒေါက်တာ မြင့်သိန်းထွန်း ကွယ်လွန်သည့်အချိန်၌ အသက်က (၄၂)နှစ်... ...။ ဆရာထွန်းထွန်း (ဆေးသိပ္ပံ) “ဂုဏ်ပြုစာတမ်း” ဝတ္တုတိုအား ရေးသည့်အချိန်သည် အသည်းကင်ဆာရောဂါနှင့် ရန်ကုန်ဆေးရုံကြီး၏ ကင်ဆာအဆောင်တွင် တတ်ရောက်နေသည့် နောက်ဆုံးအချိန် ... ...။
အကြောင်းအရာက စာရေးဆရာက မောင်မောင်ထွန်းအား ဇာတ်ကောင်ထားသည်။ သူ၏ဇာတ်ကောင် မောင်မောင်ထွန်းသည် စာရေးသူကိုယ်တိုင်ဖြစ်ပြီး သူ သေဆုံးပြီးနောက် ကျင်းပမည့် ဈာပနအခမ်းအနားအား ရေးထားခြင်းဖြစ်သည်။ ဆရာထွန်းထွန်း (ဆေးသိပ္ပံ) က သူ မကွယ်လွန်မီ နောက်ဆုံးအချိန်၌ သူကွယ်လွန်ပြီး နောက်ပိုင်း အခြေအနေအား ရေးထားခြင်းဖြစ်သည်။ ၁၉၇၇ ခုနှစ် ဇွန်လထုတ် ရှုမဝမဂ္ဂဇင်းတွင်ပါရှိခဲ့သည့် “ဂုဏ်ပြုစာတမ်း” အား ဆရာထွန်းထွန်း (ဆေးသိပ္ပံ)သည် ဆေးရုံပေါ်၌ပင် ဖတ်ခဲ့ရသည်။
ကင်ဆာအဆောင်သို့မရောက်မီ ဒေါက်တာမြင့်သိန်းထွန်းသည်လည်း ဒေါက်တာငွေရကဲ့သို့ပင် လက်ယာဘက်နံဘေးမှ အောင့်သလိုလို၊ နာသလိုလို ဖြစ်ခဲ့မည်ပင်။ လက်နှင့်စမ်းကြည့်မည်...။ လက်သီးဆုတ်နှင့် ဖွဖွထုကြည့်မည် ... ...။ ဆရာဝန်တစ်ယောက်အနေဖြင့် ဖြစ်နိုင်ချေအား တွေးကြည့်မိမည်။ ထိုနောက် ... ...။ ရန်ကုန်ဆေးရုံကြီး ကင်ဆာအဆောင်သို့ ရောက်ခဲ့ခြင်းဖြစ်မည်။
“ဂုဏ်ပြုစာတမ်း” ၏ ပထမဦးဆုံးအဖွင့်ဝါကျအား အလွတ်ရ၍နေလေပြီ ... ...။ “မောင်မောင်ထွန်း တစ်ယောက်သေပြီ။ သူ၏ဝမ်းဗိုက်အား ဖောင်း၍နေ၏။ ခြေထောက်များက ဖောရောင်၍နေသည်။ မောင်မောင်ထွန်း မသေမီအချိန်အတွင်း အရက်အား မျှတစွာ မှီဝဲခဲ့ရဟန် မတူ ... ...” အလွတ်နီးပါးရနေသော စာကြောင်းများအားဖတ်မိရင်း ကျနော့်၏ဝမ်းဗိုက်အား ကြည့်မိ၏။ စူနေတာလား ... ...။ ရွဲနေတာလား ... ...။ ပြီးလျှင် ... လက်က အလိုလိုစမ်းမိပြန်၏။ လက်ယာဘက်နံဘေးက အောင့်သလိုလို ၊ နာသလိုလို ... ...။
ဆရာတို့နဲ့တော့ ... ... ခက်ပါပြီ။
No comments:
Post a Comment